Border News Agency
အမေရိကန်၊ဩဂုတ် ၂၁။
အမေရိကန်နိုင်ငံသားကိုမင်းဇင်ကို မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရူဘီယိုက သြဂုတ်လ ၂၁ ရက်၊ဒီနေ့ တရားဝင် သတ်မှတ်လိုက်ပါတယ်။
ဘေဂျင်းအစိုးရအနေနဲ့ တရုတ်နိုင်ငံမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေနဲ့ ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခံထားရတဲ့ အမေရိကန်နိုင်ငံသားအားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်ဘက်ကတိုက်တွန်းထားတာပါ။
အမေရိကန်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ အကာအကွယ်ပေးရေးဟာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဓိကဦးစားပေးကိစ္စဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ကိုမင်းဇင်ဟာ တရုတ်အစိုးရရဲ့ဖိတ်ကြားချက်နဲ့ ပညာရပ်ဆိုင်ရာ ညီလာခံတက်ရောက်ဖို့ သွားရောက်စဉ်ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ယူနန်ပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
လက်ရှိမှာ တရုတ်နိုင်ငံအတွင်း မတရားဖမ်းဆီးခံထားရသူ အမေရိကန်နိုင်ငံသားနှစ်ဦးရှိလာပြီး ကိုမင်းဇင်နဲ့ဒေါက်တာယိုလင်းချန်တို့ဖြစ်ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ကိုမင်းဇင်ပြန်လွတ်လာရေးအတွက် ဆက်လက်ရပ်တည်တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။








