Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ဦးနှောက်သော့ခတ်ခံထားရတဲ့ အုပ်ချုပ်ရေးနဲ့ တော်လှန်ရေး

Author picture

By

Swe Zin Htike
Reading Time: 5 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ သြဂုတ် ၁၄။

ဘယ်နိုင်ငံရေးဖြစ်စဉ်မှာမဆို အမှန်တရားနဲ့တရားမျှတမှုဟာ အခြေခံကျင့်ဝတ်အနေနဲ့ရှိရပါတယ်။ အမှန်တရားနဲ့ တရားမျှတမှု ကင်းကွာလာရင် အဲဒီနိုင်ငံရေးဖြစ်စဉ်၊အာဏာဖြစ်စဉ်ဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်နဲ့ဝန်ထုတ်ဝန်ပိုးဖြစ်တတ်ပါတယ်။

ဒီနေရာမှာ ကျင့်ဝတ်ပိုင်းအရ လုံးဝမချိုးဖောက်သင့်တဲ့အရာ (Non-derogable Rights) ဆိုတာ ရှိပါတယ်။ ဥပမာ- တော်လှန်ရေးကာလဖြစ်လို့ လူထုအပေါ် တရားလက်လွတ်ပြုမှုတာမျိုး၊ဖိနှိပ်တာမျိုးတွေဟာ လုံးဝမလုပ်သင့်တဲ့အရာထဲမှာပါပါတယ်။

တော်လှန်ရေးကာလဖြစ်လို့၊စစ်အာဏာရှင်ကို တိုက်ဖျက်နေတဲ့ကာလဖြစ်လို့၊အုပ်ချုပ်ရေးတွေ စတင်ထည်ထောင်ခါစဖြစ်လို့ ကျင့်ဝတ်တွေအကြောင်း မပြောဆိုနဲ့ဆိုတဲ့အမြင်ဘက်မှာ အန္တရာယ်အလွန်ကြီးတဲ့လားရာတွေရှိပါတယ်။

အဲဒီလို မပြောနဲ့ဆိုတဲ့အမြင်ဟာ တဘက်မှာ ဘာကိုအားပေးနေသလဲဆိုရင် တော်လှန်ရေးကာလဖြစ်လို့၊စစ်အာဏာရှင်ကို တိုက်ဖျက်နေတဲ့ကာလဖြစ်လို့၊အုပ်ချုပ်ရေးတွေ စတင်ထည်ထောင်ခါစဖြစ်လို့ လူထုကို အနိုင်ကျင့်လို့ရတယ်၊ဖိနှိပ်လို့ရတယ်၊ မတရားမှုကို ပြုလို့ရတယ်ဆိုတဲ့ သဘောမျိုးကို အားပေးသွားတာပါပဲ။

ဘာပဲဖြစ်ဖြစ် ရရင်ပြီးပြီ အယူအဆ

ဒီနေရာမှာ အီတလီအတွေးအခေါ်ပညာရှင် မက်ခီယာဗယ်လီ (Niccolò Machiavelli) ရဲ့ အယူအဆတစ်ခုရှိပါတယ်။

သူက “The end justifies the means” ဆိုပြီး အောင်မြင်တဲ့ရလဒ်သာထွက်တယ်ဆိုရင် အဲဒီနည်းလမ်းက ကောင်းတယ်ဆိုတဲ့ အမြင်မျိုးကိုပြောခဲ့ပါတယ်။ ရည်ရွယ်ချက်သာအောင်မြင်မယ်ဆိုရင် ဘာနည်းလမ်းနဲ့ပဲလုပ်လုပ် ကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

ညစ်ပတ်တဲ့လက်နဲ့ အဆိပ်ဖြေခြင်း

လူတယောက် အဆိပ်ပြင်းတဲ့မြွေကိုက်ခံရတယ်ဆိုပါစို့။

အဲဒီအချိန်မှာ သူနဲ့ပါလာတဲ့အဖော်က သူ့ရဲ့ညစ်ပတ်နေတဲ့လက်နဲ့ အဆိပ်ကိုထုတ်ဖို့အတွက် မြွေကိုက်တဲ့ဒဏ်ရာကို ကိုင်သင့်သလား။

လက်ကညစ်ပတ်နေလို့ပိုးဝင်သွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အခြေအနေမျိုးတွေရှိလာတတ်ပါတယ်။

ဒီနေရာမှာ မြွေဆိပ်ကို ချက်ချင်းထုတ်လိုက်ခြင်းက မြွေကိုက်ခံရသူရဲ့အသက်ကို ပိုပြီး ကယ်တင်ရာရောက်ပါတယ်။ မြွေဆိပ်ကို အကုန်ထုတ်လိုက်နိုင်လို့ ပိုးဝင်သွားရင်တောင် အဲဒီလူကချက်ချင်းမသေပါဘူး။ ပိုးဝင်သွားမှာစိုးလို့ မြွေဆိပ်ကိုမထုတ်ဘဲထားတာက ပိုပြီးအန္တရာယ်များပါတယ်။

မက်ခီယာဗယ်လီရဲ့ အမြင်အရဆိုရင် “ပိုးဝင်တာ မဝင်တာထက် မြွေဆိပ်အကုန်ထုတ်လိုက်နိုင်ရင်ရပြီ”ဆိုတဲ့ သဘောပါ။

အဲဒီတော့ “အာဏာရှင်စနစ်ကို ဘယ်သူပဲတိုက်တိုက်၊ဘယ်လိုပဲတိုက်တိုက် အာဏာရှင်ပြိုကျသွားရင်ရပြီ”၊ “ငါတို့ရဲ့အုပ်ချုပ်ရေးကို တည်ဆောက်တဲ့အခါ ဘယ်လိုပဲလုပ်လုပ် အုပ်ချုပ်ရေးခိုင်မာသွားရင်ရပြီ”ဆိုတဲ့ သဘောဟာ မက်ခီယာဗယ်လီပြောတဲ့ “ရလဒ်ထွက်ရင်ရပြီ” ဆိုတဲ့ သဘောနဲ့တူပါတယ်။

အဲဒီအယူအဆမှာ အခြေအနေကိုလိုက်ပြီး အစွန်းထွက်တန်ဖိုးတွေရှိလာပါတယ်။

မြွေဆိပ်မရှိတော့ဘူးဆိုတဲ့ ရလဒ်ကိုသာ အားနဲ့အင်နဲ့ပုံဖော်ရင်း “မြွေဆိပ်ကို ညစ်ပတ်တဲ့ လက်နဲ့ဖယ်ထုတ်ထားတယ်” ဆိုတာကို ဖျောက်ဖျက်ဖို့ လုပ်လာတတ်တဲ့ အခြေအနေမျိုး ရှိလာတတ်ပါတယ်။

အဲဒီလိုဖျောက်ဖျက်လိုက်လို့ ဒဏ်ရာထဲမှာ မြွေဆိပ်မရှိတော့ပေမယ့် ညစ်ပတ်တဲ့လက်ကြောင့် တခြားရောဂါပိုးတွေရှိနေတာဟာ ရေရှည်အတွက်စိတ်ချရတဲ့နည်းလမ်း မဟုတ်ပါဘူး။

အထိအခိုက်မခံသင့်တဲ့ကျင့်ဝတ် (Deontological Ethics)

မက်ခီယာဗယ်လီရဲ့ “ဘယ်လိုပဲလုပ်လုပ် ရလဒ်ထွက်ရင်ပြီးပြီ” ဆိုတဲ့ အယူအဆအပေါ် ဂျာမန်အတွေးအခေါ်ပညာရှင် အီမန်နူရယ် ကန့် (Immanuel Kant) က အလုံးစုံသဘောမတူပါဘူး။ အီမန်နူရယ် ကန့်က “The end does not justify the means” ဆိုတဲ့ “ရလဒ်ထွက်လာတိုင်း ကောင်းမယ်လို့ပြောလို့မရဘူး။”ဆိုတဲ့ ပုံစံနဲ့ပြန်ချေပပါတယ်။

ကန့်က ဒဏ်ရာထဲမှာ မြွေဆိပ်မရှိတော့ပေမယ့် ညစ်ပတ်တဲ့လက်ကြောင့် အခြားရောဂါပိုးတွေရှိနေတာဟာ ရေရှည်အတွက် စိတ်ချရတဲ့ အနေအထားမဟုတ်တာကို ပိုပြီးမီးမောင်းထိုးပြပါတယ်။

ကန့်က “ဘယ်လိုပဲဖြစ်ဖြစ် ညစ်ပတ်တဲ့လက်နဲ့ အဆိပ်ထုတ်ထားလို့ ပိုးဝင်နေတာကို” ပါ အရေးကြီးတဲ့အချက်အနေနဲ့ဖော်ထုတ်ဖို့လိုတယ်ဆိုတဲ့ သဘောတရားမျိုးကို ပိုပြီးဖော်ပြပါတယ်။

“မြွေဆိပ်ကို ချက်ချင်းထုတ်ဖို့ဟာ အရေးကြီးတယ်။ ဒါပေမယ့် မြွေဆိပ်မရှိတဲ့အချိန်မှာ ပိုးရှိနေတယ်။ အဲဒီပိုးကိုဖယ်ရှားဖို့အချက်ကို မြွေဆိပ်မရှိတော့ဘူးဆိုတဲ့ ရလဒ်ကိုပုံကြီးချဲ့ရင်း ဖျောက်ပစ်လိုက်လို့မရဘူး။ မြွေဆိပ်ကြောင့် မသေပေမယ့် ပိုးဝင်လို့သေတတ်တယ်။ တကယ်လို့ လူ့အသက်ကိုရှည်စေချင်တဲ့ စေတနာမှန်ရင် ‘ပိုးဝင်နေတာ’ ကို မဖျောက်ဖျက်သင့်ဘူး။”

မြွေဆိပ်ကို ထုတ်ပေးခြင်းရလဒ်အောက်မှာ လူတယောက်ကို ဘယ်လိုနည်းမှမစေခိုင်းသင့်ဘူးဆိုတဲ့ ခြွင်းချက်မဲ့ကျင့်ဝတ် (Categorical Imperative) ကို ကန့်ကဖော်ပြပြီး မက်ခီယာဗယ်လီရဲ့ အမြင်ကိုတုံ့ပြန်ပါတယ်။

ဒီနေရာမှာ ကန့်က အကြောင်းကြောင်းကြောင့် လိုက်နာရသော မူ (Hypothetical Imperative) နဲ့ ခြွင်းချက်မဲ့ကျင့်ဝတ် (Categorical Imperative) ကြားက ကွဲပြားမှုကိုလည်း ပြောပြပါတယ်။

မြွေဆိပ်ကို ချက်ချင်းထုတ်လိုက်ခြင်းက မြွေကိုက်ခံရသူရဲ့ အသက်ကို ပိုပြီးကယ်တင်ရာရောက်တာဖြစ်လို့ ဒီလိုအခြေအနေမှာ မြွေကိုက်ဒဏ်ရာကို ညစ်ပတ်တဲ့လက်နဲ့ကိုင်တာကို “အခြေအနေအရ လုပ်ရကိုင်ရတဲ့ ကျင့်ဝတ်၊ မူ (Hypothetical Imperative)” အဖြစ် ဖော်ပြပါတယ်။

ဒါပေမယ့် “အခြေအနေအရ လုပ်ရကိုင်ရမှု” ဟာ ခြွင်းချက်မဲ့ ကျင့်ဝတ် (Categorical Imperative) ကို မျက်ကွယ်ပြုလို့ မရဘူးလို့ ကန့်ကသတိပေးပါတယ်။

မက်ခီယာဗယ်လီနဲ့ အီမန်နူရယ်ကန့်

မက်ခီယာဗယ်လီ (၁၄၆၉-၁၅၂၇) က ဥရောပ ရီနေဆန်းခေတ် (Renaissance) ဆိုတဲ့ “အမှောင်ထုကင်း အလင်းရောင်အစ” ကာလ အီတလီမှာ ထင်ရှားခဲ့သူပါ။ အီမန်နူရယ်ကန့် (၁၇၂၄-၁၈၀၄) က ဥရောပ “ဉာဏ်သစ်အလင်းရောင်ကာလ (Enlightenment)” မှာ ဂျာမဏီ ပရပ်ရှားမှာထင်ရှားခဲ့သူပါ။

မက်ခီယာဗယ်လီ ကွယ်လွန်ပြီး အနှစ် ၂၀၀ နီးပါးကြာမှ အီမန်နူရယ်ကန့်ကို မွေးဖွားခဲ့တာပါ။

ကန့်က မက်ခီယာဗယ်လီရဲ့အတွေးအခေါ်တွေထဲက အားနည်းချက်တွေကို ပြန်ပြီးဖော်ထုတ်ကာ တုံ့ပြန်ချေပနိုင်သူတွေထဲက တဦးလည်း ဖြစ်ပါတယ်။

မက်ခီယာဗယ်လီရဲ့ အမြင်တွေကို ကြည့်မယ်ဆိုရင် သူဟာ ၁၅ ရာစုနှောင်းပိုင်းနဲ့ ၁၆ ရာစု ကနဦးပိုင်းတွေမှာ ပေါ်ပေါက်ခဲ့သူပါ။

အဲဒီမတိုင်ခင် ၁၃ ရာစုနှောင်းပိုင်းနဲ့ ၁၄ ရာစု ကနဦးပိုင်းတွေမှာ ဥရောပမှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကိုလည်း ကြည့်ဖို့လိုပါတယ်။

မက်ခီယာဗယ်လီမတိုင်ခင် ၁၄ ရာစုနှောင်းပိုင်းနှင့် ၁၅ ရာစုအစလောက်မှာ ဂျွန်ဟက်စ် (Jan Hus) တို့ပေါ်လာပါတယ်။

ဂျွန်ဟက်စ် မတိုင်ခင် ၁၄ ရာစု အစပိုင်း (၁၃၈၀ ပြည့်လွန်ကာလ) တွေမှာ ဂျွန်ဝိုင်ကလစ်ဖ် (John Wycliffe) တို့ပေါ်လာပါတယ်။

၁၃ ရာစုနှောင်းပိုင်းနဲ့ ၁၄ ရာစု ကနဦးပိုင်းတွေမှာ ဥရောပဟာ ခရူးဆစ်စစ်ပွဲတွေကနေ ကင်းလွတ်လာပါပြီ။

၁၄ ရာစုထဲမှာ ဥရောပမှာ ကြောက်လန့်စရာ ကပ်သုံးခုရှိခဲ့ပါတယ်။

၁၄ ရာစု အစပိုင်းမှာ ဥရောပတဝန်း သာယာဝပြောနေရာမှ ရာသီဥတုရုတ်တရက် အလွန်အမင်းအေးစက်စက်ဆက်လာပြီး မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့ပါတယ်။

အဲဒါကို သမိုင်းမှာ “ရေခဲခေတ်ငယ် (Little Ice Age)” လို့ ခေါ်ကြပါတယ်။

ရာသီဥတု ဖရိုဖရဲဖြစ်သွားလို့ ၁၃၁၅ ခုနှစ် နွေရာသီမှာ မိုးမစဲတဲ့ဒဏ်က စိုက်ပျိုးသီးနှံတွေကို မှိုတက်ကုန်ပြီး ဥရောပမြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာ လူဦးရေရဲ့ဆယ်ရာခိုင်နှုန်းမှတဆယ့်ငါးရာခိုင်နှုန်းခန့် ငတ်မွတ်ခေါင်းပါးသေဆုံးခဲ့ရပါတယ်။

ကလေးတွေကို စွန့်ပစ်၊အသေကောင်တွေကို စားရတဲ့ထိအခြေအနေ ဆိုးရွားခဲ့ပါတယ်။

ဥရောပရဲ့စီးပွားရေး၊လူမှုအဆောက်အအုံကိုပြိုလဲစေခဲ့တဲ့ ငတ်မွတ်ခေါင်းပါးမှုကြီး (The Great Famine of 1315-1317) ကပ်ဘေးပါ။

အဲဒီကပ်ကိုကျော်ဖြတ်ပြီး နောက်နှစ် ၂၀ အကြာမှာ အင်္ဂလန်နဲ့ ပြင်သစ်တို့ကြား ပြင်သစ်ထီးနန်းကိစ္စနဲ့ပတ်သက်လို့ စစ်ဖြစ်ကြပါတယ်။

အဲဒီစစ်ပွဲက ကြားမှာ ခေတ္တနားလိုက်၊တိုက်လိုက်နဲ့ နှစ်ပေါင်း ၁၁၆ နှစ်ကြာတဲ့ နှစ်တစ်ရာစစ်ပွဲ (Hundred Years’ War, 1337-1453) စစ်ပွဲပါ။

ဥရောပ အနောက်ဘက်မှာ နှစ်တစ်ရာစစ်ပွဲ အစပြုလာချိန်မှာ ဥရောပနဲ့ ဗဟိုအာရှအစပ် ပင်လယ်နက်ဒေသမှာ ကာဖာစစ်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

၁၃၄၅-၁၃၄၆ ခုနှစ်မှာ မွန်ဂိုစစ်နယ်စားဘုရင် ဂျင်နီဘက် (Jani Beg) က ပင်လယ်နက်ကမ်းခြေမှာ ဂျီနိုအာကုန်သည်တွေ ထိန်းချုပ်ထားတဲ့ ကာဖာ (Kaffa) မြို့ကို ဝိုင်းရံတိုက်ခိုက်တဲ့အခါ တိုက်ပွဲအတွင်း မွန်ဂိုတပ်ဖွဲ့တွေက ပလိပ်ရောဂါနဲ့သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို စက်လွှဲပစ်လက်နက် (Catapults) တွေပေါ်တင်ပြီး ကာဖာမြို့ရိုးအတွင်းထဲသို့ပစ်ထည့်ခဲ့ကြပါတယ်။

ကာဖာမြို့က ဂျီနိုအာကုန်သည်တွေလည်း သင်္ဘောတွေနဲ့ထွက်ပြေးတော့ သူတို့ကတစ်ဆင့် ဥရောပကို ပလိပ်ရောဂါပျံ့သွားပါတယ်။

၁၃၄၇ ခုနှစ်ကနေ ၁၃၅၁ ခုနှစ်အထိကာလတွေဟာ ရောဂါအပြင်းထန်ဆုံးကာလတွေဖြစ်ပြီး ဥရောပလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ သေဆုံးခဲ့ရပါတယ်။

အဲဒါကို သမိုင်းမှာ အမှောင်တိုက်ထဲသေဆုံးမှု (Black Death) လို့လည်းဆိုကြပါတယ်။

မက်ခီယာဗယ်လီက အကျပ်အတည်းထဲက အာဏာရဲ့ တည်ဆောက်မှုအပေါ် ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။

မက်ခီယာဗယ်လီမတိုင်ခင် ဥရောပလူ့အဖွဲ့အစည်းဟာ ခရူးဆိတ်စစ်ပွဲကနေ လွတ်ကင်းစ၊အဲဒီလိုရာသီဥတု၊စစ်ပွဲ၊ရောဂါကပ်တွေကို ခံရပြီး ရီနေဆန်းဖြစ်ဖို့အစပြုနေချိန်ပါ။

ပြီးရင် သူသက်ရှိစဉ်မှာ အီတလီ မြို့ပြနိုင်ငံငယ်လေးတွေဖြစ်တဲ့ ဖလောရင့်စ်၊ မီလန်၊ ဗီးနစ်၊ ပုပ်ရဟန်းမင်းပိုင်နယ်မြေတွေကြား အချင်းချင်းစစ်ပွဲတွေရှိနေသလို ပြင်သစ်၊ စပိန်ကျူးကျော်ဝင်ရောက်မှုကြောင့် အီတလီပြည် ပြိုကွဲမတတ်ဖြစ်နေရတဲ့ အနေအထားကိုလည်း ရောက်နေပါတယ်။

အဲဒီလိုအနေအထားမှာ အာဏာကိုတည်ဆောက်ထားတဲ့သူတွေရဲ့ သဘောကို မက်ခီယာဗယ်လီကဆန်းစစ်ခွင့်ရခဲ့ပါတယ်။

ဒါက မက်ခီယာဗယ်လီရဲ့ အနေအထားပါ။

လူမှုဗေဒဘက်က ကြည့်ရင်တော့ ကပ်ဘေးအစုံနဲ့ရှိနေတဲ့ လူ့အဖွဲ့အစည်းထဲမှာ လူတွေဟာ အကြောက်တရားတွေ၊ စိတ်ထိခိုက်စရာတွေ ရှိနေပါတယ်။

အဲလိုရှိနေတဲ့အခါ ဘာသာရေးအလွှာနဲ့ အာဏာရှိသူအလွှာဟာ ရှေ့ကိုပိုရောက်လာပါတယ်။ ဒုက္ခတွေကနေ ကယ်တင်ခြင်း (ဘုရားသခင်)နဲ့ ဘေးအန္တရာယ်မှအကာအကွယ်ပေးခြင်း (အာဏာပိုင်) တို့ဟာ လူတွေအတွက် အရေးကြီးတဲ့ နေရာကို ရောက်လာပါတယ်။

အဲဒီတော့ ဥရောပလူ့အဖွဲ့အစည်းရဲ့ အာဏာဟာ ဘာသာရေးအလွှာနဲ့ အုပ်ချုပ်သူတွေ လက်ထဲရောက်လာပါတယ်။

အဲဒီတော့ လုပ်ပိုင်ခွင့်အာဏာတွေကို ရထားတဲ့သူတွေဟာ သူတို့လုပ်ပိုင်ခွင့်အာဏာကို မြဲအောင်သာကြံဆလာပါတယ်။

လူတွေဟာ အကြောက်တရားနဲ့ ဒုက္ခတွေကနေ လွတ်ကင်းဖို့ ဘာသာရေးနဲ့ အုပ်ချုပ်ရေးကို ချဉ်းကပ်ကြပေမယ့် ဘာသာရေးနဲ့ အုပ်ချုပ်ရေးဟာ အာဏာကိုမြဲအောင်သာ အဓိကဦးတည်သွားပြီး လူတွေရဲ့ အကြောက်တရားနဲ့ ဒုက္ခကိုခုတုံးလုပ် အသုံးချလာတာပါပဲ။

အဲဒီတော့ အာဏာကို မောင်ပိုင်စီးလာပါတယ်။

အာဏာကို မောင်ပိုင်စီးလာတဲ့အခါ အာဏာရဲ့အရင်းအမြစ်တွေကို လူနားလည်ဖို့ကိုကြောက်လာပါတယ်။

အဲဒီလိုနဲ့ လူတွေရဲ့ ဦးနှောက်ကို သော့ခတ်ဖို့စဉ်းစားလာကြပါတယ်။

လူထုက အမှန်တရားနဲ့အသိပညာကိုသိရှိသွားရင် သူတို့ရဲ့စနစ်၊ အစိုးရ၊ အဖွဲ့အစည်းအပေါ် မေးခွန်းထုတ်စိန်ခေါ်လာပြီး သူတို့ အကျိုးစီးပွားကို ထိခိုက်မှာကိုစိုးရိမ်တာကြောင့်ပါ။

အဲဒီတော့ အာဏာရဲ့အရင်းအမြစ်ကို လူထုနားမလည်အောင် စတင်လုပ်ဆောင်လာရပါတယ်။

ဘယ်လိုလုပ်ဆောင်သလဲဆိုရင် ဘာသာရေးအလွှာဘက်က သူတို့ရဲ့အာဏာအရင်းအမြစ်ဟာ သမ္မာကျမ်းစာဖြစ်တယ်။

သမ္မာကျမ်းစာကို လူတွေနားမလည်အောင်လုပ်ထားမှ သူတို့ဘာသာရေးအလွှာရဲ့ အခင်းအကျင်းဟာအရေးပါနေမယ်။

လူတွေက သမ္မာကျမ်းစာမှာဘာတွေပါလဲဆိုတာကို သူတို့ကိုမေးနေမှ သူတို့လုပ်ချင်တာကို လုပ်လို့ရမှာကိုး။ သူတို့လုပ်နေတာဟာ သမ္မာကျမ်းစာနဲ့ ညီလား၊ မညီဘူးလားဆိုတာကိုတော့ လာမစစ်ဆေးနဲ့ဆိုတဲ့သဘောပါ။

အဲဒါကြောင့် သမ္မာကျမ်းစာကို ကိုယ်နားလည်တဲ့ဘာသာစကားနဲ့ ဖတ်ရှုခွင့်ကိုပိတ်ပင်ပါတယ်။

အဲဒါကို သမိုင်းမှာ “Vernacular Bible Ban” လို့လည်းခေါ်ပါတယ်။

အဲဒီခေတ်တုန်းက သမ္မာကျမ်းစာကို လက်တင်ဘာသာနဲ့ ရေးထားပါတယ်။ လက်တင်ဘာသာမတတ်တဲ့ တောသူတောင်သားတွေက သမ္မာကျမ်းစာထဲ ဘာတွေပါမှန်းမသိသလို ဘာသာရေးအလွှာတွေပြောတာကိုပဲလက်ခံနေရပါတယ်။

ဘာသာရေးအလွှာက သမ္မာကျမ်းစာကို ကိုယ်နားလည်တဲ့ဘာသာစကားနဲ့ ရေးသားဖို့ကို ပိတ်ပင်ရတဲ့အကြောင်းပြချက်က သမ္မာကျမ်းစာဟာ ဘုရားရဲ့ နုတ်ကပတ်တော်တွေဖြစ်လို့နက်နဲတယ်။ ကျယ်ပြန့်တယ်ပေါ့။

သာမန်လူတွေ တိုက်ရိုက်ဖတ်ရှုလိုက်ရင် အဓိပ္ပာယ်လွဲမှားနားလည်ပြီး ကိုယ်ဖတ်မိတာ အမှန်ဆိုတဲ့ “ကိုယ့်တွေ့သိတာ အမှန် အယူအဆ (Heresy)” တွေ ဖြစ်သွားပြီး ပြဿနာတွေရှိနိုင်တယ်ပေါ့။

အဲဒါကြောင့်ကျမ်းစာကို ဘုန်းတော်ကြီးများသာ ဖတ်ရှုအဓိပ္ပာယ်ဖွင့်ဆိုရမယ်။ သာမန်လူတွေက အဓိပ္ပာယ်မဖွင့်သင့်ဘူးဆိုတဲ့ သဘောမျိုးပါ။ ခက်တာက သာမန်လူကအဓိပ္ပာယ်ဖွင့်ဆိုဖို့ မသင့်ဘူးဆိုတာကနေ သာမန်လူအဆင့်က ဖတ်စရာမလိုဘူး၊ ငါတို့သာ ဖတ်မယ်ဆိုတဲ့ဘက်ကို ရောက်သွားတာပါပဲ။

အဲဒီနောက်မှာတော့ ငါတို့ပြောတာသာ အမှန်၊ငါတို့ပြောတာကို သမ္မာကျမ်းစာနဲ့ညီ၊မညီ လာမစစ်ဆေးနဲ့ဆိုတဲ့ အမှုအကျင့်တွေအထိ ဖြစ်ကုန်ကြပါတယ်။

ဒါပေမယ့် လူဆိုတဲ့အမျိုးက ဖိနှိပ်ရင် ပြန်တွန်းကန်တတ်ပါတယ်။ ဖိနှိပ်မှုဟာ နဂိုကပင်မရိုးသားတာဖြစ်လို့ သဘောတရားပိုင်းမှာ အားနည်းချက်တွေအလိုလိုရှိနေပါတယ်။

ငါတို့လုပ်တာ သမ္မာကျမ်းစာနဲ့ညီ၊မညီ လာမစစ်ဆေးနဲ့ဆိုတဲ့ သဘောက တဘက်မှာဘုရားထက်ရော၊ကျမ်းစာထက်ရော သူတို့က ပိုမြင့်သွားပါပြီ။ ပိုမြင့်တာက ကိစ္စမရှိပါဘူး။ ကိစ္စရှိတာက အဲလိုပြောဆိုမှုကို အခြေခံပြီး ဘာမှမသိတဲ့ ပြည်သူတွေရဲ့ ချွေးစာကို ခေါင်းပုံဖြတ်တဲ့အခါ အများကိုပါထိခိုက်လာပါပြီ။

၁၄ ရာစု အစပိုင်း (၁၃၈၀ ပြည့်လွန်ကာလ) တွေမှာ အင်္ဂလန်လူမျိုး ဂျွန်ဝိုင်ကလစ်ဖ် (John Wycliffe) က သာမန်လူတွေ နားလည်အောင် သမ္မာကျမ်းစာကို အင်္ဂလိပ်လိုပြန်ဆိုတော့ ဗာတီကန်နန်းတော်ကတားမြစ်ပါတော့တယ်။

၁၄ ရာစုနှောင်းပိုင်းနှင့် ၁၅ ရာစုအစလောက်မှာ ဂျွန်ဟက်စ် (Jan Hus) တို့ ပေါ်လာပြီး သမ္မာကျမ်းစာကို လူနားလည်အောင် မိခင်ဘာသာစကားတွေနဲ့ ဘာသာပြန်ပြီး ဘာသာရေးအလွှာရဲ့ အလွဲသုံးစားလုပ်နေတာတွေကို ရင်ဆိုင်ပါတော့တယ်။

အဲဒီတော့ဘာသာရေးအလွှာက သူတို့လုပ်ရပ်ကိုဝေဖန်တာဟာ ဘုရားသခင်ကိုစော်ကားတာလို့လုပ်ပြီး ဘုရားသခင်ကို အသုံးချပါတော့တယ်။

ဘုရားသခင်ဟာလည်း သူတို့လက်ထဲက အာဏာအတွက် အသုံးချစရာလက်နက်ဖြစ်သွားပါပြီ။

အဲလိုသူတို့ကိုဝေဖန်သူတွေ၊သမ္မာကျမ်းစာကို နားလည်အောင်လုပ်သူတွေကို မိစ္ဆာဒိဌိလို့ ကြေညာပြီး လူအသိုင်းအဝိုင်းက ဖယ်ကြဉ်ခြင်း (Excommunication) ပြစ်ဒဏ်ကို ပေးပါတယ်။

မိစ္ဆာဒိဌိတယောက်ကို ထမင်းမကျွေးရဘူး။ ရေမတိုက်ရဘူး၊တိုက်ရင် သေဒဏ်ကျမယ်ဆိုတဲ့ပုံစံမျိုးပါ။နောက်ဆုံးဂျွန်ဟက်စ်ကို အရှင်လတ်လတ် မီးရှို့သတ်ကြပါတော့တယ်။

ဂျွန်ဟက်စ် နောက်ပိုင်းမှာ မာတင်လူသာပေါ်လာပြီး ဘာသာရေးပြုပြင်ပြောင်းလဲရေး (Reformation) ဟာ ဥရောပမှာ ဖြစ်လာပြီး ပရိုတက်စတင့်ဂိုဏ်းပေါ်လာပါတော့တယ်။

မက်ခီယာဗယ်လီနဲ့ မာတင်လူသာတို့ဟာခေတ်ပြိုင်တွေပါ။ သူတို့နှစ်ယောက်စလုံးက ဘာသာရေးအလွှာက တလွဲတရှော်လုပ်နေတာတွေကို မနှစ်မြိုကြပေမယ့် မြင်ပုံမတူကြပါဘူး။

မက်ခီယာဗယ်လီဟာ ကက်သလစ်ဘာသာဝင်တဦးဖြစ်ပေမယ့် အဲဒီခေတ်ကကက်သလစ်အသင်းတော်နဲ့ ပုပ်ရဟန်းမင်းများ (Popes) ရဲ့ နိုင်ငံရေးအရ အကျင့်ပျက်ခြစားမှု၊ အာဏာမက်မှုတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

အီတလီနိုင်ငံ တစည်းတလုံးတည်းမဖြစ်ဘဲ စိတ်ဝမ်းကွဲနေရခြင်းရဲ့ အဓိကတရားခံဟာ ပုပ်ရဟန်းမင်းကြီးရဲ့ နိုင်ငံရေး ပရိယာယ်တွေကြောင့်လို့ သူကစွပ်စွဲခဲ့ပါတယ်။

အဲဒါကြောင့် ဘာသာရေးဟာ နိုင်ငံရေးနဲ့ကင်းကင်းနေသင့်ပြီး အီတလီနိုင်ငံကို ပြန်စုစည်းဖို့ မင်းသားတပါးလိုတယ်။

အဲဒီမင်းသားအနေနဲ့ အာဏာကို ဘယ်လိုတည်ဆောက်ရမယ်ဆိုတဲ့သဘောမျိုးကို သူကပြောပါတယ်။

နောက်ပြီး မက်ခီယာဗယ်လီက အာဏာရှိသူတွေဟာဘာသာရေးကျင့်ဝတ်တွေ၊သီလစံနှုန်းတွေကို ရွှန်းရွှန်းဝေအောင်ပြောပြီး သူတို့ရဲ့ ကြမ်းတမ်းဖောက်ပြန်တဲ့ ဗီဇကိုဖုံးကွယ်နေတာကိုလည်းမနှစ်မြိုပါဘူး။

အဲဒါကြောင့် သူ့ရဲ့ကမ္ဘာကျော် မင်းသားစာအုပ်ဟာ အာဏာရဲ့ ဖြစ်တည်မှုကို အတုံးလိုက် အထစ်လိုက်ရေးထားတာပါ။

မာတင်လူသာကတော့ ကက်သလစ်အသင်းတော်နဲ့ ပုပ်ရဟန်းမင်းများ (Popes) ရဲ့ နိုင်ငံရေးအရ အကျင့်ပျက်ခြစားမှု၊ အာဏာမက်မှုတွေဟာ သမ္မာကျမ်းစာနဲ့ မကိုက်ညီဘူး။ လူတွေကမှားနိုင်တယ်။ ပုပ်ရဟန်းဟာလည်း လူသားဖြစ်လို့ မှားနိုင်တယ်။

ဒါပေမယ့် ကျမ်းစာက မမှားဘူး။ ကျမ်းစာကို အဓိကထားရမယ်။ ဒါကြောင့် ကျမ်းစာကို လူနားလည်ဖို့လိုတယ်ဆိုတဲ့ အတွေးအမြင်ပါ။ ကျမ်းစာ (စည်းမျဉ်း၊စည်းကမ်း) ဟာ လူရဲ့အထက်မှာ ရှိရမယ်ဆိုတဲ့ သဘောဘက်ကိုနွယ်လာပါတယ်။

မက်ခီယာဗယ်လီက အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့မှာ သူ့ရဲ့ ထင်ရှားတဲ့ “The Prince (မင်းသား)” စာအုပ်ကို ၁၅၁၃ ခုနှစ်မှာ ရေးသားခဲ့ပါတယ်။

မာတင်လူသာက ဂျာမနီနိုင်ငံမှာ ကက်သလစ်အသင်းတော်ကို စိန်ခေါ်တဲ့စွပ်စွဲချက် (၉၅) ချက် စာတမ်း “The 95 Theses” ကို ၁၅၁၇ ခုနှစ်မှာ နယ်ခံရဟန်းမင်း ဘုရားကျောင်းတံခါးဝ၌ သံရိုက်နှက်ကပ်ပြီး လူထုကိုချပြပါတယ်။ နှစ်ယောက်စလုံးရဲ့ စာတွေကို ကက်သလစ်အသင်းတော်က ပိတ်ပင်ခဲ့ပါတယ်။ ဘယ်လိုပဲပြောပြော သူတို့နှစ်ယောက်ရဲ့အမြင်က ဥရောပကိုလွှမ်းမိုးမှု ရှိခဲ့ပါတယ်။

မက်ခီယာဗယ်လီက အာဏာကိုရဖို့အတွက်၊ အလုပ်ဖြစ်ဖို့အတွက် ကျင့်ဝတ်တွေ ဘာတွေကို ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အတွေးအမြင်ပါ။ မာတင်လူသာကတော့ အမှန်နဲ့ အမှားဆန်းစစ်မှုကို ဦးတည်ပါတယ်။

မက်ခီယာဗယ်လီနဲ့ မာတင်လူသာတို့ကွယ်လွန်ပြီး အနှစ်နှစ်ရာနီးပါးကြာမှ အီမန်နူရယ်ကန့်ကို မွေးဖွားခဲ့တာပါ။ ကန့်အပေါ် မာတင်လူသာရဲ့ အတွေးအမြင်ဟာလွှမ်းမိုးမှုရှိပါတယ်။

အမှောင်ဖုံးဝါဒ (Obscurantism)

အမှောင်ဖုံးဝါဒ (Obscurantism) ဆိုတာ လူထုကြားထဲမှာ အမှန်တရား၊ အသိပညာနဲ့ သတင်းအချက်အလက်တွေ ကျယ်ကျယ်ပြန့်ပြန့် မရောက်ရှိအောင်၊ လူတွေစိစစ်ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိအောင် စနစ်တကျသတင်းအချက်အလက်ဖုံးကွယ်ထားတာ၊ ဗဟုသုတပြန့်ပွားမှုကို တားဆီးထားတဲ့အတွေးအခေါ်ကိုခေါ်တာပါ။

အလယ်ခေတ်ထဲမှာ ကက်သလစ်အသင်းတော်က သမ္မာကျမ်းစာကို ဒေသခံဘာသာစကားနဲ့ ပြန်ဆိုရေးသားမှုကို ပိတ်ပင်တာမျိုး၊ ညစ်ပတ်တဲ့လက်နဲ့ မြွေဆိပ်ထုတ်ထားခံထားရတဲ့ အနာကိုကိုင်ပြီး ပိုးဝင်နိုင်တာကိုအသိမပေးတာမျိုးဟာ အမှောင်ဖုံးဝါဒ သဘောတွေပါ။

အမှောင်ဖုံးဝါဒဟာ ရိုးရှင်းမှုကို မကြိုက်ပါဘူး။ မလိုအပ်ဘဲ နားလည်ရခက်အောင်၊လက်လှမ်းမမှီအောင်၊မပြောရဲ မဆိုရဲ ဖြစ်အောင်၊ရှုပ်ထွေးနေအောင် ဖန်တီးထားပါတယ်။

ဒီနေရာမှာ မြင့်မြတ်သော မုသား (Noble Lie) ဆိုတာရှိပါတယ်။ လူ့အဖွဲ့အစည်းတခု စည်းလုံးစေဖို့အတွက် သမိုင်းကြောင်းအရ ထိခိုက်နိုင်တဲ့၊ ပဋိပက္ခဖြစ်နိုင်တဲ့ အမှန်တရားတွေကို ဖုံးကွယ်တာ၊ စစ်ပွဲကာလအတွင်း ပြည်သူတွေ ထိတ်လန့်တုန်လှုပ်မှု မရှိစေဖို့၊ စိတ်ဓာတ်မကျစေဖို့အတွက် စစ်မြေပြင် အခြေအနေအမှန်ကို ဖုံးကွယ်ပြီး သတင်းကောင်းများကိုသာ ဖော်ပြတာ၊ ပြည်သူတွေကို စိတ်ဓာတ်တက်ကြွအောင် လုပ်တာ၊ ဟီးရိုးပုံရိပ်တွေကို ချဲ့ကားပြတာ၊ သတင်းအမှန်ကိုထုတ်ပြန်ရင် လူတွေ ရုတ်ရုတ်သဲသဲဖြစ်သွားမှာကိုစိုးရိမ်ပြီး သတင်းအချက်အလက်အချို့ကို ဖုံးကွယ်တာတွေဟာ လူထုကို အထိအခိုက်မဖြစ်စေချင်လို့ လိမ်ရတဲ့၊ မြင့်မြတ်တဲ့ မုသား (Noble Lie) ဆိုတဲ့ အယူအဆပါ။

အမှောင်ဖုံးဝါဒ(Obscurantism)နဲ့ အဲဒီမြင့်မြတ်တဲ့မုသား(Noble Lie)ဟာ ဆက်စပ်မှု ရှိပါတယ်။

ညစ်ပတ်တဲ့လက်နဲ့ မြွေဆိပ်ကိုထုတ်ပစ်လိုက်ပြီး ပိုးဝင်နိုင်တာကိုအသိမပေးဘဲ မြွေဆိပ်မရှိတော့ဘူး။ မင်းဘာမှမဖြစ်တော့ဘူးလို့ ပြောနေတာမျိုးဟာမုသားပါပဲ။

လိမ်ရင်လည်း အလုပ်ဖြစ်တယ်ဆိုရင် အဆင်ပြေတယ်လို့ မက်ခီယာဗယ်လီက ပြောပေမယ့် အီမန်နူရယ်ကန့်က ဒါကိုလက်မခံပါဘူး။

ဒီနေရာမှာ မဟတ္တမ ဂန္ဒီ (Mahatma Gandhi) လည်း အီမန်နူရယ်ကန့်ရဲ့အမြင်ကို လက်ကိုင်ထားပါတယ်။

သူက “ရည်ရွယ်ချက်နဲ့ နည်းလမ်းဟာ သစ်စေ့နဲ့ သစ်ပင်လိုပဲ ခွဲခြားလို့မရပါဘူး” လို့ ဆိုခဲ့ပါတယ်။ မမှန်ကန်တဲ့ နည်းလမ်းနဲ့ အထမြောက်လာတဲ့ ရလဒ်ဟာ ဘယ်ခါမှတရားမျှတမှု မဖြစ်နိုင်ဘူးဆိုတဲ့ သဘောကို ဂန္ဒီကပြောခဲ့တာပါ။

ဦးနှောက်သော့ခတ်ခံရတဲ့ တော်လှန်ရေး၊နိုင်ငံရေး

အလယ်ခေတ်က ဥရောပမှာ ဘာသာရေးအလွှာက သမ္မာကျမ်းစာကို လူနားလည်ဖို့ကိုကြောက်လို့ ပိတ်ပင်သလိုမျိုး လက်ရှိ ရခိုင်အပါအဝင် မြန်မာနိုင်ငံရဲ့ တော်လှန်ရေး၊ နိုင်ငံရေးမှာလည်း ဦးနှောက်ကိုသော့ခတ်တာတွေရှိနေပါတယ်။

ဘယ်လိုအုပ်ချုပ်ရေးစနစ်၊ ဘယ်လိုနိုင်ငံရေးစံ၊ တန်ဖိုးကျင့်ဝတ်တွေ၊ မူဝါဒကို ကိုင်စွဲထားလဲလို့ မေးလာရင် မေးလာသူကို ရန်ရှာကြမှာပါ။ ဒါတွေကိုလာမမေးနဲ့။ လက်ရှိမှာ တော်လှန်ရေးအောင်မြင်ဖို့လိုတယ်လို့ ပြောနေရင်းနဲ့ကို အာဏာရှင်ကို မကြိုက်လို့ တော်လှန်သူတွေထဲမှာ လူထုကိုခြိမ်းခြောက်ဖိနှိပ်တဲ့ အပြုအမှုတွေရှိလာနေပါပြီ။

မတရားတာကိုမကြိုက်ဆိုသူတွေက မတရားမှုကိုလုပ်လာတာကို “ညစ်ပတ်တဲ့လက်နဲ့ မြွေဆိပ်ထုတ်တာ၊ အခြေအနေအရ လက်မဆေးနိုင်လို့ပါ” လို့ ပြောနေပေမယ့် လူထုဟာ ပိုးဝင်အနာရင်းကို ကိုက်ခဲလာတဲ့ နောက်ဆက်တွဲ အန္တရာယ်က ရှိနေပါတယ်။

မြန်မာ့တော်လှန်ရေးမှာ အများကအသိအမှတ်ပြုခံရတဲ့ ရခိုင်တော်လှန်ရေးထဲမှာလည်း မက်ခီယာဗယ်လီတွေများနေပါတယ်။

လူတွေရဲ့ အတွေးအမြင်တွေကို ညစ်ပတ်တဲ့လက်နဲ့သော့ခတ်ပြီး မြင့်မြတ်တဲ့မုသားနဲ့ကာဗာယူထားရင် ပိုးဝင်နေတဲ့ နောက်ဆက်တွဲ အခြေအနေတွေအတွက် ကုသရခက်ဦးမှာပါ။

ကိုးကား…

https://en.wikipedia.org/wiki/Obscurantism
https://en.wikipedia.org/wiki/Noble_lie
https://en.wikipedia.org/wiki/Immanuel_Kant
https://en.wikipedia.org/wiki/Niccol%C3%B2_Machiavelli
https://en.wikipedia.org/wiki/Reformation
https://en.wikipedia.org/wiki/Jan_Hus
https://en.wikipedia.org/wiki/John_Wycliffe
PrevPreviousမောင်တောမှာ ဆန်ပြဿနာနေ့နဲ့ ဦးဦးသာထွန်းနေ့ ကျင်းပ
Previous Post

မောင်တောမှာ ဆန်ပြဿနာနေ့နဲ့ ဦးဦးသာထွန်းနေ့ ကျင်းပ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - The Naf Waves

မောင်တောမှာ ဆန်ပြဿနာနေ့နဲ့ ဦးဦးသာထွန်းနေ့ ကျင်းပ

August 13, 2026
(ဓာတ်ပုံ-သံတွဲမြို့နယ်၊ကျောက်ကြီးကျေးရွာကို သြဂုတ်လ ၁၀ရက်နေ့ကလေကြောင်းတိုက်ပြီးနောက်တွေ့ရပုံ /အာရက္ခတပ်တော်)

ဂွမြို့နယ်ကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ်ခုနှစ်လုံးပျက်စီး

August 13, 2026
ဓာတ်ပုံ - အာရက္ခတပ်တော်

စစ်တပ်ကြောင့် အာရက္ခဒေသအပါအဝင် နိုင်ငံတဝှမ်း အမျိုးသမီးနှစ်ဆယ့်ခြောက်ဦး သေဆုံး

August 13, 2026
ဓာတ်ပုံ - APM

စစ်တွေခရိုင်က စစ်ဘေးရှောင်တွေကို အာရက္ခကျန်းမာရေးဌာန မျက်လုံးအခမဲ့ခွဲစိတ်ပေး

August 12, 2026

ဂွမြို့နယ်ကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ်ခုနှစ်လုံးပျက်စီး

ဆမီးမြို့ကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေပြီးကိုးဦးဒဏ်ရာရ

​ရနောင်းမှပြစ်ဒဏ်ကျ မြန်မာတရာ့ရှစ်ဆယ့်လေးဦးကိုပြန်လွှဲပေး

ဒီပဲယင်းမှာသဖန်းဆိပ်ဆည် ရေထပ်လွှတ်လို့ ဘေးလွတ်ရာရွှေ့ကြဖို့ သတိပေး

ထိုင်းမှာ တရားမဝင်လာတဲ့မြန်မာလုပ်သား တဆယ့်လေးဦးဖမ်းခံရ

အမေရိကန်မှာ စစ်ဟယ်လီကော်ပတာပျက်ကျလို့ စစ်သည်နှစ်ဦးသေဆုံး

Releated Post

(ဓာတ်ပုံ-သံတွဲမြို့နယ်၊ကျောက်ကြီးကျေးရွာကို သြဂုတ်လ ၁၀ရက်နေ့ကလေကြောင်းတိုက်ပြီးနောက်တွေ့ရပုံ /အာရက္ခတပ်တော်)

ဂွမြို့နယ်ကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ်ခုနှစ်လုံးပျက်စီး

August 13, 2026

ဆမီးမြို့ကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေပြီးကိုးဦးဒဏ်ရာရ

August 13, 2026

​ရနောင်းမှပြစ်ဒဏ်ကျ မြန်မာတရာ့ရှစ်ဆယ့်လေးဦးကိုပြန်လွှဲပေး

August 13, 2026

ဒီပဲယင်းမှာသဖန်းဆိပ်ဆည် ရေထပ်လွှတ်လို့ ဘေးလွတ်ရာရွှေ့ကြဖို့ သတိပေး

August 13, 2026

ထိုင်းမှာ တရားမဝင်လာတဲ့မြန်မာလုပ်သား တဆယ့်လေးဦးဖမ်းခံရ

August 13, 2026

အမေရိကန်မှာ စစ်ဟယ်လီကော်ပတာပျက်ကျလို့ စစ်သည်နှစ်ဦးသေဆုံး

August 13, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page