Border News Agency
နီပေါ၊စက်တင်ဘာ ၂၈။
နီပေါနိုင်ငံ၊ဘာဂလွန်းခရိုင်အတွင်းမှာ မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် စက်တင်ဘာလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး ပြည်သူဆယ်ဦးသေဆုံးကာ တဦးပျောက်ဆုံးနေတယ်လို့ နီပေါရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
အဲဒီတမန်ခိုလာမြို့နယ်မှာ လေးဦးသေဆုံးပြီး တဦးပျောက်ဆုံးနေသလို နီဆီခိုလာမြို့နယ်မှာငါးဦးနဲ့ တာရာခိုလာမြို့နယ်မှာတဦးသေဆုံးခဲ့ရတာပါ။
အဲဒီမြေပြိုမှုတွေကြောင့် တမန်ခိုလာမြို့နယ်မှာ လူနေအိမ်ရှစ်လုံးထက်မနည်းမျောပါပျက်စီးခဲ့တဲ့အပြင် နီဆီခိုလာမြို့နယ်မှာလည်း မိသားစုတစုတည်းမှလေးဦးစလုံးမြေပိပြီးသေဆုံးခဲ့ရပါတယ်။
အာဏာပိုင်တွေရဲ့ကြိုတင်သတိပေးချက်တွေကြောင့် ထိခိုက်သေဆုံးမှုလျော့နည်းခဲ့တာဖြစ်ပြီး လက်ရှိမှာနီပေါတပ်မတော်မှ ကယ်ဆယ်ရေးဟယ်လီကော်ပတာတွေနဲ့ ဘေးလွတ်ရာသို့ကူညီဆောင်ရွက်ပေးနေပါတယ်။
ခုရက်ပိုင်းအတွင်း နီပေါနိုင်ငံတဝှမ်းမိုးသည်းထန်စွာဆက်တိုက်ရွာသွန်းနေမှုကြောင့် ခရိုင်ပေါင်းလေးဆယ်ကိုးခုမှာ ရေဘေးနဲ့မြေပြိုမှု အန္တရာယ်သတိပေးချက်တွေထုတ်ပြန်ထားရတာပါ။

















