Border News Agency
ဖာပွန်၊ နိုဝင်ဘာ ၁၇။
ကရင်ပြည်၊ဖာပွန်ခရိုင်ရှိ ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားတဦးနဲ့ အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU )က ထုတ်ပြန်ပါတယ်။
တပ်မဟာ ၅ နယ်မြေရှိ ဘွားဒဲရွာနဲ့ လောဖလာသေ့ရွာတွေကို နိုဝင်ဘာလ ၁၆ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ဘွားဒဲရွာရှိ ခရစ်ယာန်ဘုရားကျောင်းနဲ့ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
အဲဒီအပြင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျီးပင်ကျေးရွာကိုလည်း စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ပါရာမော်တာတွေသုံးပြီး ဗုံးဆယ့်ငါးလုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်လေးဆယ့်ရှစ်နှစ်အရွယ် အမျိုးသားတဦးသေဆုံးခဲ့ပြီး အသက်နှစ်နှစ်အရွယ်ကလေးငယ်တဦးအပါအဝင် ငါးဦးထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ သက်ကြီးရွယ်အိုနှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းတကျောင်းလည်း ပျက်စီးခဲ့ပါတယ်။














