Border News Agency
မြောက်ဦး၊ ဩဂုတ် ၂၀။
မြောက်ဦးမြို့နယ်၊ပေါက်ပင်ကွင်းကျေးရွာမှာ ကိုယ်ဝန်ကိုးလရှိတဲ့အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ဖို့ကြံပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ အသက်သုံးဆယ်ခြောက်နှစ်အရွယ်ကိုဇော်မြင့်ထွန်းကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနကဖမ်းထားပါတယ်။
အဲဒီဖြစ်စဉ်ဟာ ဩဂုတ်လ ၁၇ ရက်၊ညပိုင်းကဖြစ်ခဲ့တာဖြစ်ပြီး ကျူးလွန်သူဟာ မိတ်ဆွေဖြစ်သူရဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဝမ်းဗိုက်ပေါ်တက်ဖိကာ အဓမ္မပြုကျင့်ဖို့ကြံခဲ့တာပါ။
အဲဒီလိုကိုယ်ထိလက်ရောက်ကျူးလွန်ခံရမှုကြောင့် နစ်နာသူကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ထိခိုက်နာကျင်မှု ဖြစ်ခဲ့ရသလို ဗိုက်ထဲကရင်သွေးအတွက်စိုးရိမ်ရတာကြောင့် ဆေးရုံမှာဆေးကုသမှုခံယူနေရပါတယ်။
အဲဒီရပ်ရွာအုပ်ချုပ်ရေးဆီတိုင်ကြားခဲ့ပေမယ့် ကျေအေးပေးခဲ့တာကြောင့် ကျူးလွန်သူပြန်လွတ်သွားခဲ့ပြီး နောက်ပိုင်းမှ ဒီလပ်ဌာနကရွာထိလာရောက်စုံစမ်းဖမ်းဆီးပြီး ဥပဒေနဲ့အညီအရေးယူနေတာဖြစ်ပါတယ်။
အာရက္ခပြည်အတွင်းမုဒိမ်းမှုနဲလူသတ်မှုတွေ မကြာခဏဖြစ်နေတာကြောင့် ပြည်သူတွေစိုးရိမ်နေကြပါတယ်။
အဲဒါကြောင့်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ဒီလိုရာဇဝတ်မှုတွေကို ထိရောက်ပြတ်သားစွာအရေးယူပေးဖို့ ပြည်သူတွေတောင်းဆိုနေကြပါတယ်။
အာရက္ခပြည်အတွင်း လူသတ်မှု၊မုဒိမ်းမှုနဲ့ သက်ငယ်မုဒိမ်းမှုစတဲ့ ရာဇဝတ်မှုတွေ လျော့နည်းပပျောက်ရေးအတွက် အာရက္ခအစိုးရဟာ ပြည်သူတွေနဲ့ပေါင်းပြီး ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။







