Border News Agency
ကျိုက်ထို၊ နိုဝင်ဘာ ၁၀။
မွန်ပြည်နဲ့ပဲခူးတိုင်းနယ်စပ်ဖြစ်တဲ့ ကျိုက်ထိုနဲ့ရွှေကျင်မြို့နယ်ရှိ KNU၊ KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့စခန်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်က နိုဝင်ဘာလ ၉ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
သိမ်ဇရပ်-ကျိုက်ထိုဒေသနဲ့ ရွှေကျင်နယ်စပ် တောတောင်တွေအတွင်း တော်လှန်ရေး အဖွဲ့တွေ အခြေပြုလှုပ်ရှားနေတယ်လို့ဆိုကာ အာဏာသိမ်းစစ်တပ်က နိုဝင်ဘာလ ၃ ရက်မှစတင်ပြီး စစ်ကြောင်းတွေခွဲထိုးစစ်ဆင်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီနေရာတွေကို နိုဝင်ဘာလ ၅ ရက်မှ ၈ ရက်ထိ ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး KNU တပ်မဟာ (၁) ဌာနချုပ်နဲ့ NUG စစ်ဌာနချုပ် အပါအဝင် စခန်းဆယ့်တခုကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဘက်က သူတို့ရဲ့ စစ်ဆင်ရေးအောင်မြင်မှုတွေကို ထုတ်ပြန်ထားပေမယ့် မြေပြင်မှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ပတ်သက်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်မှ သီးခြားသတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အာဏာသိမ်းစစ်တပ်က သိမ်ဇရပ်-ကျိုက်ထို နယ်စပ်ဒေသတွေမှာ စစ်ကြောင်းထိုးနယ်မြေရှင်းလင်းမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

















