Border News Agency
နေပြည်တော်၊ ဧပြီ ၂၃။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ထိုင်းဒု-ဝန်ကြီးချုပ် H.E. Mr. Sihasak Phuangketkaew ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၂၂ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်ဖွင့်ဖို့ကိစ္စကိုအဓိကထား ဆွေးနွေးခဲ့ကြသလို နယ်စပ်တည်ငြိမ်ရေး၊မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးတွေကိုလည်း ပြောဆိုခဲ့ကြတာပါ။
ဒါ့အပြင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထိုင်းနိုင်ငံက ပါဝင်ကူညီပေးမယ့် အခြေအနေတွေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်အတိုင်း လူသားချင်းစာနာမှုဆိုင်ရာတွေမှာ ပူးပေါင်းဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ လျှပ်စစ်ကဏ္ဍတွေမှာ နှစ်နိုင်ငံဘက်စုံပူးပေါင်းဆောင်ရွက်မှုတွေ ပိုတိုးမြှင့်သွားဖို့ကိုလည်း နှစ်ဖက် သဘောတူခဲ့ကြတယ်လို့လည်းဆိုပါတယ်။
ဒီတွေ့ဆုံပွဲကို စစ်ကော်မရှင်ဘက်က ဝန်ကြီးတွေဖြစ်တဲ့ ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးအောင်ကျော်ဟိုးနဲ့ ဦးကိုကိုလွင်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။






