ထွန်းလင်းရေးသည်။
In-depth Analysis
Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၁၃။
(ဓာတ်ပုံ-၂၀၂၃ ခုနှစ်၊ဇူလိုင်လထိ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ဟု သုံးနှုန်းခဲ့သည်။/BNA)
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ
အာရက္ခတပ်တော်(AA)ပါဝင်သည့်ညီ နောင်မဟာမိတ်သုံးဖွဲ့၏”၁၀၂၇ စစ်ဆင်ရေး”အဖြစ် အာရက္ခဒေသတွင် ပြီးခဲ့သည့်၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများကို အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထိုအာရက္ခအဆုံးအဖြတ်စစ်ပွဲသည် နိုဝင်ဘာလ ၁၃ ရက်၊ ယနေ့တွင် သုံးနှစ်ပြည့်ပြီဖြစ်ပြီး အာရက္ခအဆုံးအဖြတ်စစ်ပွဲတွင် အာရက္ခတပ်တော်သည် ပလက်ဝမြို့နယ်အပါအဝင် တဆယ့်ငါးမြို့နယ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားသည်။
ထိုအပြင် အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊အာရက္ခ-အိန္ဒိယနယ်စပ်ကို အပြီးသတ်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားများဖော်ဆောင်နေသည်။
အာရက္ခတပ်တော်သည် အာရက္ခပြည်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းများကို စိုးမိုးနယ်မြေအချို့စတင်ရချိန် ၂၀၁၉၊ ၂၀၂၀ ခုနှစ်ခန့်ကတည်းက စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်ရေးလက်တံတိုလာချိန် ၂၀၂၁ ၊ ၂၀၂၂ ခုနှစ်များတွင် ပိုမိုချဲ့ထွင်ခဲ့သည်။
ထိုရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့သည် အစပိုင်းတွင် နယ်မြေမှူးများ၊အာရက္ခတပ်တော်တပ်ဖွဲ့၀င်များကသာ အုပ်ချုပ်ရေးလုပ်ငန်းလုပ်ခဲ့ကြသဖြင့် စနစ်တကျမရှိခဲ့ဘဲ မြို့များအလုံးစုံသိမ်းပိုက်ပြီးလာချိန်မှာသာ ဗဟိုအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်၊ မြို့နယ်၊ နယ်မြေ၊ရပ်ကွက်၊ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များဖွဲ့ကာ စနစ်တကျစီမံ အုပ်ချုပ်လာသည် တွေ့ရသည်။
ထိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ (Arakan People’s Authority)ဟု အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ချိန်ထိအသုံးပြုခဲ့ဖူးပြီး အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် အာရက္ခပြည်သူ့အစိုးရ(Arakan People’s Government)ဟု ပြောင်းလဲသုံးလာသည်ကို တွေ့ရသည်။
ထိုအာရက္ခပြည်သူ့အစိုးရကို ၂၀၂၅ ခုနှစ်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟု တော်လှန်ရေးစကားလုံးကို တရားဝင်ထည့်သွင်းသုံးလာသည်ကို တွေ့ရသည်။
ထိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအောက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)သည် ပါတီအဖြစ်ရှိပြီး ထိုပါတီအောက်တွင် အာရက္ခတပ်တော်(AA)သည်တပ်အဖြစ်ရှိသည်ဟု အာရက္ခတပ်တော်ခေါင်းဆောင်က အာရက္ခသတင်းသမားများနှင့်သီးသန့်အစည်းအဝေးတွင် ရှင်းပြဖူးသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ၏ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးရုံးများတွင် ASPPA ဟု ခေါ်သည့် အာရက္ခပြည်သူ့ရေးရာမူဝါဒနှင့်စီမံအုပ်ချုပ်ရေးကျောင်းဆင်းများကို အဓိကနေရာပေးထားပြီး အရပ်ဘက်က လာလျှောက်ကြသည့်လူငယ်အများစုပါ၀င်သည်ကိုလည်း တွေ့ရသည်။
ထိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် အုပ်ချုပ်ရေး၊တရားစီရင်ရေး၊အခွန်၊အခကောက်ခံရေးအပြင် ပညာရေး၊ကျန်းမာရေး၊စိုက်ပျိုးရေးအပါအဝင် အစိုးရတရပ်အတွက်လိုအပ်သည့်ဌာနပေါင်းစုံကို ဖွဲ့စည်ဖော်ဆောင်လာခဲ့သည်။
ထိုကဲ့သို့ စစ်ရေးမပြီးပြတ်သေးသည့်တော်လှန်ရေးကာလတွင် အစိုးရတရပ်အဖြစ် အခက်အခဲစိန်ခေါ်မှုများစွာကြားက တည်ဆောက်နေကြရသည့်အတွက် လိုအပ်လှစ်ဟမှုများရှိသည်ကို အာရက္ခပြည်သူလူထုနားလည်သဘောပေါက်လက်ခံကြပေလိမ့်မည်။
သို့သော်လည်း အစိုးရတရပ်သည် ပြည် သူလူထုအပေါ်တွင် တာဝန်ယူ၊တာဝန်ခံရမည်မှာ အစိုးရတရပ်၏မလွှဲမသွေတာဝန်များသာဖြစ်သည်။
နယ်မြေထိန်းချုပ်ရေးထက်ကျော်လွန်
(ဓာတ်ပုံ-၂၀၂၃ ခုနှစ်၊နိုဝင်ဘာလတွင် အာရက္ခပြည်သူ့အစိုးရဟု ပြောင်းလဲသုံးနှုန်းလာသည်။/BNA)
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးယန္တရားကျယ်ပြန့်လာနေပြီး တရားရုံးများ ၊အခွန်ကောက်ခံရေးစနစ်များနှင့်ဌာနဆိုင်ရာများကို တည်ဆောက်လာနိုင်ခြင်းသည် စစ်ရေးလှုပ်ရှားမှုထက်ကျော်လွန်ကာ နယ်မြေအုပ်ချုပ်ရေးတာဝန်များကို လက်တွေ့ထမ်းဆောင်လာရသည့်အခြေအနေကို ဖော်ပြနေသည်။
သို့သော် နယ်မြေထိန်းချုပ်နိုင်ခြင်းသည် ပြည်သူများအပေါ် တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိကြောင်း သက်သေပြနိုင်ခြင်းမဟုတ်သေးပေ။
ဒေသခံပြည်သူများထံမှ အခွန်ကောက်ခံခြင်း၊ တရားစီရင်ရေးအာဏာကျင့်သုံးခြင်းနှင့် လုံခြုံရေးဆိုင်ရာဆုံးဖြတ်ချက်များချမှတ်ခြင်းများရှိလာသည်နှင့်အမျှ ထိုအာဏာများကို မည်သို့အသုံးပြုနေသည်။ အမှားအယွင်းဖြစ်ပါက မည်သူက တာဝန်ခံမည်။ပြည်သူများက မည်သို့ပြန်လည်မေးမြန်းနိုင်မည်ဆိုသည့်မေးခွန်းများလည်း ပိုမိုအရေးကြီးလာသည်။
အာရက္ခပြည်သူများအတွက် ယခုအချိန်တွင် အဓိကမေးခွန်းသည် အာရက္ခတပ်တော်က နယ်မြေမည်မျှထိ ထိန်းချုပ်ထားနိုင်သည်မဟုတ်တော့ပေ။
အာရက္ခတပ်တော်နယ်မြေထိန်းချုပ်မှုနှင့်အတူ ပေါ်ပေါက်လာသည့် အုပ်ချုပ်ရေးအာဏာကို ပြည်သူ့အကျိုးအတွက် မည်မျှထိရောက်စွာအသုံးပြုနိုင်သနည်း။
ထိုအာဏာအပေါ် ဒေသခံပြည်သူများ၏မေးခွန်းများကို မည်မျှထိပြန်လည်ဖြေကြားနိုင်သနည်းဆိုသည့် မေးခွန်းဖြစ်လာသည်။
ဤအချက်ကိုအခြေခံ၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်နှင့်ဘဏ္ဍာရေး၊ လုံခြုံရေး၊ပြည်သူ့လွတ်လပ်ခွင့်၊ လူနည်းစုအခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတာဝန်များကို ဆန်းစစ်ကြည့်ရန် လိုအပ်လာသည်။
ဒီဖက်တိုအုပ်ချုပ်ရေးအာဏာနှင့်အတူ ပေါ်ပေါက်လာသည့်တာဝန်များ
(ဓာတ်ပုံ-၂၀၂၆ ခုနှစ်တွင်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟု တော်လှန် ရေးစကားလုံးကို တရားဝင်ထည့်သွင်းသုံးနှုန်းလာသည်။/BNA)
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ကို ဒီဖက်တို(Defacto)အုပ်ချုပ်ရေးအာဏာတရပ်အဖြစ် ဆွေးနွေးရာတွင် အရေးကြီးဆုံးအချက်မှာ အာဏာရှိခြင်းနှင့် တာဝန်ရှိခြင်းတို့ကို ခွဲခြား၍မရခြင်းဖြစ်သည်။
နိုင်ငံတကာအသိအမှတ်ပြုထားသည့် အစိုးရတရပ်ဖြစ်ခြင်းနှင့်နယ်မြေတခုအတွင်း အုပ်ချုပ်ရေးအာဏာကို လက်တွေ့ကျင့်သုံးနိုင်ခြင်းတို့သည် တူညီသည့်အရာများ မဟုတ်ပေ။
သို့သော် နယ်မြေတခုအတွင်း ပြည်သူများ၏နေ့စဉ်ဘဝ၊လွတ်လပ်ခွင့်၊စီးပွားရေးလုပ်ကိုင်ခွင့်နှင့် တရားမျှတမှုရရှိရေးတို့ကို ဆုံးဖြတ်နိုင်သည့် အာဏာရှိလာသည်နှင့်အမျှ ထိုအာဏာကို အသုံးပြုသူများတွင် ပြည်သူများအပေါ် တာ ဝန်များလည်း ပေါ်ပေါက်လာသည်။
လက်နက်ကိုင်ပဋိပက္ခအခြေအနေတွင် အစိုးရဖြစ်စေ၊အစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့ဖြစ်စေ သက်ဆိုင်ရာနိုင်ငံတကာလူသားချင်းစာနာထောက် ထားမှုဆိုင်ရာဥပဒေကို လိုက်နာရသည်။
ထိုအပြင် အုပ်ချုပ်ရေးအာဏာကို ကျ င့်သုံးနေသည့်အဖွဲ့အစည်းတရပ်အနေဖြင့် ပြည်သူ့လုံခြုံရေး၊အခြေခံဝန်ဆော င်မှု၊တရားမျှတမှုနှင့်အာဏာအသုံးပြုမှုအပေါ် တာဝန်ခံနိုင်ရေးတို့ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
“ULA/AA အနေနဲ့စစ်နိုင်ရုံနဲ့အချုပ်အခြာအာဏာ မခိုင်မာနိုင်ပါဘူး။ ပလက်ဝမြို့နဲ့ရခိုင်က မြို့နယ် ၁၄ မြို့နယ်ကို ထိန်းချုပ်လိုက်နိုင်တာနဲ့အမျှ တော်လှန်ရေးအဖွဲ့အဆင့်ကနေ De facto (ဒီဖက်တို)အစိုးရအဆင့်ကို ကူးပြောင်းသွားတာဖြစ်လို့ လူမျိုး၊ ဘာသာမခွဲဘဲ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးနဲ့ အာဏာအလွှဲသုံးစားမှုမရှိရေးအတွက် တာဝန်ခံမှု (Accountability) စနစ်ကို ပိုမိုခိုင်မာအောင် တည်ဆောက်ပြဖို့ မဖြစ်မနေလိုအပ်လာတာ ဖြစ်ပါတယ်။”ဟု အဥ္ဇနပူရမြို့နယ်မှ အလွတ်တမ်းရှေ့နေတဦးက ULA/AA ၏ အုပ်ချုပ်ရေးအာဏာ ကျယ်ပြန့်လာခြင်းနှင့်အမျှ တာဝန်ခံမှုစနစ်ပိုမိုခိုင်မာရန်လိုအပ်လာကြောင်း ထောက်ပြသည်။
ဤသုံးသပ်ချက်သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏လက်ရှိအခြေအနေကို နားလည်ရန် အရေးကြီးသည့်အချက်တခုဖြစ်သည်။
စစ်ရေးအောင်မြင်မှုသည် နယ်မြေထိန်းချုပ်မှုကို ဖြစ်ပေါ်စေနိုင်သော်လည်း အုပ်ချုပ်ရေးအောင်မြင်မှုသည် ပြည်သူများ၏ယုံကြည်မှုနှင့်အခွင့်အရေးများကို မည်မျှထိကာကွယ်ပေးနိုင်သနည်းဆိုသည့်အချက်အပေါ် မူတည်နေသည်။
တရားစီရင်ရေး: ပြည်သူများအားထားနေရသည့်စနစ်နှင့် ကျန်ရှိနေသည့်အားနည်းချက်များ
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးအကောင်အထည်ဖော်မှုကို တိုင်းတာရာတွင် တရားစီရင်ရေးကဏ္ဍသည် အရေးကြီးဆုံးကဏ္ဍများထဲမှတခုဖြစ်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)သည် ၂၀၂၁ ခုနှစ်တွင် ထိန်းချုပ်နယ်မြေများအတွင်း ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကို တရားဝင်တည်ထောင်ကြောင်း ကြေညာခဲ့ပြီး ထိုမတိုင်မီကတည်းကလည်း မြေပြင်တွင် တရားစီရင်ရေးလုပ်ငန်းများကိုအကောင်အထည်ဖော်နေခဲ့သည်။
ထိုတရားရုံးစနစ်ကို အရပ်သားတရားသူကြီးများက ဦးဆောင်နေပြီး ဥပဒေပြုရေးအာဏာကို ဗဟိုအမှုဆောင်ကော်မတီ(CEC)လက်အောက်တွင် ထားရှိသည်။
ထိုအာရက္ခတရားစီရင်ရေးသည် အဓိကတရားစီရင်ရေးလမ်းကြောင်းတခုဖြစ်လာသည်ဟု အာရက္ခရှေ့နေများကဆိုကြသည်။
“ရခိုင်ပြည်မှာ တရားစီရင်ရေးနဲ့ပတ်သက်လို့ပြောရရင် ရခိုင်တပြည်လုံးရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းထက်မနည်းကို ULA ရဲ့ တရားရုံးစနစ်တွေက ဖြေရှင်းပေးနေတာဖြစ်ပါတယ်။ တရားရုံးတွေကို လုံခြုံရေးအရ ရွှေ့လျားအနေနဲ့ဆောင်ရွက်ခဲ့တာရှိပါတယ်။ အဓိကတော့ လေကြောင်းရန်ကြောင့် ရွှေ့ပြောင်းဆောင်ရွက်ရတာဖြစ်ပါတယ်။”ဟု ကျောက်တော်မြို့ နယ်မှရှေ့နေတဦးက ULA၏တရားရုံးစနစ်သည် ဒေသခံပြည်သူများအတွက် အဓိကတရားစီရင်ရေးလမ်းကြောင်းတခုဖြစ်လာနေကြောင်း ပြောသည်။
အာရက္ခတရားစီရင်ရေးယန္တရားသည် စစ်ရေးနယ်မြေထိန်းချုပ်မှုထက် ကျော်လွန်ပြီး ဒေသခံပြည်သူများ၏နေ့စဉ်လူမှုဘဝနှင့်တိုက်ရိုက်ဆက်စပ်လာနေကြောင်း တွေ့ရသည်။
ထိုအပြင်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရှေ့နေများ၊ တရားသူကြီးများ၊ တရားရေးဝန်ထမ်းများအပါအဝင် ဝန်ထမ်းအချို့၏အဂတိလိုက်စားမှုများရှိနေကြောင်းကို ကိုယ်တိုင်ရင်ဆိုင်ကြုံ တွေ့ခဲ့ကြရသည့် အမှုသည်အချို့က Border News Agency ကို အတည်ပြုပြောကြသည်။
ထိုကဲ့သို့အဂတိလိုက်စားသဖြင့် ခရိုင်အဆင့်တရားသူကြီးတဦးကို အနားပေးအရေးယူခဲ့ရသည်ဟု အာရက္ခသတင်းသမားများနှင့်သီးသန့်တွေ့ဆုံမှုတွင် အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဝန်ခံပြောဆိုဖူးသည်။
ထိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားသူကြီးချုပ်အဖြစ်မြထွန်းအောင်က တာဝန်ယူလုပ်ဆောင်နေပြီး ခရိုင်အဆင့်တရားသူကြီးတဦးကို အရေးယူအနားပေးလိုက်သဖြင့် သူ့နေရာကို ချက်ချင်းအစားထိုးခန့်အပ်မည့်နောက်ထပ်တရားသူကြီးတဦးအဆင်သင့်ရှိမနေကြောင်းလည်း အာရက္ခတပ်တော် (AA)တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဝန်ခံရှင်းပြပြောဆိုဖူးသည်။
ထိုအာရက္ခတရားသူကြီးချုပ်မြထွန်းအောင်ဖိတ်ခေါ်မှုကြောင့် တရားသူကြီးချုပ်ရှိရာတရားရုံးသို့ Border News Agency၏အယ်ဒီတာအဖွဲ့ဝင်အားလုံးသွားရောက်လေ့လာဖူးသည့်အပြင် Border News Agency ကို အမှုသည်များပေးပို့လာသောအမိန့်ချထားသည့်များအပါအဝင်အမှုများကိုလည်း Border News Agency က လေ့လာဆန်းစစ်ခွင့်ရထားသည်။
ထို့ကြောင့်အာရက္ခတရားစီရင်ရေးစနစ်တွင် လူ့စွမ်းအားအရင်းအမြစ်များ ၊အခြေခံအဆောက်အအုံများ၊ ပစ္စည်းရင်းမြစ်များကန့်သတ်မှုများ၊ တရားစီရင်ရေးပွင့်လင်းမြင်သာမှုအားနည်းချက်များရှိနေသည်ကို တွေ့ရသည်။
ထိုတရားရုံးများတွင်အမှုများ ကြာရှည်နေခြင်းနှင့်ရှေ့နေများ မကြာခဏ ပြောင်းလဲတာဝန်ပေးခံရခြင်းတို့ကြောင့် တရားရုံးလုပ်ငန်းစဉ်များ နှောင့်နှေးနေသည်။
ထို့အပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)သည် အာရက္ခတရားရေးဌာနနှင့်ပူးပေါင်းဆောင်ရွက်မှုအားနည်းသည့်အတွက် တရားစီရင်ရေး၏ထိရောက်မှုအပေါ်သက်ရောက်မှုရှိနေသည်ဟု အာရက္ခတရားရေးအသိုင်းအဝိုင်းက ထောက်ပြကြသည်။
ထို့ကြောင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊သတ်ဖြတ်မှုနှင့်လူသတ်မှုကဲ့သို့သော ပြင်းထန်ရာဇဝတ်မှုများကို ကိုင်တွယ်ရန် အထူးတရားရုံးတခုကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရစတင်ဖွဲ့စည်းထားသည်။
သို့သော် တရားရုံးများဖွဲ့စည်းထားခြင်းနှင့်တရားမျှတမှု အပြည့်အဝရရှိခြင်းသည်မတူညီပေ။
တရားစီရင်ရေးစနစ်တခု၏အရည်အ သွေးကို တိုင်းတာရာတွင် တရားသူကြီးများ၏လွတ်လပ်မှု ၊အယူခံဝင်ခွင့်၊ ရှေ့ နေငှားရမ်းခွင့်၊ တရားမျှတစွာ ကြားနာခွင့်နှင့်ဆုံးဖြတ်ချက်များအပေါ် ပြန်လည်စစ်ဆေးနိုင်မှုတို့ကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
“ကျနော် ကြုံဖူးသလောက်ဆိုရင်တော့ ULA/AA တရားရုံးတွေမှာ တရားမျှတမှုတွေ ရှိတယ်လို့ ယေဘုယျအနေနဲ့ပြောလို့ ရပါတယ်။အပြင်က ရှေ့နေငှားခွင့်ပေးပါတယ်။တကယ်လို့ အပြင်က မငှားနိုင်ရင်လည်း အစိုးရရှေ့နေက လို က်ပေးပါတယ်။မြို့နယ်တရားရုံးရဲ့ဆုံး ဖြတ်ချက်ကို မကျေနပ်ရင်လည်း ခရိုင်တရားရုံး၊ဗဟိုတရားရုံးတွေမှာ ဆက်ပြီး စွဲဆိုလို့ ရပါသေးတယ်။ ငွေကုန်ကျလည်းသက်သာပါတယ်။တခုတော့ ရှိတာပေါ့။လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်ဖြစ်လာရင်တော့ အမှုက ကြာနေတတ်ပါတယ်။”ဟု အဥ္ဇနပူရမြို့နယ်ရှိ ကျေးရွာတရွာမှ မြေယာပိုင်ဆိုင်မှု အမှုရင်ဆိုင်ခဲ့ဖူးသူတဦးကမူ ၎င်း၏ ကိုယ်တွေ့အတွေ့အကြုံအရ အာရက္ခတရားရုံးများတွင်တရားမျှတမှုရှိကြောင်း ပြောဆိုသည်။
သို့သော်လည်း မြောက်ဦးမြို့နယ်၊ပေါင်းတုတ်ကျေးရွာအနီးမြေသိမ်းမှုများတွင် မြေပိုင်ရှင်များကို မြေသိမ်းဥပဒေအတိုင်းလျှော်ကြေးမပေးသည့်အပြင်ဖမ်းဆီးစစ်ဆေးခြိမ်းခြောက်အကြပ်ကိုင်မှုများရှိနေသကဲ့သို့ အဥ္ဇနပူရမြို့ နယ်ရှိ ကျေးရွာတရွာမှ မြေယာပိုင်ဆိုင်မှုအကြောင်းကို လူမှုကွန်ရက်ပေါ် ရေးသားတင်ပြခဲ့သူကျူရှင်ဆရာတဦးကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့်ဖမ်းဆီးထားသည်ဟု မိသားစုဝင်များက အတည်ပြုကြသည်။
ထိုအပြင် ကျောက်တော်မြို့နယ်၊မြေပုံမြို့နယ်၊အမ်းမြို့နယ်တွင်လည်း မြေယာအမှုများကို အဂတိလိုက်ဆုံးဖြတ်ထားသည်ဟု မူလမြေပိုင်ရှင်များက Border News Agency ကို သက်သေအထောက်အထားများပေးပို့ပြောကြားလာကြသည်။
နောက်ထပ်မဒိန်းမှုအချို့ကိုလည်း DNA မစစ်ဆေးဘဲအမိန့်ချမှားယွင်းပြစ်ဒဏ်ပေးထားသည်များအပြင် တရားရေးဝန်ထမ်းမိသားစုဝင်များဘက်ကို ဘက်လိုက်အနိုင်ပေးလိုက်သည်များရှိနေသည်ဟု အာရက္ခပြည်သူများက အတည်ပြုပြောကြသည်။
ထို့ကြောင့် အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရအနေဖြင့် တရားရုံးများ၏ လုပ်ဆောင်ချက်များကို ပိုမိုပွင့်လင်းစွာ ထုတ်ပြန်ခြင်း၊တရားစီရင်ရေးနှင့်အုပ် ချုပ်ရေးအာဏာကို သင့်လျော်စွာခွဲခြား ခြင်းနှင့်ပြည်သူများအတွက် တိုင်ကြား၊အယူခံဝင်နိုင်သည့်လမ်းကြောင်းများကို ခိုင်မာစေခြင်းတို့သည် အရေးကြီးလာသည်။
အခွန်ကောက်ခံမှု: အုပ်ချုပ်ရေးအတွက် ဘဏ္ဍာရေးရင်းမြစ်လား၊ပြည်သူ့ဝန်ထုပ်ဝန်ပိုးလား
(ဓာတ်ပုံ-အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏မြေယာအရောင်းအဝယ်စာချုပ်/BNA)
အုပ်ချုပ်ရေးယန္တရားတရပ် ရပ်တည်နိုင်ရန် ဘဏ္ဍာရေးရင်းမြစ်သည် မရှိမဖြစ်လိုအပ်သည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသ ည်လည်း ဗဟို၊ခရိုင်နှင့်မြို့နယ်အဆင့်များတွင် အခွန်ဌာနများ ဖွဲ့စည်းထားပြီး အခွန်၊အခကောက်ခံမှုများ ပြုလုပ်နေသည်။
မြို့နယ်အဆင့်တွင် မြို့ပိုင်ဆိုင်ရာ၊ကုန် သွယ်ရေးနှင့်ကုန်စည်ပို့ဆောင်ရေးအခွန်များ၊ ယာဉ်လိုင်စင်အခွန်များကိုကောက်ခံနေသည်။
သို့သော်လည်း အခြေခံစားသောက်ကုန်များကို အခွန်လွတ်တင်သွင်းခွင့်ပေးထားပြီး အရက်သေစာများအတွက်မူ ငါးဆယ်ရာခိုင်နှုန်းထိ အခွန်ကောက်ခံနေကြောင်း အရက်သေစာတင်သွင်းရောင်းချနေကြသူများက အတည်ပြုပြောကြသည်။
“တင်သွင်းတဲ့ ကုန်ပစ္စည်းတိုင်းကို ULA/AAက အခွန်ကောက်တာတော့ မဟုတ်ပါဘူး။ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် စတဲ့ စားသောက်ကုန်တွေကို အခွန်မကောက်ဘဲ အခွန်လွတ်တင်သွင်းခွင့်ပေးထားပါတယ်။ဒါပေမယ့် အရက်သေစာတွေကျတော့ အခွန်ခ ငါးဆယ်ရာခိုင်နှုန်းထိ ကောက်ခံပါတယ်။”ဟု ကျောက်တော်မြို့နယ်မှ အရက်သေစာတင်သွင်းရောင်းချနေသူတဦးမှပြောသည်။
ထိုအခြေခံစားသောက်ကုန်များကို အခွ န်ကင်းလွတ်ခွင့်ပေးခြင်းသည် စားသောက်ကုန်ပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို လျှော့ချရန် ရည်ရွယ်သည့် မူဝါဒတရပ်အဖြစ် မြင်နိုင်သည်။
သို့သော် အခွန်ကောက်ခံမှုသည် အုပ်ချုပ်ရေးတရပ်အတွက် ဝင်ငွေရရှိစေသည့်နည်းလမ်းတခုဖြစ်ရုံသာမက ပြည်သူများအပေါ် မည်သည့်အကျိုးသက်ရောက်မှုရှိနေသနည်းဆိုသည်ကိုပါ စဉ်းစားရန် လိုအပ်သည်။
“ကျနော်တို့အနေနဲ့ ULA/AA ရဲ့အုပ်ချုပ်ရေးကို အပြစ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။အခွန်စနစ်က အစိုးရတရပ်ရဲ့ အဓိက ငွေရပေါက်တခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရက္ခိုင်လို အကျပ်အတည်းစုံနေတဲ့ အခြေအနေမှာ အခွန်မြင့်တာဟာ ကုန်သည်တွေအပေါ် တိုက်ရိုက်မရိုက်ခတ်ပါဘူး။သူတို့က အခွန်ဖိုးခကို ဝယ်သူတွေဆီကပဲ ဈေးနှုန်းမြှင့်ပြီး ယူတာပါပဲ။အဲဒါကြောင့် သာမာန်ပြည်သူတွေအပေါ်ကို ဝန်ထုတ်ထပ်ပိသွားတဲ့သဘောသက်ရောက်ပါတယ်။” ဟု မြေပုံမြို့နယ်မှ ကျောင်းဆရာတဦးလည်းဖြစ်၊နိုင်ငံရေးလေ့လာသူတဦးလည်းဖြစ်သည့် ဦးကြိုင်သာထွန်းက အခွန်မြင့်တက်မှု၏နောက်ဆက်တွဲဝန် ထုပ်ဝန်ပိုးကို သာမန်ပြည်သူများက ခံစားရနိုင်ကြောင်း သုံးသပ်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)သည် အခွန်၊အခကောက်ခံမှုများကို အာရက္ခအဆုံးအဖြတ်စစ်ပွဲမတိုင်ခင်ကတည်းက ကောက်ခံခဲ့သော်လည်း ထိုအခွန်၊အခကောက်ခံခဲ့မှုအ ချို့ကို အသိအမှတ်မပြုတော့ကြောင့်ကိုယ်တိုင်ကြုံတွေ့ကြရသည့် အာရက္ခပြည်သူများက ရှင်းပြကြသည်။
အာရက္ခတပ်တော်ထိန်းချုပ်နယ် မြေများတွင် မြေအရောင်းအဝယ်များကို သတ်မှတ်အခွန်ကောက်ခံခဲ့ကြသော်လည်း ထိုမြေများအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အတင်းအဓမ္မသိမ်းယူမည့်အချိန်တွင်မူ အခွန်ကောက်ခံခဲ့ခြင်းကို အသိအမှတ်ပြုဖြေရှင်းတာဝန်ယူမှုမရှိကြောင်း အာရက္ခပြည်သူများက ထောက်ပြကြသည်။
ထိုအပြင် စတားလင့်အင်တာနက်ကို အများပြည်သူအသုံးပြုခွင့်ရရန်အတွက် နည်းပညာကြေးဆယ်သိန်းကျပ်ထိအခွန်ကောက်ခံခဲ့ကြသော်လည်း အာရက္ခပြည်သူများအား နည်းပညာအကူအညီမပေးသည့်အပြင် အများပြည်သူပိုင်စတားလင့်အင်တာနက်များကို ထိန်းချုပ်ခြင်း၊သိမ်းယူခြင်း၊လစဥ်အခွန်များတိုးကောက်ခြင်းများပြုလုပ်နေသည်ဟု အာရက္ခပြည်သူများက အတည်ပြုပြောကြသည်။
ထို့ကြောင့် အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရ၏အခွန်၊အခကောက်ခံမှုများတွင် ပွင့်လင်းမြင်သာမှုရှိသင့်ပြီးကောက်ခံရရှိသည့်အခွန်၊အခများနှင့် အသုံးပြုပုံများကို အများပြည်သူသိအောင်တရားဝင်ထုတ်ပြန်သင့်သည်ဟု အာရက္ခပြည်သူများက တောင်းဆိုနေကြသည်။
“အခွန်ကောက်တယ်ဆိုတာ အုပ်ချုပ်ရေးအာဏာရှိတယ်ဆိုတာ ပြသတာလောက်နဲ့မပြီးပါဘူး။တကယ်တော့ အခွန်ကောက်ခံမှုဆိုတာ ပြည်သူနဲ့အုပ် ချုပ်ရေးအဖွဲ့ကြားမှာရှိတဲ့ လူမှုကတိ ကဝတ်တခုလို့ ပြောလို့ရပါတယ်။အခု ULA ဘက်က အခွန်ကောက်ခံတဲ့စနစ်မှာ တိုးတက်လာတာတွေ ရှိပါတယ်။ဒါပေမယ့် ပြည်သူတွေ သိချင်တာက အခွန်အနေနဲ့ကောက်ခံရရှိထားတဲ့ ငွေတွေကို ဘယ်နေရာမှာ ဘယ်လို ပြန်သုံးနေသလဲဆိုတာပါ။နောက်တခုက ဒေသတွင်း ဘတ်ဂျက်နဲ့အခွန်ဝင်ငွေတွေကို ဘယ်သူတွေက စစ်ဆေးပေးနေလဲ။အဲဒီစစ်ဆေးမှုက ဘယ်လောက်အ ထိ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသလဲဆိုတာလည်း အရေးကြီးပါတယ် ။” ဟု အာရက္ခဒေသတွင်း နိုင်ငံရေးနှင့် စီးပွားရေးလေ့လာဆန်းစစ်သူ ဦးထွန်း တောက်ကလည်း အခွန်ကောက်ခံမှုကို ပြည်သူနှင့်အုပ်ချုပ်ရေးအဖွဲ့ကြား လူမှုကတိကဝတ်တရပ်အဖြစ် ရှုမြင်ရန် လို အပ်ကြောင်း ပြောသည်။
ဤသုံးသပ်ချက်သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ဘဏ္ဍာရေးတာ ဝန်ခံမှုနှင့်ပတ်သက်၍ အဓိကမေးခွန်းကို ထုတ်ဖော်နေသည်။
အခွန်၊အခကောက်ခံနိုင်ခြင်းသည် အုပ်ချုပ်ရေးယန္တရားတခု၏ဘဏ္ဍာရေးစွမ်းရည်ကို ဖော်ပြနိုင်သော်လည်း ထိုငွေများကို မည်သည့်နေရာတွင် အသုံးပြုနေသည်။ပြည်သူ့ဝန်ဆောင်မှုများအတွက် မည်မျှပြန်လည်သုံးစွဲနေသည်။ မည်သူကစာရင်းစစ်ဆေးနေသည်ဆိုသည်တို့ကို မသိရှိနိုင်ပါက ဘဏ္ဍာရေးဆိုင်ရာတာဝန်ခံမှုပြည့်စုံသည်ဟု မဆိုနိုင်ပေ။
ထို့ကြောင့် အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရအနေဖြင့်အခွန်၊အခကောက် ခံမှုဆိုင်ရာစည်းမျဉ်းများ၊ဝင်ငွေရရှိမှုနှင့် အသုံးစရိတ်များကို ပြည်သူသိရှိနိုင်ရန်ထုတ်ပြန်ပေးခြင်း၊ ဘတ်ဂျက်ကို လွ တ်လပ်သည့်စာရင်းစစ်အဖွဲ့များက စစ်ဆေးနိုင်သည့်စနစ်တည်ဆောက်ခြင်း၊ အခွန်၊ အခဝင်ငွေများကို ပြည်သူ့ဝန်ဆောင်မှုများနှင့်ချိတ်ဆက်ပြသခြင်းတို့ လိုအပ်လာသည်။
အခွန်၊အခကောက်ခံခြင်းသည် အုပ်ချုပ်ရေးအာဏာကို ဖော်ပြသည့်နည်းလမ်းတခုဖြစ်သော်လည်း အခွန်၊အခငွေများကို မည်သို့အသုံးပြုသည်ဆိုသည့်အချက်ကသာ ထိုအာဏာ၏တာဝန်ခံမှုကို ပိုမိုထင်ရှားစေမည်ဖြစ်သည်။
လုံခြုံရေး: နယ်မြေကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေးကြားက တာဝန်
(ဓာတ်ပုံ-မြေယာအငြင်းပွားမှုတခုကို ခရိုင်မြေယာစီမံခန့်ခွဲမှုကော်မတီစာ/BNA)
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးတာဝန်တွင် လုံခြုံရေးသည် အဓိကကျသည့် ကဏ္ဍတခုဖြစ်သည်။
သို့သော် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများ၏လက်ရှိအခြေအနေတွင် လုံခြုံရေးပြဿနာကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊အမြောက်ပစ်ခတ်မှုနှင့်လက်နက်ကိုင်တိုက်ပွဲများမှ ခွဲထုတ်၍မရပေ။
၂၀၂၆ ခုနှစ်အတွင်း အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်အများစုတွင် လေကြောင်းတိုက်ခိုက်မှု၊ အမြောက်ပစ်ခတ်မှုနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးထိခိုက်မှု၊နေရပ်စွန့်ခွာမှုနှင့် အခြေခံအဆောက်အအုံပျက်စီးမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။
အထူးသဖြင့် မြောက်ဦးမြို့ရှိ ယာယီသားဖွားမီးယပ်ဆေးရုံ၊စာသင်ကျောင်း၊ကျောက်တော်မြို့ရှိ ဈေးနှင့်ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ လေကြောင်းတိုက်ခိုက်ခံရမှုများသည် အရပ်သားပြည်သူများအပေါ် စစ်ရေးပဋိပက္ခ၏သက်ရောက်မှုကို ထင်ရှားစေခဲ့သည်။
ဤအခြေအနေတွင် အာရက္ခတပ်တော်အနေဖြင့်စစ်ရေးအရ နယ်မြေကာကွယ်ရေးဆောင်ရွက်ရသကဲ့သို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့်လည်း ထိန်း ချုပ်နယ်မြေအတွင်းရှိ ပြည်သူများ၏ လုံခြုံရေးနှင့်အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက်အုပ်ချုပ်ရေးဆိုင်ရာတာဝန်များကို ထမ်းဆောင်ရသည်။
ပြည်သူ့လုံခြုံရေးဆိုသည်မှာ စစ်ရေးအရ နယ်မြေကို ထိန်းချုပ်ကာကွယ်နိုင်ခြင်းတခုတည်းမဟုတ်ပေ။
ပြည်သူများလွတ်လပ်စွာသွားလာနိုင်ခြ င်း၊အရပ်သားအခြေခံအဆောက်အအုံများကို ကာကွယ်နိုင်ခြင်း၊အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ရောက်ရှိနိုင်ခြင်းတို့လည်းပါဝင်သည်။
“အမှန်တကယ်တော့ ကျွန်တော်တို့ ဒေသခံတွေ မျှော်လင့်တာက AA နယ်မြေစိုးမိုးထားရုံတင် မကပါဘူး။ ညဘက်ဆို လေယာဉ်သံကြားမလား၊ လေကြောင်းကနေ ဗုံးလာကြဲမလားဆိုပြီး သေဘေးကို နေ့စဉ် စိုးရိမ်နေရတဲ့ ဘဝကနေ လွတ်မြောက်ချင်တာပါ။ စစ်တပ်က ဆေးရုံတွေ၊ ဈေးတွေကို ဗုံးကြဲတော့ ဘယ်မှလည်း မသွားရဲ၊ လွတ်လွတ်လပ်လပ် စားသောက်ကုန်ကအစ ကူးသန်းရောင်းဝယ်လို့ မရဘဲ ဒုက္ခရောက်နေကြရတာ။ AA ဘက်က နယ်မြေကင်းစင်အောင် လုပ်ပေးတာကောင်းပေမယ့် ကျွန်တော်တို့ အရပ်သားတွေအတွက်တော့ လေကြောင်းအန္တရာယ်ကနေ ကာကွယ်ပေးနိုင်မယ့် လုံခြုံရေးနဲ့အရေးပေါ် ဆေးဝါး၊ ရိက္ခာ ထောက်ပံ့မှုတွေပါ လက်တွေ့ကျကျ ရရှိနိုင်ဖို့ ပိုပြီး အရေးကြီးနေပါတယ်။” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ မြေပုံမြို့တွင် စစ်ဘေးရှောင်နေသူတဦးက ဒေသခံများ၏ လက်တွေ့မျှော်လင့်ချက်သည် နယ်မြေစိုးမိုးမှုထက် ပိုမိုကျယ်ပြန့်ကြောင်း ပြောသည်။
ဤပြောဆိုချက်သည် စစ်ရေးအောင်မြင်မှုနှင့် ပြည်သူ့လုံခြုံရေးကြားရှိ ကွာဟချက်ကိုဖော်ပြနေသည်။
ထိုလေကြောင်းတိုက်ခိုက်မှုများကို အာရက္ခတပ်တော်အနေဖြင့် စစ်ရေးအရ တားဆီးနိုင်ခြင်းရှိ/မရှိသည် သီးခြားစစ်ရေးစွမ်းရည်ဆိုင်ရာ မေးခွန်းဖြစ်သော်လည်း လေကြောင်းအန္တရာယ်ကြားတွင် ပြည်သူများကို ကြိုတင်သတိပေးနိုင်ရေး၊အရေးပေါ်ကယ်ဆယ်ရေး၊ဆေးဝါးနှင့်ရိက္ခာထောက်ပံ့ရေးတို့သည် အုပ်ချုပ်ရေးဆိုင်ရာ ပြင်ဆင်ဆောင်ရွက်နိုင်မှုနှင့်တိုက်ရိုက်သက်ဆိုင်နေသည်။
ထို့ကြောင့် လုံခြုံရေးကိုစစ်ရေးနယ် မြေစိုးမိုးမှုတခုတည်းဖြင့် မတိုင်းတာဘဲ ပြည်သူများ၏နေ့စဉ်အသက်အန္တ ရာယ်နှင့်လူမှုဘဝကို မည်မျှထိ ကာကွယ်ပေးနိုင်သနည်းဆိုသည့် စံနှုန်းဖြင့်ပါ အကဲဖြတ်ရန်လိုအပ်လာသည်။
စီးပွားရေးပိတ်ဆို့မှုကြားက ပြည်သူ့ဘဝနှင့်အုပ်ချုပ်ရေးတာဝန်
(ဓာတ်ပုံ-မြေယာအငြင်းပွားမှုတခုကို ခရိုင်မြေယာစီမံခန့်ခွဲမှုကော်မတီစာ/BNA)
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးစွမ်းရည်ကို အကဲဖြတ်ရာတွင် အာဏာသိမ်းစစ်တပ်၏ပိတ်ဆို့မှုများနှင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံး၏ စီးပွားရေးအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလမှစတင်၍ အာရက္ခဒေသသို့ ကုန်စည်စီးဆင်းမှု၊ခရီး သွားလာရေးနှင့်ဆက်သွယ်ရေးလမ်း ကြောင်းများပိတ်ဆို့ခံရခြင်းကြောင့် အစားအစာ၊လောင်စာဆီ၊ဆေးဝါး၊ငွေကြေး၊လျှပ်စစ်နှင့်ဆက်သွယ်ရေးကဏ္ဍများတွင် ပြတ်လပ်မှုများဖြစ်ပေါ်ခဲ့သည်။
ထိုကဲ့သို့ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်အလုပ်အကိုင်အခွင့်အလမ်းကျဆင်းမှုတို့ကြောင့်လည်း စစ်ဘေးရှောင်များနှင့်ဒေသခံပြည်သူများ၏စားဝတ်နေရေးအခြေအနေ ပိုမိုခက်ခဲလာသည်။
ကုလသမဂ္ဂနှင့်နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများ၏ထုတ်ပြန်ချက်များအရ ရခိုင်တွင် လူဦးရေနှစ်သန်းခန့် (သို့မဟုတ် ရခိုင်လူဦးရေ၏ထက်ဝက်ကျော်)သည် ပြင်းထန်သောစားနပ်ရိက္ခာပြတ်လပ်မှုနှင့်အ ငတ်ဘေးအန္တရာယ်ကို ရင်ဆိုင်နေရသည်။
ဤအခြေအနေသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအတွက် အုပ်ချုပ်ရေးဆိုင်ရာ အကျပ်အတည်းတရပ်ကို ဖန်တီးထားသည်။တဖက်တွင် အုပ်ချုပ်ရေးယန္တရားလည်ပတ်ရန် ဘဏ္ဍာရေးဝင်ငွေလိုအပ်နေပြီး အခြားတဖက်တွင် ဒေသခံပြည်သူများ၏ဝင်ငွေကျဆင်းကာ နေ့စဉ်အသုံးစရိတ်များ မြင့်တက်နေသည်။
ထိုအခြေအနေတွင် အခွန်ကောက်ခံမှုနှင့်ပြည်သူ့ဝန်ဆောင်မှုများကို သီးခြားစီ စဉ်းစား၍မရတော့ပေ။
ပြည်သူများထံမှအခွန်ကောက်ခံနေသည့် အုပ်ချုပ်ရေးအာဏာပိုင်များအနေဖြင့် ထိုအခွန်ငွေများမှတဆင့် ပြည်သူများအတွက် မည်သည့်ဝန်ဆောင်မှုများ ပေးအပ်နေသည်ကို ပိုမိုမြင်သာအောင် ပြသရန် လိုအပ်လာသည်။
အထူးသဖြင့် ကုန်ဈေးနှုန်းထိန်းချုပ်ရေး၊အခြေခံစားသောက်ကုန်ရရှိရေး၊ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ၊အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ ဖော်ဆောင်ရေးတို့သည် အုပ်ချုပ်ရေး၏အရေး ကြီးသောတာဝန်များဖြစ်လာသည်။
ပြင်ပပိတ်ဆို့မှုများကြောင့် အုပ်ချုပ်ရေးအာဏာပိုင်များ၏ လုပ်ဆောင်နိုင်စွမ်း ကန့်သတ်ခံရနိုင်သော်လည်း ထိုအခြေအနေအတွင်း ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး အနည်းဆုံးဖြစ်စေရန် မူဝါဒများ ချမှတ်နိုင်ခြင်းသည် အုပ်ချုပ်ရေး၏အရည်အသွေးကို ဖော်ပြသည့်အချက်တခုဖြစ်သည်။
လူသစ်စုဆောင်းမှုနှင့်ပြည်သူ့လွတ်လပ်ခွင့်: လူ့အခွင့်အရေးကြားကစစ်ရေးလိုအပ်ချက်နှင့်ဟန်ချက်
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးကို ဆန်းစစ်ရာတွင် လူသစ်စုဆောင်းမှုနှင့်ပြည်သူများ၏ သွားလာလှုပ်ရှားခွင့်ဆိုင်ရာ ကိစ္စများကိုလည်း ချန်လှပ်ထား၍မရပေ။
စစ်ရေးအရှိန်မြင့်တက်လာချိန်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်သည် အုပ်ချုပ်ရေးနှင့်နယ်မြေစိုးမိုးရေးကို ပိုမိုတင်းကျပ်ရန် အမျိုးသားကာကွယ်ရေးအရေးပေါ်ပြဋ္ဌာန်းချက် (NDEP)အစီအစဉ်ကို စတင်အကောင်အထည်ဖော်ထားသည်။
အဆိုပါအစီအစဉ်အရ သတ်မှတ်အသက်အရွယ်အတွင်းရှိ လူငယ်များစစ်မှုထမ်းရန် စာရင်းသွင်းရမည့်အပြင် အာရက္ခတပ်တော်ထိန်းချုပ်ဒေသအတွင်းရှိ လူငယ်များ ဒေသပြင်ပသို့မဟုတ် ပြည်ပသို့ ထွက်ခွာခွင့်အပေါ်လည်း ကန့်သတ်မှုများရှိလာခဲ့သည်။
ဤအစီအစဉ်သည် စစ်ရေးအရ နယ် မြေကာကွယ်ရေးနှင့်လူအင်အားစုဆောင်းရေးလိုအပ်ချက်များအပေါ် အခြေခံထားနိုင်သော်လည်း ပြည်သူများ၏ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်၊ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများအပေါ် သက်ရောက်မှုရှိနိုင်သည့် အခြေအနေတရပ်လည်းဖြစ်သည်။
အထူးသဖြင့် စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေ၊လေကြောင်းတိုက်ခိုက်မှုနှင့် အခြားစစ်ရေးအန္တရာယ်များကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းလိုသည့် လူငယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်ခံရခြင်းသည် မိသားစုများ၏လုံခြုံရေးနှင့်အနာဂတ်အပေါ် စိုးရိမ်မှုများ ပိုမိုဖြစ်ပေါ်စေနိုင်သည်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများရှိအသက်မပြည့်ကြသေးသည့် ကျောင်းသား၊ကျောင်းသူများ၊ဌာနေတိုင်းရင်းသားများ၊လူနည်းစုများ၊အမျိုးသမီးငယ်များကို အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူနေမှုများသည် အာရက္ခတပ်တော်၏ တော်လှန်ရေးအပေါ် နိုင်ငံတကာအသိုင်း အဝိုင်းက အယုံအကြည်မဲ့ဖြစ်လာစေပြီး လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ မေးခွန်းထုတ်စရာများဖြစ်လာစေသည်။
ထိုကဲ့သို့ အသက်မပြည့်ကြသေးသည့် ကျောင်းသား၊ကျောင်းသူများ၊ ဌာနေတိုင်းရင်းသားများ၊ လူနည်းစုများ၊အမျိုးသမီးငယ်များကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူနေမှုများကို မိဘများ၊မိသားစုဝင်များက အတည်ပြုပြောကြားထားကြသည်။
သို့သော် စစ်ရေးလိုအပ်ချက်နှင့်ပြည်သူ့လွတ်လပ်ခွင့်တို့အကြား ပြဿနာကိုဆန်းစစ်ရာတွင် စေတနာအလျောက် စစ်သင်တန်းတက်ရောက်သူများနှင့်မဖြစ်မနေစုဆောင်းခံရသူများကို သီးခြားခွဲ ခြားရန်လည်း လိုအပ်သည်။
အခြားတဖက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ကို ကူညီရန် စေတနာအလျောက်စစ် သ င်တန်းတက်ရောက်ခဲ့ကြသည့်အမျိုး သား၊အမျိုးသမီးလူငယ်များလည်း ရှိနေကြသည်။၎င်းတို့အနက် မြို၊ချင်းနှင့် မူဆလင်(ရိုဟင်ဂျာ)လူငယ်များလည်း ပါဝင်သည်။
စစ်ရေးအရေးပေါ်အခြေအနေသည် အချို့သောကန့်သတ်ချက်များအတွက် အကြောင်းပြချက်ဖြစ်နိုင်သော်လည်း ပြည်သူ့အခွင့်အရေးများကို အကန့်အသတ်မရှိ ကန့်သတ်နိုင်သည့်အခွင့်အာဏာတရပ်မဟုတ်ပေ။ အရေးပေါ်ဆောင်ရွက်ချက်များသည်လည်းလိုအပ်မှု၊ အချိုးညီမှုနှင့်တာဝန်ခံနိုင်မှုဆိုင်ရာ စံနှုန်းများနှင့်ကိုက်ညီရန် လိုအပ်သည်။
လူနည်းစုများ: တန်းတူအုပ်ချုပ်ရေးကို လက်တွေ့ပြနိုင်မည်လား
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးအရည်အသွေးကို ရခိုင်လူထုအများစု၏အမြင်တခုတည်းဖြင့်ဆုံးဖြတ်၍ မရပေ။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် ရခိုင်လူမျိုးများအပြင် ချင်း၊ ခမီ၊ မရမာကြီး၊ ကမန်၊ ဒိုင်နက်၊ သက်၊ မြို နှင့်မူဆလင်အသိုင်းအဝိုင်းများလည်း နေထိုင်ကြသည်။
ထို့ကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏အုပ်ချုပ်ရေးအောင်မြင်မှုကို တိုင်းတာရာတွင် လူမျိုး၊ဘာသာမရွေး ပြည်သူအားလုံး၏ အခွင့်အရေးကို မည်မျှထိ ကာကွယ်ပေးနိုင်သနည်းဆိုသည့်အချက်ကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတ ပ်တော်သည် ၂၀၂၄ ခုနှစ်နောက်ပိုင်း မူဆလင်အသိုင်းအဝိုင်းများနှင့်ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကြိုးပမ်းမှုများပြုလုပ်ခဲ့ပြီး အလယ်ပိုင်းရခိုင်နှင့်ပလက်ဝဒေသများတွင် သွားလာခွင့်ဆိုင်ရာအပြောင်းအလဲများပြုလုပ်ခြင်း၊ မူဆလင်ရေးရာကောင်စီများကို မြို့နယ်အလိုက် ဖွဲ့စည်းခဲ့သည်။
ဤလုပ်ဆောင်ချက်များသည် လူနည်းစုအသိုင်းအဝိုင်းများနှင့်ဆက်ဆံရေးတိုးတက်စေရန် ကြိုးပမ်းမှုများအဖြစ် မြင်နိုင်သည်။
သို့သော်လည်း ပြန်လည်သင့်မြတ်ရေးဆိုင်ရာကြေညာချက်များနှင့်မြေပြင်တွင် တန်းတူအခွင့်အရေး အမှန်တကယ်ရရှိနေခြင်းတို့ကို ခွဲခြားအကဲဖြတ်ရန် လိုအပ်သည်။
ဥပမာအားဖြင့် လူနည်းစုများသည် တရားစီရင်ရေးတွင် တန်းတူညီမျှမှု ရရှိနေသလား။ အုပ်ချုပ်ရေးဆုံးဖြတ်ချက်များတွင် ကိုယ်စားပြုခွင့် ရှိသလား။ လုံခြုံရေးနှင့်သွားလာခွင့်ဆိုင်ရာ မူဝါဒများတွင် ခွဲခြားဆက်ဆံမှုရှိနေသလား။
ပညာရေးနှင့်ကျန်းမာရေးဝန်ဆောင်မှုများကို တန်းတူရရှိနေသလားဆိုသည့် မေးခွန်းများကို လက်တွေ့အခြေအနေများဖြင့် စစ်ဆေးရန် လိုအပ်သည်။
လူမျိုး၊ဘာသာမရွေး တန်းတူအခွင့်အ ရေးပေးမည်ဆိုသည့် မူဝါဒတရပ်သည် အရေးကြီးသော်လည်း ထိုမူဝါဒကို လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းကသာ အုပ်ချုပ်ရေး၏ ယုံကြည်စိတ်ချရမှုကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။
အထူးသဖြင့်လူနည်းစုများ၏ကိုယ်စားပြုမှုနှင့်ပတ်သက်၍၎င်းတို့ကိုယ်တိုင်၏အသံများ၊ အတွေ့အကြုံများနှင့် အုပ်ချုပ်ရေးအပေါ် သဘောထားများကို နားထောင်နိုင်သည့် လမ်းကြောင်းများ ရှိရန်လိုအပ်သည်။
လူနည်းစုများအတွက် အခွင့်အရေးရှိကြောင်း အုပ်ချုပ်ရေးအာဏာပိုင်များက ကြေညာခြင်းထက် ၎င်းတို့ကိုယ်တိုင်က အခွင့်အရေးများကို လက်တွေ့ခံစားရကြောင်း ပြောဆိုနိုင်ခြင်းကပိုမိုအရေးကြီးသည်။
ဌာနေတိုင်းရင်သားများနှင့်လူနည်းစုများကို ၎င်းတို့၏မြေယာစီမံခန့်ခွဲမှုဓလေ့အရမြေယာပိုင်ဆိုင်ခွင့်ပေးခြင်း၊
လူနည်းစုလက်နက်ကိုင်လုံခြုံရေးတပ်များသီးသန့်ဖွဲ့စည်းလှုပ်ရှားခွင့်ပေးခြင်းရှိ၊မရှိဆိုသည်က လူနည်းစုများ၏ တန်းတူအခွင့်အရေးကို နိုင်ငံတကာအသိုင်းအဝိုင်းမှ စောင့်ကြည့်အကဲဖြတ်မည့်အချက်များပင်ဖြစ်သည်။
လူသားချင်းစာနာထောက်ထားမှု:အုပ်ချုပ်ရေးတာဝန်ကို အပြင်းထန်ဆုံးစမ်းသပ်နေသည့်ကဏ္ဍ
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများ၏ လက်ရှိအခြေအနေတွင် ပြည်သူ့အုပ်ချုပ်ရေးအရည်အသွေးကို အကဲဖြတ်ရာ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ယူမှုသည် အထူးအရေးကြီးသည်။
UNHCR ၏ ၂၀၂၆ ခုနှစ် ဇွန်လထိ အချက်အလက်အရ ရခိုင်တွင် ပြည်တွင်းနေရပ်စွန့်ခွာသူ (IDPs) ၄၉၈,၈၀၀ ဦးခန့် ရှိနေပြီး နိုင်ငံတဝှမ်းရှိ IDP အရေအတွက်၏ ၁၃.၁ ရာခိုင်နှုန်းခန့်ရှိသည်။
ဤအရေအတွက်သည် အာရက္ခပြည်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များ မည်မျှကြီးမားနေသည်ကို ဖော်ပြနေသည်။ အစားအစာ၊ သန့်ရှင်းသောရေ၊ ဆေးဝါး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အမိုးအကာနှင့်ပညာရေးတို့သည် စစ်ပွဲကာလတွင် အခြေခံလိုအပ်ချက်များဖြစ်သည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ဒေသတွင်းအကူအညီပေးရေးလုပ်ငန်းများကို ကူညီရန် ကြိုးပမ်းနေသော်လည်း အာဏာသိမ်းစစ်တပ်၏ ပိတ်ဆို့မှုများကြောင့် နိုင်ငံတကာအကူအညီများရောက်ရှိရန် အခက်အခဲများရှိနေသည်။
သို့သော် ပြင်ပအတားအဆီးများသည် အုပ်ချုပ်ရေး၏တာဝန်ကို လုံးဝဖယ်ရှားပေးနိုင်သည့် အကြောင်းပြချက်မဟုတ်ပေ။ အကူအညီများ ဝင်ရောက်ရန် ခက်ခဲလာလေလေ အုပ်ချုပ်ရေးအာဏာပိုင်များအနေဖြင့် လူသားချင်းစာ နာထောက်ထားမှုအဖွဲ့များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်လာလေလေဖြစ်သည်။
အထူးသဖြင့် အကူအညီများကို လိုအပ်ချက်အပေါ် အခြေခံ၍ ခွဲခြားမှုမရှိဘဲ ဖြန့်ဝေနိုင်ရေး၊ အကူအညီရရှိသူနှင့်မရရှိသူများအကြား မမျှတမှုမဖြစ်စေရေးနှင့် အားနည်းသောအုပ်စုများ၏ လိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်းရေးတို့သည် အုပ်ချုပ်ရေး၏ တာဝန်ဖြစ်သည်။
ထို့အပြင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို မည်သည့်အဖွဲ့အစည်းက မည်သည့်ဒေသသို့ မည်သို့ဖြန့်ဝေနေသည်။
ထိုအကူအညီများ အမှန်တကယ်လိုအပ်သူများထံ ရောက်ရှိမှုရှိ၊မရှိနှင့်ဖြန့်ဝေမှုအပေါ် တိုင်ကြားနိုင်သည့် နည်းလမ်းရှိ၊မရှိတို့ကိုလည်း ပွင့်လင်းစွာ စီမံခန့်ခွဲရန်လိုအပ်သည်။
နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီသည်အုပ်ချုပ်ရေးအဖွဲ့တခု၏စေတနာအပေါ် မူတည်သည့်အကူအညီသက်သက် မဟုတ်ဘဲ ပြည်သူများ၏အခြေခံလိုအပ်ချက်များနှင့်အခွင့်အရေးများကို ကာကွယ်ပေးရေးဆိုင်ရာတာဝန်တရပ်အဖြစ် ရှုမြင်ရန်လိုအပ်သည်။
တာဝန်ခံမှု၏အားနည်းချက်:အာဏာကို မည်သူက ပြန်လည်စစ်ဆေးမည်နည်း
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးစနစ်တွင် အကြီးမားဆုံး မေးခွန်းတခုမှာ အာဏာကို ပြန်လည်စစ်ဆေးနိုင်သည့်ယန္တရားမည်မျှထိ ရှိနေသနည်းဆိုသည့်အချက်ဖြစ်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတ ပ်တော်၏ နိုင်ငံရေးစနစ်သည် တပါတီနိုင်ငံရေးစနစ်အဖြစ် လည်ပတ်နေပြီး စစ်ရေး၊နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ဗဟိုချုပ်ကိုင်မှု အဓိကနေရာ၌ရှိနေသည်။
ဥပဒေပြုရေးအာဏာသည် ရွေးကောက်ခံကိုယ်စားလှယ်များမရှိဘဲ ဗဟိုအမှုဆောင်ကော်မတီ(CEC)လက်အောက်တွင်ရှိနေခြင်းသည်လည်း ပြည်သူ့ကို ယ်စားပြုမှုနှင့်တာဝန်ခံမှုအပေါ် မေးခွန်းများပေါ်ပေါက်စေသည်။
စစ်ပွဲကာလတွင် အရေးပေါ်ဆုံးဖြတ်ချက်များချမှတ်ရန်နှင့် အုပ်ချုပ်ရေးအာဏာကို ဗဟိုချုပ်ကိုင်ရန် လိုအပ်နိုင်သည်။
သို့သော် ထိုအာဏာများကို မည်သည့်အချိန်အထိ ဆက်လက်ကျင့်သုံးမည်။ မည်သည့်အချိန်တွင် ပြန်လည်သုံးသပ်မည်။ အာဏာအသုံးပြုမှုအပေါ် မည်သူက ကြီးကြပ်မည်ဆိုသည့် မေးခွန်းများကိုလည်း ဖြေရှင်းထားရန် လိုအပ်သည်။
အုပ်ချုပ်ရေးအာဏာသည် ပြည်သူ့အကျိုးအတွက် အသုံးပြုရန် ရည်ရွယ်ထားသော်လည်း ထိုအာဏာကို အသုံးပြုသူများကိုယ်တိုင် ပြန်လည်စစ်ဆေးနိုင်သည့် စနစ်မရှိပါက အာဏာအလွှဲသုံးစားမှုဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်ကို လျှော့ချရန် ခက်ခဲနိုင်သည်။
ULA က “Justice for Arakan” ကဲ့သို့သော အွန်လိုင်းပလက်ဖောင်းများ တည်ဆောက်ထားခြင်းသည် ပွင့်လင်းမြင်သာမှုတိုးမြှင့်ရန် ကြိုးပမ်းမှုတရပ်အဖြစ် မြင်နိုင်သည်။
သို့သော် အင်တာနက်နှင့်ဆက်သွယ်ရေးအခက်အခဲများရှိသည့် ဒေသများတွင် ထိုပလက်ဖောင်းများ၏လက် တွေ့အသုံးဝင်မှုမှာ ကန့်သတ်ချက်ရှိနိုင်သည်။
ထို့အပြင် သတင်းအချက်အလက်များ ထုတ်ပြန်ခြင်းသည် တာဝန်ခံမှုစနစ်တခုလုံးကို အစားထိုးနိုင်ခြင်းမရှိပေ။
ပြည်သူများက တိုင်ကြားနိုင်သည့်ယန္တ ရား၊တိုင်ကြားချက်များကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးနိုင်သည့်အဖွဲ့အစည်း၊ အာဏာပိုင်များ၏ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်နိုင်သည့်လုပ်ငန်းစဉ်နှင့်ပြည်သူ့ဘဏ္ဍာငွေများကို စစ်ဆေးကြီးကြပ်နိုင်သည့်စနစ်တို့ လိုအပ်သည်။
အထူးသဖြင့် အုပ်ချုပ်ရေးတာဝန်ရှိသူ များနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များကျူးလွန်သည့်ပြစ်မှုများ၊ အာဏာအလွှဲသုံးစားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်လာပါက မည်သို့စုံစမ်းစစ်ဆေးမည်။ မည်သူက အရေးယူမည်။ ထိခိုက်ခံရသူများအတွက် မည်သို့ကုစားပေးမည်ဆိုသည့်စနစ်များ ရှိရန်လိုအပ်သည်။
ဤအချက်များသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏အုပ်ချုပ်ရေးအရည်အသွေးကိုဆုံးဖြတ်မည့်အရေးကြီးသော စံနှုန်းများဖြစ်လာသည်။
တာဝန်ယူမှုနှင့်တာဝန်ခံမှု: အတူတကွရှိမှသာ အုပ်ချုပ်ရေးအောင်မြင်နိုင်မည်
(ဓာတ်ပုံ – အာရက္ခတရားသူကြီးချုပ်မြထွန်းအောင်ကိုယ်တိုင်ကြားနာမည့်အမှုစာရင်း/BNA)
လက်ရှိအခြေအနေကို ခြုံငုံသုံးသပ်ကြ ည့်ပါက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သည် အုပ်ချုပ်ရေးယန္တရားမရှိသည့်အဖွဲ့အစည်းတခု မဟုတ်တော့ပေ။
တရားရုံးများ၊အခွန်ကောက်ခံမှုစနစ်များ၊ဝင်ငွေဌာနများ၊လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာယန္တရားများကို တည်ဆောက်လာနိုင်ခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများတွင်လည်း ပါဝင်လာခဲ့သည်။
ဤအချက်များသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် အုပ်ချုပ်ရေးတာဝန်များကို လက်တွေ့ထမ်းဆောင်လာနေကြောင်း ဖော်ပြသည်။
သို့သော် အုပ်ချုပ်ရေးယန္တရားရှိနေခြင်းသည် ထိုယန္တရားများကို ပြည်သူ့အကျိုးအတွက် ထိရောက်စွာအသုံးပြုနေကြောင်း သက်သေပြနိုင်ခြင်း မဟုတ်သေးပေ။
ဤနေရာတွင် တာဝန်ယူမှု (Responsibility) နှင့် တာဝန်ခံမှု (Accountability) ကို ခွဲခြားနားလည်ရန် လိုအပ်သည်။
တာဝန်ယူမှုဆိုသည်မှာ ပြည်သူများအတွက် ဝန်ဆောင်မှုပေးခြင်း၊ လုံခြုံရေးဆောင်ရွက်ပေးခြင်း၊ တရားမျှတမှုရရှိစေရန်စီမံခြင်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်းပင်ဖြစ်သည်။
ထိုတာဝန်ခံမှုဆိုသည်မှာ ထိုတာဝန်များကို မည်သို့ထမ်းဆောင်ခဲ့သည်။ မည်သည့်အကြောင်းပြချက်ဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။ အမှားအယွင်း သို့မဟုတ် အာဏာအလွှဲသုံးစားမှု ဖြစ်ပေါ်ပါက မည်သူတာဝန်ယူမည်။ပြည်သူများက မည်သို့ပြန်လည်မေးမြန်းနိုင်မည်ဆိုသည့် အဆင့်ဖြစ်ပင်သည်။
လက်ရှိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏အုပ်ချုပ်ရေးယန္တရားတွင် တာဝန်ယူမှုဆိုင်ရာယန္တရားများ တဖြည်းဖြည်း မြင်သာလာနေသော်လည်း တာဝန်ခံမှုနှင့်ပတ်သက်၍ ဖြေရှင်းရန် လိုအပ်သည့် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။
တပါတီဗဟိုချုပ်ကိုင်မှု၊ဥပဒေပြုရေးအာဏာ၏အကန့်အသတ်၊တရားစီရင်ရေးဆိုင်ရာ လူ့စွမ်းအားနှင့်အရင်းအမြစ်အားနည်းချက်များ၊အခွန်နှင့်ဘဏ္ဍာရေးပွင့်လင်းမြင်သာမှု၊ လူနည်းစုအခွင့်အရေးနှင့်ပြည်သူ့လွတ်လပ်ခွင့်များ၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ အရပ်ဖက်အဖွဲ့အစည်းများလွတ်လပ်စွာလှုပ်ရှားခွင့်စသည့် အဓိကစိန်ခေါ်မှုများဖြစ်သည်။
ဤစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် အု ပ်ချုပ်ရေးယန္တရားများကို ဖွဲ့စည်းထားရုံသာမက ထိုယန္တရားများအပေါ် ပြည်သူများက လွတ်လပ်စွာ မေးခွန်းထုတ်နိုင်ခြင်း၊တိုင်ကြားနိုင်ခြင်းနှင့်ပြန်လည်စစ်ဆေးနိုင်ခြင်းတို့ကိုလည်း အာမခံပေးရန် လိုအပ်သည်။
စစ်ရေးအောင်မြင်မှုထက် အုပ်ချုပ်ရေးအရည်အသွေးပိုအရေးကြီးလာ
အာရက္ခတပ်တော်၏ရက္ခိတလမ်းစဉ်သည် အာရက္ခပြည်သူများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရှိရေးကို ရည်ရွယ်ထားပေသည်။
ထိုရည်မှန်းချက်အတွက် စစ်ရေးအော င်မြင်မှုများမှတဆင့် နယ်မြေထိန်းချုပ်မှုတိုးချဲ့လာနိုင်သကဲ့သို့ အုပ်ချုပ်ရေးဆိုင်ရာယန္တရားများကိုလည်း တည်ဆောက်လာနိုင်ခဲ့သည်။
သို့သော် နယ်မြေကို ထိန်းချုပ်နိုင်ခြင်းနှင့်ပြည်သူများ၏ယုံကြည်မှုကို ရရှိနိုင်ခြင်းသည် တူညီသည့်အရာများမဟုတ်သေးပေ။
တရားရုံးများရှိခြင်း၊အခွန်ကောက်ခံနိုင်ခြင်းနှင့်အုပ်ချုပ်ရေးဌာနများ ဖွဲ့စည်းထားနိုင်ခြင်းသည် အုပ်ချုပ်ရေးယန္တ ရားတည်ဆောက်လာနိုင်မှုကို ပြသသော်လည်း ထိုယန္တရားများသည် ပြည်သူ့အကျိုးစီးပွားအတွက် မည်မျှထိရောက်စွာ လုပ်ဆောင်နေသည်ဆိုသည်ကို သီးခြားအကဲဖြတ်ရန် လိုအပ်နေဆဲဖြစ်သည်။
အထူးသဖြင့်တရားစီရင်ရေးလွတ်လပ်မှု၊အခွန်နှင့်ဘဏ္ဍာရေးပွင့်လင်းမြင်သာမှု၊ပြည်သူ့လွတ်လပ်ခွင့်၊ လူနည်းစုအခွင့်အရေးနှင့်အာဏာအလွှဲသုံးစားမှုများအပေါ် တာဝန်ခံနိုင်သည့်စနစ်များသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးအရည်အသွေးကို ဆုံးဖြတ်မည့်အဓိကစံနှုန်းများ ဖြစ်လာမည်ဖြစ်သည်။
အာဏာသိမ်းစစ်တပ်၏ပိတ်ဆို့မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် ဆက်လက်ဖြစ်ပွားနေသည့်လက်နက်ကိုင်ပဋိပက္ခများသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးစွမ်းရည်ကို ပြင်းထန်စွာကန့်သတ်ထားသည်။
ထို့ကြောင့် လက်ရှိအုပ်ချုပ်ရေးဆိုင်ရာအားနည်းချက်အားလုံးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ စွမ်းဆောင်ရည်တခုတည်းအပေါ် အခြေခံ၍အကဲဖြတ်ရန်မသင့်သကဲ့သို့ ပြင်ပအတားအဆီးများကို အကြောင်းပြ၍ပြည်သူ့တာဝန်ခံမှုလိုအပ်ချက်ကိုလည်း လျစ်လျူရှု၍ မရပေ။
အမှန်တကယ်တွင် တော်လှန်ရေးအဖွဲ့တခုအနေဖြင့် နယ်မြေကို သိမ်းပိုက်နိုင်ခြင်းသည် အောင်မြင်မှုတရပ်ဖြစ်နိုင်သော်လည်း ထိုနယ်မြေအတွင်း နေထိုင်ကြသည့် လူမျိုး၊ဘာသာမရွေးပြည်သူအားလုံး၏အသက်အိုးအိမ်၊အခွင့်အရေးနှင့်လွတ်လပ်ခွင့်များကို ကာကွယ်ပေးနိုင်ခြင်း၊အာဏာကို ပွင့်လင်းမြင်သာစွာအသုံးပြုခြင်းနှင့်ပြည်သူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားနိုင်ခြင်းများကသာ အုပ်ချုပ်ရေး၏အရည်အသွေးကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။
ထို့ကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအတွက် နောက်ထပ်စိန်ခေါ်မှုသည် နယ်မြေထိန်းချုပ်မှုကို ဆက်လက်တိုးချဲ့နိုင်ရေးတခုတည်းမဟုတ်တော့ဘဲ အုပ်ချုပ်ရေးအာဏာကို ပြည်သူ့အကျိုးအတွက် တာဝန်ရှိရှိ အသုံးချနိုင်ရေးနှင့်ထိုအာဏာအပေါ် ပြည်သူ့ရှေ့မှောက်တွင် တာဝန်ခံနိုင်သည့် စနစ်တရပ်တည်ဆောက်နိုင်ရေးဖြစ်လာသည်။
နောက်ဆုံးတွင် အာရက္ခပြည်၏အနာဂတ်ကို ဆုံးဖြတ်ပေးမည့်အရာသည် နယ်မြေမည်မျှထိန်းချုပ်နိုင်ခဲ့သလဲဆိုသည့် အချက်တခုတည်း မဟုတ်ပေ။
ထိုနယ်မြေအတွင်းရှိ ပြည်သူများအတွက် မည်မျှတရားမျှတသည့်အုပ်ချုပ်ရေးကို တည်ဆောက်နိုင်ခဲ့သနည်း။ အာဏာရှိသူများကို မည်မျှထိ ပြန်လည်တာဝန်ခံစေနိုင်ခဲ့သနည်းဆိုသည့်အချက်များလည်း ပါဝင်လာမည်ဖြစ်သည်။
နယ်မြေကို ထိန်းချုပ်နိုင်ခြင်းက အုပ် ချုပ်ရေးအာဏာကို ဖော်ပြနိုင်သော်လည်း ထိုအာဏာကို ပြည်သူ့အကျိုးအတွက် အသုံးပြုနိုင်ခြင်းနှင့် ပြည်သူ့ရှေ့မှောက်တွင် တာဝန်ခံနိုင်ခြင်းကသာ အုပ်ချုပ်ရေး၏အမှန်ဧကန်အရည်အသွေးကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။















