Border News Agency
ထိုင်း၊ အောက်တိုဘာ ၁၉။
ထိုင်းနိုင်ငံမှာ နောင်ခဲမူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်ကို ရဲတပ်ဖွဲ့ကဖြိုခွင်းနိုင်ခဲ့ပြီး သံသယရှိသူငါးဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးမှာ ပလတ်စတစ်အိတ်တွေနဲ့ ထုပ်ပိုးထားတဲ့အိုင်စ်မူးယစ်ဆေးဝါး နှစ်ရာရှစ်ဆယ်လေးကီလိုဂရမ်နဲ့ တန်ဖိုးဘတ်သန်းကိုးဆယ်ကျော်ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးရေးဌာနဟာ ပြီးခဲ့တဲ့ မတ်လကအိစန်ဒေသမှာဖြစ်ပွားခဲ့တဲ့ မူးယစ်ဆေးဝါးကွန်ရက် ဖမ်းဆီးရမိမှုကနေ ဆက်လက်ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီကွန်ရက်ဟာ အိစန်ဒေသအထက်ပိုင်းကနေ ဗဟိုဒေသဆီကို မူးယစ်ဆေးဝါး အများအပြားသယ်ဆောင်လာကြောင်း သဲလွန်စရရှိခဲ့တာကြောင့် အနီးကပ်စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာလ ၁၈ ရက်၊မနက်အစောပိုင်း မှာ အာဏာပိုင်တွေဟာ နခွန်သဝန်မြို့ဘက်ကို မောင်းနှင်လာတဲ့ Isuzu MU-X အမျိုးအစား SUV ကားပေါ်က မူးယစ်ဆေးဝါးတွေကို ပယူဟကီရီမြို့နယ်မှာ စစ်ဆေးတားဆီးနိုင်ခဲ့ပြီး ကားပေါ်ပါလာတဲ့ သံသယရှိသူနှစ်ဦးကိုဖမ်းဆီးခဲ့ပါတယ်။
အဲဒီအပြင် လမ်းကြောင်းရှင်းလင်းပေးဖို့ ဦးဆောင်မောင်းနှင်လာတဲ့ အခြား Pickup ကားတစီးနဲ့အတူ သံသယရှိသူ သုံးဦးကိုပါ ထပ်မံပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ပြီး လက်ကိုင်ဖုန်းငါးလုံးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းဆီးခံရသူငါးဦးစလုံးဟာ ပြစ်မှုကျူးလွန်ကြောင်း ထွက်ဆိုခဲ့ကြတဲ့အတွက် တရားမဝင်မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုစွဲချက်နဲ့ ပယူဟကီရီ ရဲစခန်းကိုလွှဲပြောင်းကာ ဥပဒေနဲ့အညီ ဆက်လက်အရေးယူသွားမှာ ဖြစ်ပါတယ်။














