Border News Agency
ဇူလိုင် ၂၁
စစ်ကောင်စီထံ အဓမ္မဖမ်းဆီး စစ်သားစုဆောင်းခံရသူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ကို ကူးပြောင်းခိုလှုံကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇူလိုင်လ ၂၁ ရက် ဒီနေ့ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီက စစ်ရေးအရရှုံးနိမ့်မှုတွေကို တန်ပြန်ဖို့အတွက် အခုအချိန်အထိ လူငယ် ခုနစ်သောင်း နီးပါးကို စစ်မှုထမ်းသင်တန်းပေးပြီး စစ်မြေပြင်တွေမှာ အသုံးချနေတယ်လို့လည်း ဆိုပါတယ်။
မြေပြင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေထံကို ဘက်ပြောင်းခိုလှုံလာတွေ တစ်နေ့တစ်ခြားများလာနေတယ်လို့လည်း NUG ကဆိုပါတယ်။ ဒါဟာ စစ်ကောင်စီဘက်မှာ ရပ်တည်လိုစိတ်မရှိတဲ့ ပြည်သူ့သားကောင်းတွေရဲ့ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်တယ်လို့လည်းဆိုပါတယ်။
ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာကြမဲ့ တပ်သားသစ်အားလုံးကို NUG နဲ့ မဟာမိတ်တိုင်းရင်းသား တော်လှန် ရေးအဖွဲ့တွေက ကြိုဆိုနေကြောင်းလည်း NUG ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ တရားဝင်ပြောဆိုချက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် အချိန် ၄ နှစ် ကျော်အတွင်း ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာကြတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် တစ်သောင်းကျော်ရှိပါတယ်။
စစ်ကောင်စီဘက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီ လက်နက်ချအလင်းဝင်တာတွေ ရှိနေတယ်လို့ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ ဖော်ပြနေပါတယ်။