Border News Agency
တာချီလိတ်၊ ဩဂုတ် ၂၀။
ရှမ်းပြည်၊တာချီလိတ်မြို့နယ်နဲ့ တောင်ကြီးမြို့နယ်မှာ ငွေကျပ်သိန်းရှစ်ထောင်တရာကျော်တန်ဖိုးရှိ အိုက်စ်နဲ့စိတ်ကြွဆေးပြားတွေကိုဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သြဂုတ်လ ၂၀ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီတာချီလိတ်မြို့နယ်၊ဝှေလေလန်ကျေးရွာအနီးမှာ သြဂုတ်လ ၁၇ ရက်နေ့က အသက်နှစ်ဆယ့်ခုနှစ်နှစ်အရွယ် စိုင်းထွန်းမောင်းနှင်လာတဲ့မော်တော်ယာဉ်ပေါ်ကနေ ဒေသကာလတန်ဖိုး ငွေကျပ်သိန်းရှစ်ထောင်တရာခြောက်ဆယ်တန်ဖိုးရှိ အိုက်စ် ကိုးဆယ့်ခြောက်ကီလိုနဲ့ လက်ကိုင်ဖုန်းတလုံးကိုသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ အပြင် ဩဂုတ်လ ၁၈ ရက်၊ညပိုင်းကလည်း တောင်ကြီးမြို့နယ်၊ရွှေညောင်မြို့၊ ရတနာရပ်ကွက်ရှိ အသက်သုံးဆယ်အရွယ် ခွန်ဟန်စိန်ရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေရာကနေ ဒေသကာလတန်ဖိုး ငွေကျပ်နှစ်ဆယ့်ခုနှစ်သိန်းခွဲကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ကိုးထောင်နှစ်ရာငါးဆယ်ပြားကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီတရားခံ စိုင်းထွန်းတစ်နဲ့ ခွန်ဟန်စိန်တို့ကို သက်ဆိုင်ရာဝမ်ပုံနယ်မြေရဲစခန်းနဲ့ ရွှေညောင်နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာဥပဒေနဲ့ အမှုဖွင့်ထားပြီး ကွင်းဆက်တွေကိုဆက်လက်ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။











