Border News Agency
ဖိလစ်ပိုင်၊နိုဝင်ဘာ ၁၄။
ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့မှာ ကျင်းပနေတဲ့ ၂၈ ကြိမ်မြောက်အာဆီယံစီးပွားရေးအသိုက်ဝန်း (AEC) ကောင်စီအစည်းအဝေးရဲ့ ပြင်ပဆွေးနွေးပွဲအဖြစ် အာဆီယံနဲ့အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ကြား နားလည်မှုစာချွန်လွှာ (MoU) ကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးကထုတ်ပြန်ပါတယ်။
အဲဒီနားလည်မှုစာချွန်လွှာကို အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကာအိုကင်ဟွန်းနဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌမစ္စတာ မာဆာတိုကန်ဒါတို့က လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီသဘောတူညီချက်အရ “ASEAN 2045: Our Shared Future” မျှော်မှန်းချက်ကို အထောက်အကူပြုနိုင်ဖို့ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိရေး၊ဒေသတွင်းချိတ်ဆက်ဆောင်ရွက်ရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနဲ့ အားလုံးပါဝင်နိုင်တဲ့စီးပွားရေးဖွံ့ဖြိုးမှုကဏ္ဍတွေအတွက် ADB ဘက်က အမေရိကန်ဒေါ်လာဘီလီယံသုံးဆယ်အထိ ပံ့ပိုးကူညီသွားဖို့ကတိပြုထားတာပါ။
အဲဒီအပြင်အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကာအိုကင်ဟွန်းဟာ မနီလာမြို့မှာကျင်းပတဲ့ ၃၂ ကြိမ်မြောက် အာဆီယံနိုင်ငံရေးနဲ့လုံခြုံရေးအသိုက်အဝန်း (APSC) ကောင်စီအစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ APSC မဟာဗျူဟာစီမံကိန်းအကောင်အထည်ဖော်မှု ပထမနှစ်အတွင်းတိုးတက်ဖြစ်ထွန်းမှုတွေနဲ့ ဒေသတွင်းနိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။






















