Border News Agency
ပန်ဆန်း၊ နိုဝင်ဘာ ၂၇။
မူးယစ်ဆေးဝါးလေးရာကီလိုဂရမ်နီးပါးနဲ့ မူးယစ်မှောင်ခိုသမား တရုတ်နိုင်ငံသားတဦးကို ”ဝ”က တရုတ်ကိုလွှဲပေးခဲ့တယ်လို့ “ဝ”ပြည်ရဲတပ်ဖွဲ့ (WSP) က နိုဝင်ဘာလ ၂၇ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမူးယစ်ဆေးဝါး ၃၇၇ ကီလိုဂရမ်နဲ့အတူ မူးယစ်မှောင်ခိုသမား တရုတ်နိုင်ငံသားတဦးကို နိုဝင်ဘာလ ၂၇ ရက်၊ ဒီနေ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပူအာမြို့၊ မုန်လျန်ခရိုင်ရှိ မုန်အာနယ်စပ်ဂိတ်ကတဆင့် လွှဲပေးခဲ့တာပါ။
အဲဒီနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထုလုံခြုံရေးအတွက် တရုတ်နိုင်ငံနဲ့ ပေါင်းပြီး မူးယစ်မှောင်ခိုလုပ်ငန်းတွေကို ဆက်တိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့အရည်နဲ့ အမှုန့်ပုံစံဓာတုပစ္စည်း တန်ချိန် တထောင်သုံးရာကျော်ကို “ဝ” က တရုတ်ကို လွှဲပေးခဲ့ပါသေးတယ်။
“ဝ”တပ်ဟာ အောက်တိုဘာလမှ နိုဝင်ဘာလနောက်ဆုံးပတ်ထိ နှစ်လနီးပါးအတွင်း မူးယစ်ဆေးဝါးငါးကြိမ်နဲ့ မူးယစ်မှောင်ခိုသမား စုစုပေါင်းဆယ့်တဦးကို တရုတ်ဆီဖမ်းဆီးလွှဲပေးခဲ့ပါတယ်။









