Border News Agency
မြောက်ဦး၊စက်တင်ဘာ ၅။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကြီးဟာ ဘေးကင်းလုံခြုံမှုကင်းမဲ့မှုနဲ့ စီးပွားရေးပြိုလဲရပ်ဆိုင်းသွားတဲ့ပြဿနာပါ။
အဲဒီဘေးကင်းလုံခြုံမှုကင်းမဲ့မှုနဲ့ စီးပွားရေးပြိုလဲရပ်ဆိုင်းမှုဟာ အာဏာသိမ်းစစ်တပ်ရဲ့ကြည်း၊ရေ၊လေထိုးစစ်နဲ့ဖြတ်လေးဖြတ်ဗျူဟာတွေကြောင့်ဖြစ်ပါတယ်။
အာရက္ခဒေသကိုထိန်းချုပ်ထားသူတွေရဲ့ ကိုင်တွယ်ပုံနဲ့တင်းကျပ်ကန့်သတ်မှုတွေကြောင့်လည်းပါပါတယ်။
အဲဒီအရင်းခံပြဿနာဟာ နိုင်ငံရေးပြဿနာအပေါ်မှာ အခြေခံဖြစ်လာတာပါ။
စစ်ပုံသွင်းမှုနဲ့ဖိစီးမှုတွေ
စစ်ပွဲတွေဟာ အရာအားလုံးကိုဝါးမြိုပါတယ်။ နိုင်ငံရေးအရလှုပ်ရှားဖို့ နယ်ပယ်ကျဉ်းလာလေ စစ်ပွဲဘက်ကိုရွေးချယ်စရာမလိုဘဲ ရောက်သွားလေဖြစ်ကြတာပါ။
စစ်ပွဲအချိန်ကာလ ကြာရှည်လာတာနဲ့အမျှ အရင်းအမြစ်လိုအပ်ချက်ကြောင့် လူထုဆီကအရင်းအမြစ်တွေကိုယူလာရပါတယ်။
အဲဒီလိုယူလာတဲ့အခါ လူထုဟာအခက်အခဲနဲ့ဝန်ထုတ်ဝန်ပိုးတွေကို ရင်ဆိုင်လာရပါတယ်။
အဲဒီခက်ခဲကြမ်းတမ်းမှုကြောင့် လူထုဆန့်ကျင်မှုမဖြစ်လာအောင်အတွက် လူထုကိုအလုံးစုံစစ်ပုံသွင်းပြီး ထိန်းချုပ်ဖို့ဖြစ်လာရပါတယ်။
အဲဒီလိုထိန်းချုပ်ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းကရက်စက်ကြမ်းကြုပ်ပြတာပဲဖြစ်ပါတယ်။
လူထုကိုလူ့ဂုဏ်သိက္ခာနဲ့အညီ စည်းရုံးဖို့ထက်”စစ်တပ်ထဲ မဝင်ရင်သစ္စာဖောက်”၊ “ဒါဟာ ငြင်းဆန်ခွင့်မရှိတဲ့တာဝန်” စတဲ့ လူထုအပေါ်လူမှုရေးဆိုင်ရာဖိ အား(Sociological pressure)ကို ပိုသုံးလာရပါတယ်။
အဲဒီလိုတင်းကျပ်မှုမူဝါဒတွေကိုကျင့်သုံးလာရတဲ့အခါ လူထုကိုတင်းကျပ်ဖို့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့၊ဆောင်ရွက်ဖို့သူတွေကို တဖန်မွေးထုတ်လာရပါတယ်။
အဲဒီလိုမွေးထုတ်လာတဲ့အခါ နဂိုကပင်တင်းကျပ်အာဏာပြဖို့ကို ဦးတည်နေတဲ့အတွက် အဲဒီအာဏာအောက်ကလုပ်ပိုင်ခွင့်ရှိသူတွေဟာ ကိုယ်ကျိုးရှာဖို့၊လူထုကို အာဏာပြဖို့အတွက်အလိုလိုလမ်းပွင့်နေပါတော့တယ်။
အဲဒီလိုကိုယ်ကျိုးရှာမှုတွေကနေရာယူလာတဲ့အခါ လူထုအချင်းချင်းကြားထဲမှာ လူမှုရေးရင်းနှီးဆက်ဆံမှုတွေပျက်စီးသွားစေပြန်ပါတယ်။
အဲဒါကြောင့် ကုန်ထုတ်လုပ်ပျက်စီးမှုတွေကတဆင့် လူသုံးကုန်နဲ့စားနပ်ရိက္ခာတွေရှားပါးမှုတွေ၊ကြောက်ရွံ့မှုတွေ၊အနာဂတ်ပြိုလဲမှုတွေနဲ့ပင်ပန်းနွမ်းနယ်မှုတွေကတဆင့် လူထုဟာ စစ်ကို ငြီးငွေ့လာတဲ့စိတ်ဓာတ်(War Weariness)တွေ ဖြစ်လာပါတယ်။
အဲဒီအပြင် အုပ်ချုပ်သူတွေဘက်မှာရှိ နေတဲ့ချောင်ပိတ်မှုပါ။
စစ်ပွဲဆိုတာမှာ အရှုံးဟာ သူတို့အတွက် အလျှော်အစားကြီးလွန်းနေတာကြောင့်မို့ လူထုရဲ့အသက်နဲ့အနာဂတ်အပေါ် စ စ်ဘောင်သွင်းဖို့လုပ်နေတာလည်းဖြစ်ပါတယ်။
အဲဒီလိုနဲ့ ကိုယ့်အခက်အခဲဒါမှမဟုတ်ကိုယ့်နိုင်ငံရေးအာဂျင်ဒါကိုပဲ ဗဟိုပြုစဉ်းစားနေတဲ့အခါ လူထုဗဟိုပြုမှုကိုဂရုမစိုက်တော့ပါဘူး။
အဲဒီလူထုအပေါ် လူမှုရေးဆိုင်ရာဖိအား (Sociological pressure)ကို ပိုသုံးလာရမှုနဲ့ကိုယ့်ဖာသာကိုယ် တဖက်သတ်ချောင်ပိတ်နေတဲ့အခါ လူထုကိုပါ ချောင်ပိတ်ဖို့ စဉ်းစားမှုမျိုးဘက်ကိုရောက်သွားခဲ့ရင် အန္တရာယ်ရှိလာပါပြီ။
အဲဒီလိုအန္တရာယ်ကို ရင်ဆိုင်နိုင်တာကလည်း အာဏာရှင်စနစ်ထက် ဒီမိုကရက်တန်ဖိုးတွေကသာပိုပြီးရင်ဆိုင်နိုင်တာပါ။
ဒုတိယကမ္ဘာစစ်ကနဦးပိုင်းကာလတွေမှာ ဂျပန်နဲ့ဂျာမနီတို့ဟာ အာဏာရှင်စနစ်နဲ့လူထုကိုတင်းကျပ်မှုပြုပြီး အရင်းအမြစ်တွေကိုမောင်းနှင်ခဲ့တာကြောင့် ပိုမို အသာစီးရနေသလိုမျိုးထင်ရပါတယ်။
ဒါပေမယ့်စစ်ပွဲကြာရှည်လာတာနဲ့အမျှ အမေရိကန်၊ဗြိတိန်တို့လို ဒီမိုကရေစီလူ့အဖွဲ့အစည်းတွေမှာ ပြည်သူတွေရဲ့စိတ်ဓာတ်၊လွတ်လပ်စွာတီထွင်ဖန်တီးနိုင်မှုနဲ့ စနစ်ရဲ့ခံနိုင်ရည်ကြောင့် ရေရှည်မှာလူထုအတွက်ခံသာနိုင်ပြီး အနိုင်ရရှိခဲ့တာသမိုင်းမှာရှိပါတယ်။
ဒီနေရာမှာ ဒီမိုကရက်တန်ဖိုးက ပိုပြီးလက်ဝင်ပါတယ်။
ဒါပေမယ့်လည်း လူထုကို ဗဟိုပြုနေတာဖြစ်လို့ (Legitimacy)ပိုင်းမှာ ခုသာခံသာနဲ့ကုစားရလွယ်ပါတယ်။
ဒီမိုကရေစီနိုင်ငံတွေမှာ စစ်ပွဲအတွင်းထိန်းချုပ်မှု ဒါမှမဟုတ် စစ်မှုထမ်းခိုင်းမှုတွေကို လွှတ်တော်ကတဆင့်ဥပဒေနဲ့အညီ ဆွေးနွေးအတည်ပြုလေ့ရှိတာကြောင့် ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုပိုရရှိပြီး အတွင်းပိုင်းပွတ်တိုက်ဆန့်ကျင်မှုဖြစ်နိုင်ခြေနည်းပါတယ်။
သတင်းလွတ်လပ်ခွင့်နဲ့ဝေဖန်နိုင်ခွင့်ရှိတဲ့အတွက် အလွန်အမင်းမတရားတဲ့ စစ်သားစုဆောင်းမှုတွေကို ပြည်သူကဆန့်ကျင်ပုံဖော်နိုင်သလို စစ်ပွဲဘက်ကနေပြီး နိုင်ငံရေးအရလမ်းကြောင်း ပြောင်းနိုင်မှုအတွက်လည်း တက်သာဆုတ်သာရှိပါတယ်။
အဲဒါတွေက လက်ရှိမှာတော့ အာရက္ခဒေသအပါအဝင် မြန်မာနိုင်ငံမှာဖြစ်လာဖို့ခက်နေပါသေးတယ်။
မြန်မာနိုင်ငံရဲ့လူမျိုးစုနိုင်ငံရေးမှာ တဖွဲ့ကိုဖိချင်လို့တဖွဲ့ကိုဟပေးတဲ့ “အဟထဲ ကအခွင့်အရေး”နဲ့”ဒေသတွင်း ပါဝါကြီးတွေရဲ့ထိန်းထည့်မှုအောက်က ရှိနေတဲ့ လုပ်ပိုင်ခွင့်” ဒီနှစ်ချက်ကလည်း ရေပန်းစားနေသလိုဖြစ်နေတာလည်းရှိပါတယ်။
အဲဒီလိုနဲ့အဲဒီလို”အဟ” နဲ့ “ထိန်းထည့်မှု” မှာဖြစ်တည်နေတဲ့ အနေအထားတွေက စစ်ကိုယ်စီမျက်နှာမမူလာအောင် တခြားနေရာဘက် နဂါးခေါင်းလှည့်ပေးတဲ့ ဗျူဟာတွေကလည်း ရှိနေပါတယ်။
အဲဒါတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ အားလုံးပါဝင်ရေးထက်ဖယ်ထုတ်ထားရေးမူဝါဒရဲ့သက်ရောက်မှုတွေကပေးတဲ့ ရလဒ်လည်းဖြစ်ပါတယ်။
အားလုံးပါဝင်ရေးဟာ တထိုင်တည်းနဲ့ဖြစ်ဖို့ခက်ပေမယ့် အားလုံးမပါဝင်ခဲ့ရင်လည်းပြဿနာမပြီးတော့ပါဘူး။
အဲဒါတွေရဲ့အကျိုးဆက်မှာတော့ လက်နက်ကိုင်တော်လှန်ရေးရပ်ဝန်းထဲက တချို့ဟာလူထုရဲ့ချစ်ခင်မှု၊လူထုကို ဗဟိုပြုမှုဆိုတာတွေထက် လူထုဆီကကြောက်ရွံ့ခန့်ညားမှုကို ပိုလိုချင်လာကြတဲ့ (Fear Over Love)ကိုပဲ အလုပ်ဖြစ်တယ်လို့ ထင်မြင်လာပါတယ်။
အဲဒီ”အဟ”နဲ့”ထိန်းထည့်မှု” ကြားက ဖြစ်တည်မှုတွေဟာလည်း တဖန်ပြန်ပြီးနိုင်ငံရေးအရခိုင်မာတဲ့ သဘောတူညီချက်ရဖို့အတွက် နိုင်ငံရေးလမ်းကြောင်းဆီ ပန်သွားနေရပြန်ပါတယ်။
ဆက်ရန်….






