Border News Agency
ရန်ကုန်၊ ဩဂုတ် ၃၁။
ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုလွှဲပို့ငွေတွေကို တရားဝင်လမ်းကြောင်းကနေလွှဲပို့ရေးအတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးကပြောပါတယ်။
ရန်ကုန်၊ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာမှာ သြဂုတ်လ ၂၉ ရက်နေ့ကကျင်းပခဲ့တဲ့ အေဂျင်စီတွေနဲ့တွေ့ဆုံပွဲမှာ ပြည်ပရောက်လုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို မိသားစုဆီတရားဝင်လွှဲပို့ဖို့အေဂျင်စီနဲ့ အလုပ်သမားကြား သဘောတူညီချက်စာချုပ်ချုပ်ဆိုမှုတွေအတိုင်း ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ ဆိုခဲ့တာပါ။
အဲဒီအပြင် ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားတွေရဲ့ လွှဲပို့ငွေ အချက်အလက်အတိအကျရရှိရေးနဲ့ လွှဲပို့မှုစနစ်တွေကို အာဏာသိမ်းစစ်တပ်ရဲ့ဗဟိုဘဏ်၊ သက်ဆိုင်ရာနိုင်ငံပိုင်ဘဏ်တွေနဲ့ အေဂျင်စီတွေပူးပေါင်းပြီး စီမံခန့်ခွဲသွားမယ်လို့လည်းဆိုပါတယ်။
အာဏာသိမ်းစစ်တပ်သတ်မှတ်ထားတဲ့ တရားဝင်ဘဏ်လဲလှယ်နှုန်းမှာ ပြင်ပပုံမှန်ပေါက်ဈေးထက် များစွာလျော့နည်းနေတဲ့အတွက် ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားအများစုမှာ တရားဝင် လမ်းကြောင်းထက် ပြင်ပဟွန်ဒီလမ်းကြောင်းတွေကိုသာ အဓိကအသုံးပြုနေကြရတာဖြစ်ပါတယ်။
အဲဒီအပြင်လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှလွှဲပို့ဖို့ ဖိအားပေးကြပ်မတ်နေတာဟာသူတို့အတွက်လိုအပ်နေတဲ့ နိုင်ငံခြားငွေကြေးရရှိရေးနဲ့ လုပ်သားတွေရဲ့ဝင်ငွေအပေါ် ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာလို့ ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားတွေကဆိုကြပါတယ်။










