Border News Agency
ဘန်ကောက်၊ အောက်တိုဘာ ၁၇။
ထိုင်းနိုင်ငံမှာမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဦးဆောင်ပြီး စယံပရီ အထူးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေး ကွန်ရက်တခုကို အောက်တိုဘာလ ၁၆ ရက်နေ့ကဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း တရားမဝင် စိတ်ကြွရူးသွပ်ဆေးပြားတသန်းကျော်ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိ တရားခံ အမျိုးသားသုံးဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။
ချင်းရိုင်ခရိုင်၊ မယ်စန်မြို့ရှိ ပို့ဆောင်ရေး ကုမ္ပဏီတခုကနေတဆင့် ပလတ်စတစ်ဆီဗူးတွေထဲမှာမူးယစ်ဆေးဝါးတွေ ထည့်သွင်းပြီး စမွတ်ပရာကန်ပြည်နယ်ဘက်ကို ပို့ဆောင်မယ့် ပစ္စည်းတွေကို တာဝန်ရှိသူတွေက စောင့်ဆိုင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ဆက်လက် စစ်ဆေးဖော်ထုတ်ချက်တွေအရ ပထုံဌာနီပြည်နယ်မှာရှိတဲ့ တရားခံတွေရဲ့ နေရာတွေကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ ဆက်စပ် မူးယစ်ဆေးဝါးတွေနဲ့အတူ သယ်ယူပို့ဆောင်ရေးယာဉ်တွေကိုပါ ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းဆီးရမိထားသူတွေကို ဥပဒေအရ အမြန်ဆုံး အရေးယူဆောင်ရွက်နိုင်ဖို့နဲ့ အဲဒီကွန်ရက်နောက်ကွယ်က ဦးဆောင်သူတွေကို ဆက်လက်ဖော်ထုတ်သွားမှာဖြစ်ပါတယ်။












