Border News Agency
ကျောက်တော်၊ နိုဝင်ဘာ ၅။
အယ်လ်နီညိုရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အပူလွန်ကဲမှုနဲ့ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်နိုင်ဖို့အတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနကသတိပေးချက် ထုတ်ပြန်ပါတယ်။
အယ်လ်နီညို ဖြစ်စဉ်ကြောင့် အပူလှိုင်းကျရောက်တာ၊ မိုးခေါင်ရေရှားတာနဲ့ အပူချိန်မြင့်မားတာတွေ ဖြစ်ပေါ်နိုင်ပြီး အပူဒဏ်ကြောင့် အပူလျှပ်တာ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီအပူဒဏ်ကို ကာကွယ်ဖို့အတွက် ရေကို တရက်ကို အနည်းဆုံး နှစ်လီတာကနေ သုံးလီတာအထိ များများသောက်ပေးဖို့၊ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ဖို့နဲ့ နေပူထဲထွက်ရင် ထီး၊ ဦးထုပ်နဲ့ နေကာမျက်မှန်တွေ အသုံးပြုဖို့ နှိုးဆော်ထားပါတယ်။
အဲဒီအပြင် မွန်းလွဲ ၁၂ နာရီကနေ ၄ နာရီအတွင်း ပြင်းထန်တဲ့ အလုပ်တွေ လုပ်တာကို ရှောင်ကြဉ်ဖို့၊ ကဖီးန်နဲ့ အရက်သေစာ သောက်သုံးတာတွေကို ရှောင်ဖို့၊ အအေးလွန်တာနဲ့ အချိုလွန်တဲ့ အဖျော်ယမကာတွေကို မသောက်ဖို့နဲ့ ကလေး သို့မဟုတ် အိမ်မွေးတိရစ္ဆာန်တွေကို ကားထဲမှာ ပိတ်မထားဖို့သတိပေးထားပါတယ်။
ခေါင်းမူးတာ၊ မူးမေ့တာ၊ အန်တာနဲ့ ခန္ဓာကိုယ် အပူချိန် အလွန်မြင့်တက်လာတာစတဲ့ အရေးပေါ် လက္ခဏာတွေ ဖြစ်ပေါ်လာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ကျန်းမာရေးဌာနတွေကို ချက်ချင်း သွားရောက်ပြသဖို့ လိုအပ်တယ်လို့လည်း သတိပေးထားပါတယ်။






