Border News Agency
မဲဆောက်၊ ဩဂုတ် ၂၁။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီးမှာ သောင်းရင်းမြစ်ရေလျှံတက်လာမှုကြောင့် ဩဂုတ်လ၂၁ ရက်၊ဒီနေ့မနက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပါတယ်။
သာဆိုင်းလွတ်မြို့နယ် စည်ပင်သာယာရေးရဲ့ CCTV မှတ်တမ်းတွေအရ မဲဆောက်အမှတ် ၁ တံတားအနီးရှိ လမ်းမတွေ၊ ကားရပ်နားစခန်းတွေနဲ့ အဆောက်အအုံပရဝဏ်အချို့အတွင်းသို့ မြစ်ရေတွေဝင်ရောက်လျှံတက်နေတာကိုမြင်တွေ့ရတာပါ။
အဲဒီရေကြီးရေလျှံမှုကြောင့် တံတားအနီးပတ်ဝန်းကျင်ရှိလမ်းပိုင်းအချို့မှာ ရေဘေးသင့်နေပြီးမော်တော်ယာဉ်တွေနဲ့ဒေသခံခရီးသွားပြည်သူတွေသွားလာရေး အခက်အခဲရှိနေပါတယ်။
ခုလက်ရှိမှာ မိုးဆက်တိုက်ရွာသွန်းနေမှုနဲ့အတူ သောင်းရင်းမြစ်ရေ ထပ်မံမြင့်တက်လာနိုင်တဲ့အတွက် တံတားအနီးနဲ့ မြစ်ကမ်းဘေးအနိမ့်ပိုင်းနေထိုင်ကြသူတွေအနေနဲ့ အထူးသတိပြုကြဖို့လိုအပ်နေပါတယ်။












