Border News Agency
အင်းလေး၊ နိုဝင်ဘာ ၁၉။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အပြီးသတ်အမိန့်မှာ နစ်နာသူတွေအတွက် တရားမျှတမှု ဖော်ဆောင်ပေးနိုင်ရေးနဲ့ခုလိုဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားစေရေး ရည်ရွယ်တဲ့ လှုပ်ရှားမှုနဲ့ အသိပညာပေးဆွေးနွေးပွဲကို အင်းလေးအမျိုးသမီးသမဂ္ဂ (IWU) က ဦးဆောင်ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အာဏာတည်မြဲရေးအတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြင်းထန်စွာ ရှုတ်ချခဲ့ကြပြီး အခြေခံလူ့အခွင့်အရေး စံနှုန်းတွေနဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ဖို့ အရေးကြီးပုံတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအပြင် ရိုဟင်ဂျာသမိုင်းကြောင်းနဲ့ နိုင်ငံရေးအရ အသုံးချခံရမှုတွေ၊ လက်ရှိစစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေ၊ ဘာသာရေးအဆောက်အဦနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုတွေကိုလည်း သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။
စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထကို အဆုံးသတ်စေဖို့နဲ့ တရားမျှတမှုထွန်းကားတဲ့ ဖက်ဒရယ်ဒီမိုကရေစီလူ့အဖွဲ့အစည်း တည်ဆောက်ရေးအတွက် လူမျိုး၊ ဘာသာမခွဲခြားဘဲ ဖိနှိပ်ခံပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့ ဆိုပါတယ်။

















