Border News Agency
မတူပီ၊ နိုဝင်ဘာ ၁၇။
အာဏာသိမ်းစစ်တပ်ရဲ့ထိုးစစ်တွေကို ချင်းတော်လှန်ရေးအင်အားစုတွေနဲ့အတူ အိမ်နီးနားချင်းမိတ်ဖက်ကောင်းစိတ်ဓာတ်နဲ့ ဟန်ချက်ညီပူးပေါင်းတိုက်သွားမယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ဆိုပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့မှာကျရောက်တဲ့ ချင်းပြည်သူ့အစည်းအရုံးနဲ့ ချင်းပြည်သူ့တပ်မတော် (CPU/CPA) ရဲ့ တနှစ်ပြည့်အထိမ်းအမှတ်ကိုပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ အခုလိုဖော်ပြထားတာ ဖြစ်ပါတယ်။
ခက်ခဲတဲ့တော်လှန်ရေးခရီးလမ်းမှာ တတ်နိုင်သမျှကူညီပံ့ပိုးသွားမှာဖြစ်ပြီး အာဏာရှင်စနစ်မှန်သမျှချုပ်ငြိမ်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်းဆိုထားပါတယ်။
အဲဒီအပြင်တော်လှန်ရေးအောင်မြင်ဖို့အတွက် စစ်ရေးစွမ်းရည်မြှင့်တင်ဖို့နဲ့ စည်းလုံးညီညွတ်မှုကိုအားကောင်းအောင်တည်ဆောက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ခုပို့တဲ့ သဝဏ်လွှာမှာ တော်လှန်ရေးရဲဘော်တွေရဲ့ ပေးဆပ်မှုတွေကို တန်ဖိုးထားလေးစားတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။






