Border News Agency
မြောက်ဦး၊ အောက်တိုဘာ ၂၀။
အာရက္ခဒေသလက်နက်ကိုင်ပဋိပက္ခတွေကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့အမျိုးသမီးတွေဟာ စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ အခြေခံအကူအညီတွေပြတ်လပ်မှုနဲ့ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းတွေနဲ့ယာယီခို လှုံရာစခန်းတွေမှာ စစ်ဘေးဒဏ်ကို ခေတ္တရှောင်တိမ်းနေကြရပေမယ့် အလုပ်အကိုင်ကင်းမဲ့တာ၊သွားလာရေး အကန့်အသတ်တွေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေကြောင့် အမျိုးသမီးတွေရဲ့နေ့စဉ် ရုန်းကန်နေရတဲ့ ဘဝတွေပိုခက်ခဲနေကြတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။
“စစ်ပွဲဖြစ်တော့အလုပ်အကိုင်တွေအကုန်ပျက်စီးကုန်တယ်။အိမ်မှာ ကလေးတွေရော သက်ကြီးရွယ်အိုတွေကိုပါကျမတို့ကပဲ တာဝန်ယူ ကြည့်ရှုနေရတာပါ။စားနပ်ရိက္ခာလည်း အတော်လေး လျှော့စားနေရပြီး အကူအညီတွေမရရင် ရှေ့ဆက်ဖို့ သေရေးရှင်ရေး ဖြစ်နေပါတယ်။”လို့ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတဲ့ အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းတွေရှိအမျိုးသမီးတွေဟာ မိသားစုစားနပ်ရိက္ခာရှာဖွေရေးအတွက် ရုန်းကန်နေကြရသလို ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အို မိသားစုဝင်တွေကိုပြုစုစောင့်ရှောက်တဲ့ တာဝန်တွေကိုပါပုခုံးထမ်းနေကြရတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေကဆိုကြပါတယ်။
“စစ်ဘေးရှောင်စခန်းတွေမှာ အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေအတွက် သီးသန့် ဘေးကင်းရေးနဲ့ကျန်းမာရေးဆိုင်ရာထောက်ပံ့မှုတွေအလွန်နည်းပါးနေပါတယ်။ လျှပ်စစ်မီးနဲ့လုံခြုံတဲ့အကာအကွယ် မရှိတာကြောင့်လည်း အမျိုးသမီးတွေအတွက် အောက်ခြေမှာ စိုးရိမ်စရာတွေ အများကြီးရှိနေပါတယ်။”လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူ အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီအပြင် ဒေသအတွင်းသတင်းအချက်အလက်နဲ့ အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတာ၊ကုန်းလမ်း၊ ရေလမ်း သွားလာရေး အကန့်အသတ်တွေကြောင့် ပြင်ပမှ လူသားချင်းစာနာမှု အကူအညီတွေစစ်ဘေးရှောင်စခန်းတွေဆီရောက်ဖို့ အလွန် ခက်ခဲနေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
“စစ်ပွဲကြားမှာ အမျိုးသမီးတွေဟာ ဝင်ငွေရတဲ့အလုပ်မရှိတော့တာအပြင် မိသားစုစောင့်ရှောက်ရေး တာဝန်တွေပါ ပိုတိုးလာနေတာပါ။ ဒါပေမယ့် သူတို့အတွက် သီးသန့် အကာအကွယ်ပေးရေးနဲ့ သက်မွေးဝမ်းကျောင်း အကူအညီတွေ ရောက်ရှိမှုက အလွန်နည်းပါးနေပါသေးတယ်။”လို့ ဒေသတွင်း အမျိုးသမီးအရေးဆောင်ရွက်နေသူတဦးက Border News Agency ကိုပြောပါတယ်။
မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး လုပ်ကိုင်တဲ့ လူမှုအသိုင်းအဝိုင်းတွေမှာအမျိုးသား ၆၄ ရာခိုင်နှုန်း မြေယာပိုင်ဆိုင်မှုနဲ့ နှိုင်းယှဉ်ရင် အမျိုးသမီး ၄၉ ရာခိုင်နှုန်းသာ မြေယာပိုင်ဆိုင်ကြောင်းတွေ့ရတယ်လို့ ကျေးလက်အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် UNDP Myanmar မှ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကဆိုပါတယ်။
အဲဒီအပြင် အကျပ်အတည်းကာလ စီးပွားရေးအတွင်း အမျိုးသား ၂၃ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် အမျိုးသမီး ၄၂ ရာခိုင်နှုန်းမှာ ဘယ်ဝင်ငွေမျှ မရှိကြဘဲ အခကြေးငွေမရရှိတဲ့ ပြုစုစောင့်ရှောက်မှု လုပ်ငန်းအများစုကို အမျိုးသမီးတွေကသာ ဆက်ပုခုံးထမ်း ထမ်းဆောင်နေကြရတယ်လို့လည်းဆိုပါတယ်။






