Border News Agency
အမေရိကန်၊ဩဂုတ် ၁၉။
နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) ဥက္ကဋ္ဌ ဂျပန်နိုင်ငံသူတိုမိုကိုအာကာနဲနဲ့ အကြီးတန်းတရားခွင်ရှေ့နေဆီနီဂေါနိုင်ငံသား အဗ္ဗဒူလိုင်ဆီယဲတို့ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုက ကြေညာလိုက်ပါတယ်။
အဲဒီပိတ်ဆို့မှုဟာ ICC ရဲ့ စီရင်ပိုင်ခွင့်ကို လက်မခံတဲ့နိုင်ငံတွေက တာဝန်ရှိသူတွေကိုတရားစွဲဆိုဖို့ကြိုးပမ်းမှုမှာ ပါဝင်နေတာကြောင့်ဖြစ်ပြီး အမေရိကန်နိုင်ငံရှိ ပိုင်ဆိုင်မှုထိန်းချုပ်တာ၊ ခရီးသွားလာခွင့်ပိတ်ပင်တာနဲ့ အမေရိကန်ကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုရယူမှုကန့်သတ်တာတွေပါဝင်တာပါ။
ခုလုပ်ရပ်ဟာ အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့တွေကို စုံစမ်းစစ်ဆေးမှုနဲ့ ဂါဇာစစ်ပွဲအတွက်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ခဲ့မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ထရမ့်အစိုးရအဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးရူဘီယိုက ICC တရားရုံးဟာ နိုင်ငံရေးအရအလွန်အမင်းစွက်ဖက်ခံထားရပြီး အဂတိလိုက်စားနေတဲ့အပြင် နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ထိပါးနေလို့သည်းခံမှာမဟုတ်ဘူးလို့ စွပ်စွဲပြောကြားထားပါတယ်။
ICC ဘက်က အမေရိကန်ရဲ့ ခုလိုမျိုးလုပ်ဆောင်ချက်တွေဟာ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတယ်လို့တုံ့ပြန်ထားပြီး အဖွဲ့အစည်းဆိုင်ရာဝန်ထမ်းတွေဘက်က မားမားမတ်မတ်ဆက်လက်ရပ်တည်သွားမယ်လို့ဆိုပါတယ်။
ကိုးကား-နိုင်ငံတကာသတင်းတွေ










