Border News Agency
မူတြော်၊ ဩဂုတ် ၂၈။
ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် မဲရာထာဂိတ်ကတာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံသစ်တောဌာနတို့ပူးပေါင်းပြီး သံလွင်မြစ်ကြောင်းတလျှောက် တရားမဝင်သယ်ဆောင်လာတဲ့ သစ်လုံးတရာကျော်ကို ဩဂုတ်လအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီကော်သူးလေဘက်ခြမ်း သံလွင်မြစ်အတွင်း တရားမဝင်သယ်ဆောင်လာတဲ့ သစ်ဖောင်နှစ်ဖောင်ကို သြဂုတ်လ ၂၃ ရက်နေ့မှာ KNU က စတင်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဩဂုတ်လ ၂၆ ရက်မှာတော့ ထိုင်းနိုင်ငံဘက်ခြမ်း သံလွင်မြစ်အတွင်းသစ်ဖောင်တဖောင်ကို နှစ်ဖက်တာဝန်ရှိသူတွေပူးပေါင်းပြီး ထပ်မံဖမ်းဆီးခဲ့တာပါ။
သြဂုတ်လ ၂၃ ရက်နေ့ကဖမ်းဆီးရမိတဲ့သစ်တွေကို မူတြော်ခရိုင်သစ်တောဌာနဆီ လွှဲပြောင်းပေးခဲ့ပြီး ဩဂုတ်လ ၂၆ ရက်က ဖမ်းဆီးရမိတဲ့ သစ်တွေကိုတော့ ထိုင်းတာဝန်ရှိသူတွေလက်ထဲ လုပ်ထုံးလုပ်နည်းအတိုင်း လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
အဲဒီတရားမဝင်သစ်တွေကို ဘယ်အဖွဲ့အစည်းကဘယ်နေရာကနေ သယ်ဆောင်လာလဲဆိုတာကို KNU မူတြော်ခရိုင်တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံမဲဟောင်ဆောင်ခရိုင် တာဝန်ရှိသူတွေကစုံစမ်းစစ်ဆေးနေပါတယ်။
KNU အနေနဲ့ ၂၀၂၅ ခုနှစ်ကစပြီး နယ်စပ်ကုန်သွယ်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးပေါ်လစီတွေချမှတ်ကာ နယ်စပ်လုံခြုံရေးနဲ့ ကုန်သွယ်ရေးရုံးတွေဖွင့်လှစ်ထားပြီး ထိုင်းတာဝန်ရှိသူတွေနဲ့ ပူးပေါင်းကာ တရားမဝင်သစ်မှောင်ခိုမှုတွေအပါအဝင် နယ်စပ်ဖြတ်ကျော်ပြစ်မှုတွေကို တင်းကြပ်စွာတားဆီးနှိမ်နင်းနေတာဖြစ်ပါတယ်။












