Border News Agency
ပူနေး၊ စက်တင်ဘာ ၃။
အိန္ဒိယနိုင်ငံ၊ မဟာရက်ရှ်ထရာပြည်နယ်၊ ပူနေးခရိုင်မှာ မိခင်ဖြစ်သူပိုင်ဆိုင်တဲ့ မြေကွက်ကိုရောင်းချခဲ့တာကြောင့် အသက်ကြီးပိုင်းမိဘတွေကို တုတ်တွေနဲ့ ဝိုင်းရိုက်ခဲ့တဲ့ သားနှစ်ဦးကိုအမှုဖွင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့မှာထုတ်ပြန်ပါတယ်။
အဲဒီဖြစ်စဉ်ဟာ အင်းဒါပူးရ်နယ်မြေ၊ တာရန်းဂဝါဒီကျေးရွာမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဝိုင်းရိုက်ခံရတဲ့ အသက်ခြောက်ဆယ်ငါးနှစ်အရွယ် တောင်သူ တူကာရမ်ရောက်တ်ရဲ့ တိုင်ကြားချက်အရ ကျန်းမာရေးမကောင်းတဲ့ ဇနီးဖြစ်သူအန်ဂျာနာနဲ့အတူ လမ်းလျှောက်ထွက်လာစဉ် မာလ်ဝါဒီအနီးမှာ သီးခြားစီနေထိုင်ကြတဲ့သားနှစ်ဦးက မော်တော်ယာဉ်နဲ့ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနောက် သားနှစ်ဦးက မိခင်ဖြစ်သူ အမည်ပေါက်မြေကွက်ကို ဘာကြောင့်ရောင်းချတာလဲလို့ မေးမြန်းပြောဆိုပြီး သစ်သားတုတ်တွေနဲ့ဝိုင်းရိုက်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီလိုရိုက်နှက်ခံရမှုကြောင့် ဖခင်ဖြစ်သူရဲ့ ကျော၊ မျက်နှာ၊ ပေါင်နဲ့ ပုခုံးတို့မှာ ဒဏ်ရာတွေရရှိခဲ့သလို မိခင်ဖြစ်သူရဲ့ လက်ကောက်ဝတ်နဲ့ခါးတို့မှာလည်း ဒဏ်ရာတွေရရှိခဲ့တာကြောင့် အင်းဒါပူးရ် ဆေးရုံမှာ ဆေးကုသမှုပေးခဲ့ရပါတယ်။
အဲဒီအပြင် သားနှစ်ဦးက မြေအရောင်းအဝယ်ကိုမဖျက်သိမ်းရင် သတ်ပစ်မယ်လို့ ကြိမ်းမောင်း ခြိမ်းခြောက်သွားခဲ့တာကြောင့် အင်းဒါပူးရ်ရဲစခန်းက အမှုဖွင့်ပြီး ဥပဒေနဲ့အညီ ဆက်လက် အရေးယူဆောင်ရွက်နေပါတယ်။












