Border News Agency
အမေရိကန်၊ သြဂုတ် ၁၃။
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့အကြားဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောသွားလာမှုဖြတ်သန်းနှုန်း အနိမ့်ဆုံးသို့ကျဆင်းသွားခဲ့ပေမယ့် အမေရိကန်အနေနဲ့ ရေလက်ကြားအားကို လုံးဝထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ သမ္မတဒေါ်နယ်ထရမ့်က ထပ်လောင်းအတည်ပြုပြောပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကင်းကွာနေချိန်မှာ ထရမ့်က သူရဲ့ Truth Social လူမှုကွန်ရက်မှာ ခုလိုပြောဆိုခဲ့တာဖြစ်ပြီး အီရန်ဆိပ်ကမ်းတွေကို အမေရိကန်ကပိတ်ဆို့ထားမှုမှာ ခိုင်မာတယ်လို့ဆိုပါတယ်။
စစ်ပွဲမဖြစ်ခင်က တနေ့ကိုသင်္ဘောအစင်းရေ တရာ့သုံးဆယ်မှ တရာ့လေးဆယ်အထိ ဖြတ်သန်းခဲ့တဲ့ရေလက်ကြားမှာ အင်္ဂါနေ့က သင်္ဘောရှစ်စင်းသာဖြတ်သန်းနိုင်ခဲ့တာကို Kpler ဒေတာအချက်အလက်တွေကိုကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
အီရန်ဘက်ကအမေရိကန်ရဲ့ ရေကြောင်းပိတ်ဆို့ထားမှု၊ပိတ်ဆို့အရေးယူမှုတွေနဲ့ ထိန်းချုပ်ခံထားရတဲ့ပိုင်ဆိုင်မှုတွေ ပြန်လည်မလွတ်မြောက်သေးသရွှေ့ ရေလက်ကြားအတွင်း ပုံမှန်သင်္ဘောသွားလာမှုကိုခွင့်ပြုမှာ မဟုတ်ဘူးလို့ဆိုပါတယ်။
အဲဒီအပြင် သြဂုတ်လ ၁၁ ရက်နေ့ကပင်လယ်ကွေ့ဒေသအတွင်း အမေရိကန်စစ်ဘက်ဆိုင်ရာ ဟာလီကော့ပတာတစင်းက ပနားမား အလံစိုက်ကုန်သင်္ဘောတစင်းကိုတိုက်ခိုက်မှုအပါအဝင် စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေသလို ယီမင်အခြေစိုက် ဟူသီအဖွဲ့ကလည်း ပင်လယ်နီထွက်ပေါက်မှာ တိုက်ခိုက်မှုတွေပြုလုပ်လာခဲ့ပါတယ်။







