Border News Agency
ထားဝယ်၊စက်တင်ဘာ ၂၉။
တနင်္သာရီတိုင်း၊ထားဝယ်ဒေသရေကြီးမြေပြိုမှုမှာ သေဆုံးသူတဆယ့်ခုနှစ်ဦးထိရှိလာပြီး ဒါဇင်နဲ့ချီပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) က စက်တင်ဘာလ ၂၈ ရက်၊ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
ထားဝယ်ဒေသမှာ စံချိန်တင်မိုးရွာသွန်းခဲ့တာကြောင့် သရက်ချောင်းမြို့နယ်မှာ ပြည်သူတသောင်းရှစ်ထောင်ကျော်ရေဘေးသင့်ခဲ့ရတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင် လောင်းလုံးမြို့နယ်မှာလည်း နေအိမ်ရှစ်ဆယ်ကျော်မြေပိနစ်မြုပ်ပြီး သေဆုံးသူသုံးဦးနဲ့ ပျောက်ဆုံးသူတဆယ့်နှစ်ဦးကျော်ရှိနေတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တနင်္သာရီတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာအထောက်အပံ့အဖြစ် မြန်မာငွေကျပ်သိန်းခြောက်ဆယ်နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေလေးသောင်းငါးထောင်ကို အရင်ဆုံးထောက်ပံ့ပေးထားပါတယ်။
ရေဘေးသင့်ပြည်သူတွေအနေနဲ့လည်း တောင်ပြိုမယ့်အန္တရာယ်နဲ့ ရေစီးကြောင်းနဲ့ပါလာနိုင်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေကို သတိပြုကြဖို့ TNF က သတိပေးထားပါတယ်။














