Border News Agency
မြောက်ဦး၊ ဧပြီ ၂၃။
တရားစီရင်ရေးမှာ ဆိုရိုးစကားတခုရှိပါတယ်။”Justice delayed is justice denied”ဆိုတာပါ။ အဲဒီအဓိပ္ပါယ်ကတ ရားစီရင်ရေးနှောင့်နှေးကြန့်ကြာမှုဟာ တရားမျှတမှုကို ငြင်းပယ်တာဆိုတဲ့အဓိပ္ပါယ်ပါ။
အာရက္ခဒေသမှာ တရားစီရင်ရေးနဲ့ပတ် သက်လို့ တချို့အမှုတွေဟာ အချိန်ကြာနေပါတယ်။
အဲဒါကြောင့် တချို့အမှုတွေမှာ စွပ်စွဲခံထားရသူတွေဟာ အမိန့်လည်းမချနိုင်ဘဲ အထိန်းသိမ်းခံအချုပ်ခံဘဝနဲ့ နေနေရပါတယ်။
တရားစီရင်ရေးစနစ်ကို ပြည်သူလူထုဘာမှမပြောဝံတဲ့အခြေအနေ (Silencing)ဖြစ်နေရင်၊တရားစွဲခံရမှုကြောင့် အချိန်ကုန် ငွေကုန်၊လူပန်းဖြစ်ပြီး အလုပ်ပျက်အကိုင်ပျက် (Disrupting Work)ဖြစ်နေရင်၊ တရားစီရင်ရေးစနစ်ကိုပဲ ကြောက်ရွံမှု (Intimidation)ဖြစ်နေရင် ဒါဟာ “တရားစီရင်ရေးနဲ့ ထိခိုက်အောင်လုပ်ခံရတာ(Judicial Harassment)”ဖြစ်နေပါပြီ။
အာရက္ခဒေသမှာ အမှုကိုအပြီးသတ်စစ်ဆေးခြင်းမပြုဘဲ အချုပ်ထဲကြာရှည်စွာထိန်းသိမ်းထားမှု(Prolonged Pretrial Detention)ဖြစ်စဉ်မျိုးတွေဟာ ရှိနေပါတယ်။
အဲဒီလိုအမှုတွေထဲမှာအမှုတခုခုနှင့် ပတ်သက်နေအောင် တမင်သက်သက်ပုံဖော်ပြီး တရားစွဲခံရမှု ဟုတ်မဟုတ် ဆိုတာကို ပြန်စစ်ဖို့လိုပါတယ်။
တကယ်လို့ အမှန်လည်း ပြစ်မှုကျူးလွန်ထားခြင်းမရှိဘဲ အမှုတခုခုနဲ့ပတ်သက်နေအောင် တမင်သက်သက်ပုံဖော်ခံထားရတာဖြစ်စဉ်တွေ ရှိ၊မရှိဆိုတာကိုလည်း ပြန်စစ်ဖို့လိုပါတယ်။
တကယ်လို့ ဥပဒေအရ အာမခံရသင့်တဲ့အမှုကို အာမခံမပေးဘဲ ချုပ်နှောင်ထားတဲ့ကိစ္စမျိုးတွေဖြစ်နေပြီးလားဆိုတာကိုလည်း ပြန်သုံးသပ်ဖို့လိုပါတယ်။
စောစောက ပြောခဲ့တဲ့ဖြစ်စဉ်မျိုးတွေဖြစ်နေရင် တရားရုံးက အပြစ်ရှိ/မရှိ ဆုံးဖြတ်ချက်မချရသေးခင်မှာတရားစွဲခံရတဲ့လုပ်ငန်းစဉ်တခုလုံးကို ဖြတ်သန်းနေရတာက စွပ်စွဲခံရသူအတွက်ကြီးမားတဲ့ပြစ်ဒဏ်တခုလိုဖြစ်နေတာကိုလည်း စဉ်းစားဖို့လိုပါတယ်။
ဥပဒေဆိုရိုးစကားထဲမှာ(လုပ်ငန်းစဉ်ကိုယ်တိုင်ကပြစ်ဒဏ်ဖြစ်နေတယ်။) “The process is the punishment” ဆိုတာရှိပါတယ်။ စီရင်စစ်ဆေးနေတာကပဲပြစ်ဒဏ်တခုဖြစ်နေပြီဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
“တရားစီရင်ရေးနဲ့ထိခိုက်အောင်လုပ်ခံရတာ(Judicial Harassment)ဆိုတာဟာ တရားမျှတမှုကို ရှာဖွေတာမဟုတ်ဘဲ တရားဥပဒေကို အကာအကွယ်ယူ အသုံးချကာ လူတဦးကို အနိုင်ကျင့်တာပါ။ လုပ်ပိုင်ခွင့်ဩဇာအာဏာရှိသူက သူ့ရဲ့လုပ်ပိုင်ခွင့် ဩဇာအာဏာအောက်ကနေပြီးလည်း(Judicial Harassment) လုပ်လို့ရပါတယ်။
အဲဒါတွေကို ပြန်လည်ဆန်းစစ်ဖို့လိုပါတယ်။(Judicial Harassment)အသွင် သဏ္ဍာန်ဟာ တရားစီရင်ရေးစနစ်တခုလုံးရဲ့ဂုဏ်သိက္ခာလည်း ထိခိုက်စေပါတယ်။ပြည်သူအတွက် ဥပဒေအပေါ် ယုံကြည်မှုကိုလည်း ပျက်ပြားစေပါတ ယ်။
ဖမ်းဆီးထိမ်းသိမ်းခံရမှုပုံစံအမျိုးမျိုး
၁။ အမှုမစစ်ဆေးမီထိန်းသိမ်းထားရတာ(Pretrial Detention)
အဲဒါက သာမန်လုပ်ထုံးလုပ်နည်းအရ ဖမ်းဆီးထိန်းသိမ်းတာပါ။ အမှုဖွင့်ခံ ထားရတဲ့အခါ(အာမခံမယူနိုင်တဲ့အနေအထားတခုခုကြောင့်)ဖမ်းဆီးထိန်းသိမ်းထားတာမျိုးပါ။
တရားရုံးက အပြစ်ရှိကြောင်း အမိန့်မချမှတ်ရသေးမီ အမှုစစ်ဆေးနေတဲ့ကာလအတွင်း စွပ်စွဲခံရသူကို အချုပ်ထဲ ထားတာမျိုးပါ။
မြန်မာ့တရားရုံးအစဉ်အလာအရ ဒါကို “အချုပ်ခံ” သို့မဟုတ် “Remand” လို့ ခေါ်ကြပါတယ်။
အဲဒီဖမ်းဆီးထိန်းသိမ်းတာမှာ တရားရုံးကို Remand ဘာကြောင့် ပေးသင့်တယ်ဆိုတာကို ရဲ သို့မဟုတ် အာဏာပိုင်ဟာ တင်ပြရပါတယ်။တရားရုံးက Remand ပေးသင့်၊မပေးသင့်ကို ဆုံးဖြတ်ပါတ ယ်။
၂။ ကြာရှည်စွာအချုပ်ခံထားရတာ (Prolonged Pretrial Detention)
အဲဒီဖမ်းဆီးထိန်းသိမ်းထားပုံက တရားဥပဒေအရဖြစ်သင့်ဖြစ်ထိုက်ကာလထက်ကျော်လွန်ပြီး အကြောင်းမဲ့အမှုစစ်ဆေးမှုကြန့်ကြာနေလို့ စွပ်စွဲခံရသူအ ချိန်ကြာမြင့်စွာ အချုပ်ခံနေရတာမျိုးပါ။
အဲဒီလိုဖမ်းဆီးထိန်းသိမ်းမှုဟာ “စွပ်စွဲခံရသူမှာ” အပြစ်မရှိသေးရင် လွတ်လပ်စွာနေထိုင်ခွင့်”(Presumption of Innocence)ကို ထိခိုက်စေတာဖြစ်လို့ လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ်သတ်မှတ်ကြပါတယ်။
၃။ အမြန်ဆုံးစစ်ဆေးခံရမယ့်အခွင့်အရေးကို ငြင်းပယ်ခံရတာ(Denial of the Right to a Speedy Trial)
ဘယ်ပြစ်မှုကိုမဆို ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူတိုင်းမှာတရားဥပဒေအရ “အမြန်ဆုံးတရားစစ်ဆေးခံပိုင်ခွင့်” ဟာရှိပါတယ်။
အမှုစစ်ဆေးဖို့၊တရားရုံးဖြစ်စဉ်ရှေ့ဆ က်ဖို့(Due Process)ရပ်တန့်နေပြီး ဘာကြောင့် ရပ်တန့်နေရတယ်ဆိုတဲ့”အ ကြောင်းပြချက်မရှိဘဲကြာရှည်စွာအချိန်ဆွဲထားတာ”ဟာ တရားစီရင်ရေး စံနှုန်းနဲ့လူ့အခွင့်အရေးစံနှုန်းကို တပြိုင်နက်တည်းချိုးဖောက်တာပါပဲ။
ဥပဒေကြောင်းအရ တရားမဝင်ဖမ်းဆီးထိန်းသိမ်းမှုတွေ
၁။ ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းတာ (Arbitrary Detention)
ဖမ်းဆီးခံရတာမှာခိုင်လုံတဲ့ဥပဒေကြော င်းအရ အကြောင်းပြချက်မရှိဘဲဖမ်း ဆီးထိန်းသိမ်းတာ၊တရားဝင်လုပ်ထုံးလု ပ်နည်းတွေကို လုံးဝလျစ်လျူရှုပြီး လုပ်ပိုင်ခွင့်ရှိသူတွေက စိတ်တိုင်းကျဖမ်းဆီးတာမျိုးကို ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းတာ(Arbitrary Detention)လို့ခေါ်ပါတယ်။
၂။ တရားမဝင်ဖမ်းဆီးထိန်းသိမ်းတာ (Unlawful Detention)
ဥပဒေမှာ ပြဌာန်းထားတဲ့လုပ်ထုံးလုပ်နည်းတွေ(ဥပမာ – ဖမ်းဝရမ်းထုတ်တာ၊ ဖမ်းရတဲ့အကြောင်းရင်းကိုပြောပြတာ၊ တရားရုံးသို့ အချိန်မီတင်ပို့တာ )ကို လိုက်နာမှုမရှိဘဲ ဖမ်းဆီးထားတာမျိုးပါ။
အဲဒီလိုဖမ်းဆီးရင် အဲဒီဖမ်းဆီးမှုဟာ ဥပဒေအကာအကွယ်အောက်မှာမရှိတာမို့ တရားမဝင်အပြုအမှုဖြစ်ပါတယ်။
၃။ တရားမျှတသောလုပ်ထုံးလုပ်နည်း မရှိတာ(Detention without Due Process)
ဖမ်းဆီးခံရသူတဦးမှာရှိသင့်ရှိထိုက်တဲ့အခြေခံအခွင့်အရေးတွေ(ဥပမာ – ရှေ့ နေနဲ့တွေ့ဆုံခွင့်၊မိမိအမှုကို ခုခံချေပခွင့် ၊တရားရုံးမှာစစ်ဆေးခံခွင့်၊မိသားစုနဲ့တွေ့ဆုံခွင့်၊ မိသားစုကို အသိပေးခွင့်) ကို မပေးအပ်ဘဲ ဖမ်းဆီးထားမျိုးပါ။
ဘယ်လိုတရားစီရင်ရေးစနစ်မှာပဲဖြစ် ဖြစ်”ဥပဒေကြောင်းအရ တရားမဝင်ဖမ်းဆီးထိန်းသိမ်းမှုတွေ”ရှိနေပြီဆိုရင် ဒါဟာ တရားဥပဒေစိုးမိုးရေးနဲ့အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်တာပါပဲ။
လုပ်ပိုင်ခွင့်အာဏာရှိသူတွေ ဘယ်လိုဖြေရှင်းကြမလဲ
ကြာရှည်စွာ အချုပ်ခံထားရတာ (Prolonged Pretrial Detention)ကို ကိုင်တွယ်ဖို့အတွက် အခြေခံစံနှုန်းသုံးခုရှိပါတယ်။
ပထမစံနှုန်းက အမှုကို ကိုင်တွယ်နေတဲ့တရားရုံးမှာ အမှုကို မြန်မြန်ဆုံးဖြတ်ချက်ချဖို့အတွက်…
၁ – အမှုအတွက် အချက်အလက်အရင်း အမြစ်မလုံလောက်မှု။
၂ – အမှုအတွက် ဥပဒေကြောင်း/ မူဝါဒ အရင်းအမြစ်မလုံလောက်မှု။
၃ – တရားရုံးလုပ်ငန်းအတွက် ရုပ်ပိုင်းအ ခြေခံအဆောက်အအုံ၊လုပ်ငန်းလည်ပ တ်မှု၊လူအရင်းအမြစ်မလုံလောက်မှုဆိုတဲ့
“မဖြစ်နိုင်သောကြောင့်” ကြန့်ကြာတာ (Incompetence/Lack of resource) ရှိ – မရှိကို ပြန်သုံးသပ်ရမှာ ဖြစ်ပါတယ်။
ဒုတိယအချက်က…
- အမှုကို စစ်ဆေးလို့ရရဲ့သားနဲ့ တမင်ကို မစစ်ဆေးဘဲထားတဲ့”တမင်ပြုလုပ်ထားတဲ့ကြန့်ကြာမှု (Intentional Delay)”ဟုတ်၊မဟုတ်ကို သုံးသပ်ရမှာ ဖြစ်ပါတယ်။
တတိယအချက်က…
အပေါ်က အချက်နှစ်ချက်မှာ ဘယ်အချက်ကြောင့်ပဲကြန့်ကြာနေပါစေ အဲလို ကြန့်ကြာမှုဟာ” တရားဥပဒေစိုးမိုးရေးအတွက် အကြီးမားဆုံးသော စိန်ခေါ်မှု” ဆိုတာကို အသိအမှတ်ပြုထားဖို့လိုပါတယ်။
စံနှုန်းသုံးချက်နဲ့ဆန်းစစ်ရမယ့်တရား ရုံးလုပ်ငန်းစဉ်တွေ
စနစ်ပိုင်းဆိုင်ရာအားနည်းချက် (Systemic Issues)အပိုင်းအရ
(က) တရားရုံးတခုမှာ စစ်ဆေးရမယ့် အမှုအရေအတွက်က တရားသူကြီးဦး ရေနဲ့ယှဉ်ရင် အလွန်များပြားနေတာကြောင့် အမှုတခုချင်းစီကို အချိန်မီမစစ်ဆေးနိုင်တဲ့တရားရုံးဝန်ပိတာ(Case Backlog)အကြောင်းပြချက်ဟာ အခြေခံစံနှုန်းသုံးချက်နဲ့ ညီ၊ မညီ စိစစ်ဖို့လိုပါတယ်။
(ခ) ရဲတပ်ဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့က အမှုအတွက်လိုအပ်တဲ့အထောက်အထား၊ သက်သေခံပစ္စည်းတွေရှာဖွေရာမှာအချိန်ယူရတာ၊လုပ်ထုံးလုပ်နည်းတွေအရ နှောင့်နှေးတာတွေကြောင့်တရားရုံးကို အမှုတင်သွင်းရာမှာ ကြန့်ကြာနေတာဆိုတဲ့ စုံစမ်းစစ်ဆေးမှုနှောင့်နှေးတာ(Investigation Delays)အကြောင်းပြချက်ဟာ အခြေခံစံနှုန်းသုံးချက်နဲ့ ညီ၊ မညီ စိစစ်ဖို့လိုပါတယ်။
(ဂ) တရားရုံးဝန်ထမ်းတွေ၊ အမှုလိုက်ပါဆောင်ရွက်ပေးမယ့်ရှေ့နေတွေမှာစစ် ဆေးရေးကိရိယာတွေ၊လိုအပ်တဲ့ဘတ်ဂျက်မလုံလောက်တာတွေကြောင့်လုပ် ငန်းစဉ်တွေနှေးကွေးကာအရင်းအမြစ် လိုအပ်ချက်(Lack of Resources) အ ကြောင်းပြချက်ဟာ အခြေခံစံနှုန်းသုံးချက်နဲ့ ညီ၊ မညီကို စိစစ်ဖို့လိုပါတယ်။
လုပ်ထုံးလုပ်နည်းဆိုင်ရာအကြောင်းရင်းတွေ (Procedural Issues)
(က) တရားလို ဒါမှမဟုတ် တရားခံဘက်မှအကြောင်းအမျိုးမျိုးပြကာ(ဥပမာ – သက်သေမလာရောက်နိုင်တာ၊ရှေ့ နေမအားလပ်တာ)စတဲ့အမှုစစ်ဆေးမယ့်ရက်ကို ခဏခဏရွှေ့ဆိုင်းမှု (Frequent Adjournments)ဟာ အခြေခံစံနှုန်းသုံးချက်နဲ့ညီ၊မညီကို စိစစ်ဖို့လိုပါတယ်။
(ခ) အမှုမှာပါဝင်နေသူ တဖက်ဖက်က တမင်သက်သက် အချိန်ဆွဲဲတာဆိုတဲ့အ မှုမစစ်ဆေးနိုင်အောင်ကြန့်ကြာစေတာ (Delay Tactics)ပုံစံမျိုး ရှိမရှိကို စိစစ်ဖို့လိုပါတယ်။ ဥပမာ – တရားခံဘက်ကအ ချိန်ဆွဲတာ(သက်သေတွေ ရုံးကိုလားပြီးသက်သေမထွက်အောင်လုပ်တာ)၊တ ရားလိုဘက်ကအချိန်ဆွဲတာ(အမှုကို မပြီးပြတ်စေဘဲ ထိန်းချုပ်ထားလိုတာ) မျိုး ရှိ၊မရှိ စိစစ်ဖို့လိုပါတယ်။
(ဂ)-စွပ်စွဲခံရသူဘက်က အကျိုးဆောင်ရှေ့နေရဲ့အမှုအတွက် ပြင်ဆင်မှုတွေကြောင့်တရားရုံးလုပ်ငန်းစဉ်ကြန့်ကြာသွားမျိုးကိုလည်း တရားမျှတမှုဘက်က သုံးသပ်ဖို့လိုပါတယ်။
အဖွဲ့အစည်းဆိုင်ရာနဲ့နိုင်ငံရေးဆိုင်ရာ အကြောင်းရင်းတွေ(Institutional & Political Issues)
တရားစီရင်ရေးလွတ်လပ်မှုမရှိမှု(Lack of Judicial Independence)ကိုလည်း ပြန်လည်သုံးသပ်ဖို့လိုနေပါတယ်။
တရားစီရင်ရေးအပေါ် တခြားအဖွဲ့အ စည်းတွေ(အုပ်ချုပ်ရေးဘက်၊နိုင်ငံရေး အာဏာဘက်၊စစ်ရေးအာဏာဘက်)က ဩဇာသက်ရောက်နေမှု ရှိ၊မရှိကိုလည်း စိစစ်ဖို့လိုပါတယ်။
တကယ်လို့ တရားစီရင်ရေးအပေါ် အဲဒီလို တခြားဘက်တွေကဩဇာသက်ရော က်နေရင် အမှုကိုလိုသလို အချိန်ဆွဲတာ၊ အမိန့်မချဘဲ ထိန်းသိမ်းထားခိုင်းထားတာတွေ ရှိလာတတ်ပါတယ်။ အာမခံစနစ်ကို အလွဲသုံးစားလုပ်တာ (Misuse of Bail and Misuse of Remand)မျိုး ရှိ၊မရှိကိုလည်း စိစစ်ဖို့လိုပါတယ်။ဥပဒေအရ အာမခံပေးနိုင်တဲ့အမှုဖြစ်ပေမယ့် အာမခံမပေးဘဲ ချုပ်နှောင်ထားတာဟာ”ပြစ်ဒဏ်ပေးသကဲ့ သို့ ပြုလုပ်ခြင်းမျိုး”ဖြစ်ပါတယ်။အချု ပ်ခံထားရသူကို ဖိအားပေးဖို့ ရည်ရွယ် ချက်တွေနဲ့အာမခံခွင့်ကို ပိတ်ပင်ထားတာမျိုး ရှိ၊မရှိကိုလည်း စိစစ်ဖို့လိုပါတ ယ်။
လူထုဘာလုပ်နိုင်မှာလဲ။
ဘာမှမလုပ်နိုင်ပါဘူး။ အာရက္ခဒေသရဲ့လက်ရှိအခြေအနေအရ ကြာရှည်စွာအချုပ်ခံထားရတာ(Prolonged Pretrial Detention)ရှိလာခဲ့ရင်လည်း အာရက္ခလူထုက ဘာမှလုပ်နိုင်စရာလမ်းစလည်းမရှိသလို ရေငုံနုတ်ပိတ်ပဲနေရမှာအ ရှိတရားပါပဲ။
စိတ်ဓာတ်ကျ၊ စိတ်ပျက်အားငယ်မှု၊ ကူရာမဲ့မှုတွေက အဲလိုမျိုးဖြစ်စဉ်တွေကို ရင်ဆိုင်ရတဲ့သူနဲ့ မိသားစုဝင်တွေခံစားရမှာမလွဲပါပဲ။
နောက်ထပ် ကြေကွဲစရာက တကယ်လို့ နှုတ်မဆိတ်နိုင်ဘဲ ပွင့်အံထွက်လာမယ်ဆိုရင်တောင် အဲဒီလိုပွင့်အံထွက်မှုရဲ့နောက်မှာလုံခြုံရေးဆိုင်ရာခြောက်လှန့်မှုရှိနေတာပါပဲ။
ကြာရှည်စွာအချုပ်ခံထားရတာ(Prolonged Pretrial Detention)ကြောင့်မထင်မှတ်တဲ့စစ်ရေး၊ နိုင်ငံရေးနဲ့လုံခြုံရေး စိန်ခေါ်ချက်တွေအောက်မှာမိသားစုတချို့ဟာ အသံမထွက်နိုင်ဘဲ ကြေကွဲဖွယ်ရာ ငိုရှိုက်သံတွေရှိနေတာကိုလည်း သင်ခန်းစာယူဖို့လိုပါတယ်။






