Border News Agency
မြဝတီ၊ နိုဝင်ဘာ ၂၈။
ကရင်ပြည်၊ မြဝတီမြို့ရှိ သောင်ရင်းမြစ်ကမ်းတလျှောက်မှာဖွင့်လှစ်ထားတဲ့ ကာစီနိုလောင်းကစားရုံတွေကို နိုဝင်ဘာလ ၂၇ ရက်၊ နေ့လည်ပိုင်းက သက်ဆိုင်ရာပူးပေါင်းတပ်ဖွဲ့တွေက ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး နိုင်ငံခြားသားရှစ်ရာကျော်ဖမ်းမိခဲ့ပါတယ်။
မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်၊ ၉၉၉ လုံးဂိတ်ဟောင်းအနီးရှိ သောင်ရင်းမြစ်ဘေး ကာစီနိုလောင်းကစားရုံတွေကို စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာပါ။
အဲဒီလိုစီးနင်းမှုအတွင်း ကာစီနိုရုံတွေမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ တရုတ်နဲ့ထိုင်းနိုင်ငံသား စုစုပေါင်းရှစ်ရာကျော်ခန့်ကို ပူးပေါင်းတပ်ဖွဲ့တွေကဖမ်းဆီးရမိခဲ့ပြီး အဆောက်အအုံအတွင်းရှိ နိုင်ငံခြားသားအများစုမှာ မြန်မာဘက်ခြမ်းသောင်ရင်းမြစ်ကမ်းဘေးတလျှောက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။
ထိုင်နိုင်ငံဘက်သို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာသူတွေထဲမှာ အမျိုးသားနှစ်ဆယ့်ခုနှစ်ဦးနဲ့ အမျိုးသမီးဆယ့်လေးဦး၊ စုစုပေါင်းလေးဆယ်တဦးကို ထိုင်းစစ်တပ်က နယ်စပ်တလျှောက်လုံခြုံရေးဆောင်ရွက်စဉ် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ဖမ်းဆီးရမိထားတဲ့ နိုင်ငံခြားသားရှစ်ရာကျော်ကို မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ ချစ်ကြ
ည်ရေးလမ်းပေါ်ရှိ အောင်ဇဗ္ဗူလင်းဟိုတယ်မှာ ယာယီထိန်းသိမ်းထားပြီး လိုအပ်တဲ့စစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေပါတယ်။










