Border News Agency
သံတွဲ၊ စက်တင်ဘာ ၈ ။
သံတွဲမြို့နဲ့ ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ရေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က စက်တင်ဘာလ ၈ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသံတွဲမြို့အမှတ် (၈) ရပ်ကွက်ကို စက်တင်ဘာလ ၇ ရက်၊မနက်ပိုင်းက အာဏာသိမ်းစစ်တပ် ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင် အသက်ရှစ်ဆယ့်သုံးနှစ်အရွယ်အမျိုးသမီးကြီးတဦးသေဆုံးကာ သုံးဦးဒဏ်ရာရသွားခဲ့သလို ပြည်သူ့နေအိမ်ရှစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
ပင်လယ်ပြင်မှာကျောက်ချထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေပေါ်ကနေလည်း ဂွနဲ့သံတွဲကမ်းခြေတလျှောက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် သံတွဲမြို့နယ်၊ကျောက်ကြီးကျေးရွာနဲ့ စပါးကြီးကျေးရွာကိုလည်း မနေ့ နေ့လည်ပိုင်းမှာထပ်ပြီးလေကြောင်းတိုက်ခိုက်လို့ နေအိမ်ရှစ်လုံးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ဖက်ကျကျေးရွာကိုလည်း အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့နေအိမ် လေး လုံးပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။














