Border News Agency
မောင်တော၊ နိုဝင်ဘာ ၁၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောခရိုင်ရှိ မာဒရာဆာကျောင်းတွေ အတန်းတင်စာမေးပွဲ စစ်ဆေးနိုင်ဖို့အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ငွေကျပ်သိန်းနှစ်ရာ့နှစ်ဆယ်ကျော် ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
အဲဒီထောက်ပံ့ငွေပေးအပ်ပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့က ဘူးသီးတောင်မြို့နယ်တနေရာမှာ ပြုလုပ်ခဲ့ပြီး ULA မောင်တောခရိုင် တာဝန်ရှိသူတွေနဲ့အတူ မာဒရာဆာကျောင်းအုပ်ကြီးတွေ၊ မူဆလင်ရေးရာကောင်စီ တာဝန်ရှိသူတွေနဲ့ ဒေသခံနှစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။
မာဒရာဆာကျောင်းတွေမှာ မူဆလင်ကျောင်းသားလူငယ်တွေ ဘာသာရေးစာပေအပြင် အတန်းစာပညာရေးကိုပါသင်ကြားနိုင်ဖို့နဲ့ အတန်းတင်စာမေးပွဲတွေ စစ်ဆေးနိုင်ဖို့အတွက် အခုလို ထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်ရှိ မာဒရာဆာကျောင်းပေါင်း နှစ်ဆယ့်ငါးကျောင်းက ကျောင်းသား၊ ကျောင်းသူတွေအတွက် ULA က ကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာတွေ ထောက်ပံ့ပေးအပ်ခဲ့ပါသေးတယ်။
















