Border News Agency
ရန်ကုန်၊ အောက်တိုဘာ ၁၄။
တရုတ်ပြည်ကွန်မြူနစ်ပါတီ (Communist Party of China) ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာနကြီးညွှန်ကြားရေးမှူးချုပ် H.E Mr. Peng Xiubin ဦးဆောင်တဲ့ CPC ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံရေးပါတီတချို့ အောက်တိုဘာလ ၁၃ရက်၊ ညနေ ၃ နာရီမှ ၆ နာရီအချိန်ထိ တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့ပါတီဥက္ကဌဦးဖေသက်နဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်လင်းအပါအဝင် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီကိုးပါတီမှ ပါတီခေါင်းဆောင်တွေ ပါဝင်တက်ရောက်ခဲ့ကြတာပါ။
အဲဒီအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ ) (SNDP) ၊ ရခိုင့်ဦးဆောင်ပါတီ ၊ ကရင်ပြည်သူ့ပါတီ ၊ ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီများမှ ပါတီခေါင်းဆောင်တွေနဲ့ ပါတီတာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အဲဒီမှာ နှစ်နိုင်ငံဆက်ဆံရေး ၊ နှစ်နိုင်ငံနိုင်ငံရေးပါတီတွေအချင်းချင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး ၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးလုပ်ငန်းစဉ်တွေ ၊ နယ်စပ်ဒေသများ ပြန်လည်တည်ငြိမ်အေးချမ်းရေးလုပ်ငန်းရပ်မျတွေ ၊ ဖွံ့ဖြိုးရေးနဲ့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းရပ်တွေ၊ နှစ်နိုင်ငံလူငယ်မျိုးဆက်သစ်တွေအကြား ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ရေးကိစ္စရပ်တွေဆွေးနွေးခဲ့ကြပါတယ်။












