Border News Agency
နေပြည်တော်၊အောက်တိုဘာ ၁၅။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို အာဏာသိမ်းစစ်တပ်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ စစ်တပ်လက်အောက်ခံသမ္မတရုံးရဲ့ အမိန့်အမှတ် ၈၂/၂၀၂၆နဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ပါတယ်။
အဲဒီပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ် ဒေါက်တာကိုကိုလွင်ကိုပါ ခန့်အပ်လိုက်တာပါ။
အဲဒီကာကွယ်ရေးဝန်ကြီးအဖြစ်ဗိုလ်ချုပ်ကြီး ထွန်းအောင်ကတာဝန်ယူနေတာဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကတော့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။
အဲဒီခန့်အပ်တာဝန်ပေးတာကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၂ တို့အရ ဆောင်ရွက်တာဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်ကထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားခိုင်မြဲရေးအတွက် ဝန်ကြီးဌာနအပြောင်းအလဲတွေနဲ့ စစ်ဘက်အရာရှိတွေကို ရာထူးနေရာအပြောင်းအလဲတွေ လုပ်နေတာဖြစ်ပါတယ်။







