Border News Agency
ဂျပန်၊ ဩဂုတ် ၂၀။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၈ ရက်နေ့က ကျင်းပခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးပွဲကို NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက စီစဉ်ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး SCEF ဘက်က တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတာပါ။
တွေ့ဆုံပွဲမှာတာဝန်ရှိသူတွေက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ကြိုးပမ်းချက်တွေ၊ လက်ရှိ နိုင်ငံရေးနဲ့ တော်လှန်ရေး အခြေအနေတွေကိုရှင်းလင်းပြောကြားခဲ့ကြပါတယ်။
အဲဒီအပြင် ရှေ့ဆက်လုပ်ဆောင်သွားမယ့် မဟာဗျူဟာမြောက်လုပ်ငန်းစဉ်တွေကိုချပြခဲ့သလို တက်ရောက်လာသူတွေကလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ ပိုမိုပါဝင်နိုင်မယ့်နည်းလမ်းတွေနဲ့ သဘောထားအမြင်တွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတာပါ။
ဂျပန်ရောက် မြန်မာတွေဟာ တော်လှန်ရေးစတင်ချိန်ကတည်းက NUG နဲ့အတူဘဏ္ဍာငွေရှာဖွေရေး၊သံတမန်ရေးရာနဲ့ လူထုလှုံ့ဆော်ရေး လုပ်ငန်းတွေကို စဉ်ဆက်မပြတ် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။













