Border News Agency
ပတ္တရား၊ ဩဂုတ် ၃၁။
အမေရိကန်စစ်တပ်အင်အား ၅,၀၀၀ နီးပါး လာရောက်မယ့်ခရီးစဉ်မတိုင်မီ ဩဂုတ်လ ၂၉ ရက်၊ညပိုင်းက ပတ္တရားရဲတပ်ဖွဲ့ဟာ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်နေတဲ့ ၂၅ ဦးကို ဖမ်းဆီးခံလိုက်ရပါတယ်။
အဲဒီစစ်ဆေးမှုတွေကို ပတ္တရားကမ်းခြေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံးသွားလာလှုပ်ရှားတဲ့ နေရာတွေမှာ ရဲအင်အား ၂၀ ကျော်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိသူတွေထဲမှာ ထိုင်းနိုင်ငံသား ၁၈ ဦး၊ လာအိုနိုင်ငံသား ၅ ဦးနဲ့ ယူဂန်ဒါနိုင်ငံသား ၂ ဦးတို့ ပါဝင်ပြီး ရဲတပ်ဖွဲ့က တရားမဝင်လုပ်ငန်းတွေကို ကင်းလှည့်စစ်ဆေးမှုတွေတိုးမြှင့်လုပ်ဆောင်နေတာပါ။
အဲဒီအပြင် ကမ်းခြေတလျှောက်နဲ့ တရားမဝင်လုပ်ငန်းတွေရှိနိုင်တဲ့နေရာတွေမှာ ကင်းလှည့်တာတွေကို တိုးမြှင့်လုပ်ဆောင်နေသလို ကလေးသူငယ်တွေ အမြတ်ထုတ်ခံရတာကိကာကွယ်ဖို့အတွက်လည်း ထိုင်းရဲတပ်ဖွဲ့က အထူးအာရုံစိုက်ဆောင်ရွက်နေတာဖြစ်ပါတယ်။
ခုလိုကြိုတင်စစ်ဆေးဖမ်းဆီးမှုတွေလုပ်ဆောင်နေတာဟာ စက်တင်ဘာလ ၂ ရက်ကနေ ၆ ရက်နေ့အထိ ချွန်ဘူရီရှိ လမ်ချာဘန်းဆိပ်ကမ်းမှာဆိုက်ကပ်မယ့် USS Abraham Lincoln လေယာဉ်တင်သင်္ဘောက အမေရိကန်စစ်သည်တွေ အနားယူဖို့လာရောက်မယ့်အစီအစဉ်ကြောင့်ဖြစ်ပါတယ်။










