Border News Agency
တနောသရီ၊ ဩဂုတ် ၂၂။
တနင်္သာရီတိုင်း၊တနောသရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်မီးရှို့ဖျက်စီးလို့ စစ်ရှောင်နေအိမ်လေးလုံးပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဩဂုတ်လ ၂၁ ရက်နေ့ထုတ်ပြန်ပါတယ်။
တနောသရီမြို့နယ်၊ကေကျေးရွာအုပ်စုရှိ မဲ့ဝါးခီးစစ်ရှောင်ပြည်သူတွေနေထိုင်ရာနေရာကို ဩဂုတ်လ ၁၇ ရက်နေ့က အာဏာသိမ်းစစ်တပ်မှဝင်ရောက်မီးရှို့ဖျက်စီးခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူ့နေအိမ်လေးလုံး၊ပြည်သူပိုင်ပစ္စည်းတွေ၊စားနပ်ရိက္ခာတွေ၊စပါးတရာ့ငါးဆယ်တင်းနဲ့ ဆိုင်ကယ်ငါးစီးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာ၊စစ်ရှောင်စခန်းတွေမှာ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေနဲ့ အသုံးဆောင်ပစ္စည်းတွေကိုလိုက်လံဖျက်စီးနေတာကြောင့် အရပ်သားပြည်သူတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။














