Border News Agency
ဖာပွန်၊ နိုဝင်ဘာ ၁၄။
ကရင်ပြည်၊မူတြော်ခရိုင်၊ဖာပွန်မြို့နယ်၊ပေကေးကျေးရွာအုပ်စုရှိ ကျေးရွာတရွာကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောင်းသား၊ကျောင်းသူကိုးဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီဖာပွန်မြို့နယ်၊ပေကေးကျေးရွာအုပ်စုရှိ ကျေးရွာတရွာနိုဝင်ဘာလ ၃ ရက်နေ့က အာဏာသိမ်းစစ်တပ်ရဲ့ Y-12 လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် နှစ်ခြင်းခရစ်ယာန်ကျမ်းစာကျောင်းမှ ကျောင်းသူတဦး သေဆုံးခဲ့သလိုကျောင်းသားနှစ်ဦးနဲ့ ကျောင်းသူခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင်ကျမ်းစာကျောင်း စာကြည့်တိုက်ခေါင်မိုး၊ကျောင်းခန်းမ၊ ကျောင်းရုံးခန်းနဲ့ ဆရာမနေအိမ်တလုံးတို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ပွဲကာလအတွင်း အကာအကွယ်ပေးရမယ့် အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ၊ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်ကျူးလွန်နေတယ်လို့ဆိုပါတယ်။











