Border News Agency
ဆော၊ဩဂုတ် ၁၆။
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ကို သြဂုတ်လ ၁၅ ရက်၊နေ့လည် ၁ နာရီအချိန်မှာအာဏာသိမ်းစစ်တပ် ဒရုန်းနဲ့တိုက်ခိုက်လို့ စစ်ဘေးရှောင်သုံးဦးသေဆုံးပြီး တဦး ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဆောမြို့နယ်ကို စစ်ကြောင်းထိုးရောက်ရှိနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့တပ်မ ၉၉ က ဒရုန်းနဲ့ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်ခြောက်ဆယ့်ခြောက်နှစ်အရွယ်ဒေါ်မြဝင်း၊ အသက်ငါးဆယ်နှစ်အရွယ် ဦးနန်းမြိုင်နဲ့ အသက်လေးဆယ့်ခြောက်နှစ်အရွယ်ဒေါ်ဌေးဌေးတို့ သေဆုံးခဲ့ပါတယ်။
အဲဒီအပြင် နောက်ထပ်စစ်ဘေးရှောင်တဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။
သူတို့တွေဟာ ဆောမြို့နယ်၊ သီးကုန်းကျေးရွာမှတောတိုက်အတွင်းစစ်ရှောင်နေကြသူတွေ ဖြစ်ကြပါတယ်။
ဆောမြိုနဲ့ လောင်းရှည်တိုက်နယ်ကြား၊ ကျောက်ထုတိုက်နယ်နဲ့ရွှေအောင်သာကြားဒေသတွေမှာလည်း အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်တွေ၊Y-12 လေယာဉ်တွေနဲ့ နေ့စဥ်ရက်တိုက်အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။









