Border News Agency
မြောက်ဦး၊ မေ ၇။
အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ် မြေများတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် အမျိုးသားကာကွယ် ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် (National Defense Emergency Provision-NDEP)ကို အကောင်အထ ည်ဖော်နေသည်။
ထိုပြဋ္ဌာန်းချက်အရအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးတွင် အသက် ၁၈ နှစ်မှ ၄၅ နှစ်ထိ အမျိုးသားများ၊အ သက် ၁၈ နှစ်မှ ၂၅ နှစ်ထိ အမျိုးသမီးများကို မဲစနစ်နှင့်စစ်မှုထမ်းခေါ်ယူနေသည်။
ထိုပြဋ္ဌာန်းချက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ နိုင်ငံရေးမှူးများ၊ နယ်မြေမှူးများ၊ တိုက်နယ်မှူးများ၊ ရပ်ရွာအုပ်ချုပ်ရေးမှူးများ ဦးဆောင်ပြီး စစ်မှုထမ်းရမည့်သူများကို မဲနှိုက်ခေါ်ယူနေခြင်းဖြစ်သည်။
ထိုအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ကို ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊မတ်လ ၁၈ ရက်နေ့ကပြဋ္ဌာန်းခဲ့သည်ဟု ပြီးခဲ့သည့်နှစ်မေလ ၂၂ ရက်နေ့တွင် အာရက္ခတပ်တော်ထုတ်ပြန်ထားသည်။
ထိုကဲ့သို့အသက်အရွယ်အတိအကျပြ ဋ္ဌာန်းထားသော်လည်း မြေပြင်အမှန်တရားတွင် အသက် ၁၈ နှစ်မပြည့်သေးသည့်ကျောင်းသူ၊ကျောင်းသားများ၊ အသက် ၄၅ နှစ်ကျော်လွန်နေသူများ၊ ကလေးမိခင်များအပါအဝင် ကင်းလွတ်ခွင့်ပြုရမည့်သူများကိုလည်း စစ်မှုထမ်းခိုင်းနေသည်ဟု အာရက္ခပြည်သူများက အတ ည်ပြုပြောကြသည်။
ထိုအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်သည် အာရက္ခပြည်အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းကာကွယ်ဖို့၊ပြည်တွင်းပြည်ပအန္တရာယ်အရပ်ရပ်ကို ကာကွယ်တားဆီးရေးအတွက်ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် အာရက္ခဒေသနေ လူမျိုးဘာသာတိုင်းစည်းလုံးချစ်ခင်စွာပါဝင်သည့်အမျိုးသားကာကွယ်ရေးစနစ်ကို ထူထောင်ဖို့အတွက် အာရက္ခနိုင်ငံသားတိုင်းတူညီသောတာဝန်၊အခွင့်အရေးများ ခံစားရရှိစေမည်ဖြစ်သည်ဟု ထု တ်ပြန်ထားသည်။
ထိုကဲ့သို့စစ်မှုထမ်းပြီးနောက် ဆက်လက်တာဝန်ထမ်းဆောင်ချင်ရင်လည်းရသကဲ့သို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ဌာနများတွင် ဝင်ရောက်တာဝန်ထမ်းဆောင်၍ရသည်ဟု ဖော်ပြထားသည်။
ထိုအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်အရ စစ်မှုထမ်းခေါ်ခံရသူများသည် ၄၅ ရက်သင်တန်းတက်ရောက်ပြီး နှစ်နှစ်စစ်မှုထမ်းကြရမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ဥပဒေဆိုင်ရာခြွင်းချက်(Legal Exception)
နိုင်ငံတော်အစိုးရဖြစ်စေ၊ တော်လှန်ရေးအဖွဲ့ပင်ဖြစ်စေ နိုင်ငံရေးအာဂျင်တာအဖြစ် အမိန့်အာဏာကို အကောင်အထ ည်ဖော်ပါက ထိုအမိန့်အာဏာတွင်..
- ၁။ Legal Exception ဆိုသည့် တရားမျှတမှုအတွက် ခြွင်းချက်ပါရသည်။
- ၂။ အများပြည်သူဆိုင်ရာအကျိုးစီးပွားကို ဦးတည်ရသည်။
- ၃။ အများပြည်သူ၏ ဆန္ဒဆုံးဖြတ်ချက် ကို တန်ဖိုးမြှင့်ပေးရသည်။
အမိန်အာဏာကို အကောင်အထည်ဖော်လျှင် ထိုအမိန်အာဏာနှင့်အတူ အဆိုပါ အချက်သုံးချက်ကိုလည်း အကောင်အထည်ဖော်ရသည်။
မည်သူက အကောင်အထည်ဖော်ရမည်နည်းဆိုသော ထိုအမိန့်အာဏာကို အကောင်အထည်ဖော်မည့်အဖွဲ့အစည်း၏ အောက်ဆုံးအလွှာကပင် ထိပ်ဆုံးအလွှာထိ ပါရှိသူများအကောင်အထည် ဖော်ရန် တာဝန်ရှိသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ထုတ်ပြန်ထားသော အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(National Defense Emergency Provision (NDEP)တွင် Legal Exception အရ လုံးဝကင်းလွတ်ခွင့်ရသူငါးမျိုး၊ရွှေ့ဆို င်းခွင့်ရသူငါးမျိုး၊လျော့ပေါ့ခွင့်ရသူတမျိုး၊ယာယီရွေ့ဆိုင်းခွင့်ရသူခုနှစ်မျိုးပါသည်။
ဤအချက်များသည် ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ကိုယ်တိုင် ထုတ်ပြန်ထားသောအ ချက်များဖြစ်သည်။
ထိုလုံးဝကင်းလွတ်ခွင့်ရသူငါးမျိုးကိုကြည့်ပါက ထိုအုပ်စုထဲတွင်…
- ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များပါဝင်သည်။
- ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဆေးအဖွဲ့က အရူး၊ စိတ်မနှံ့သူ၊စိတ်ပိုင်းဆိုင်ရာပြဿနာရှိသူဟု သတ်မှတ်ခံထားရသူများပါဝင်သည်။
- ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က ကင်းလွတ်ခွင့်ပြုထားသူများပါသည်။
- ဒုက္ခိတများပါဝင်သည်။
ကင်းလွတ်သူငါးမျိုးထဲတွင် အမှန်တ ကယ်၌ အထက်တွင် ဖော်ပြထားသောလေးမျိုးသာ စစ်မှုထမ်းခံရခြင်းမှ လွတ်ကင်းနိုင်သည်။
အမျိုးသမီးများနှင့်ပတ်သက်၍…
အမျိုးသမီးတယောက်သည် ကိုယ်ဝန်ရှိနေသည့်အချိန်အတွင်း ကင်းလွတ်သည်။
ကလေးမွေးဖွားပြီးစအခြေအနေတွင် ကင်းလွတ်သည်။ ကလေးငယ်အားအသက်နှစ်နှစ်သားထိ စောင့်ရှောက်နေရချိန်တွင် ကင်းလွတ်သည်ဟုဆိုထားသည်။
မည်သို့ပင် ထိုသို့ ဆိုထားစေကာမူ…
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်၏ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်အရ ကလေးငယ်အသက်နှစ်နှစ်ထက်တရက်ပိုစွန်းသွားလျှင် ထိုအမျိုးသမီးအား စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်သည်ဆိုသော သဘောမျိုးသက်ရောက်နေပြီးဖြစ်သည်။
ဤသည်က အသက်နှစ်နှစ်ထက် တရက်ပိုစွန်းသောကလေးငယ်တဦးသည် သူ့၏မိခင်နှင့်ဝေးကွာရမည့် အခြေအ နေတရပ်ကို အချိန်မရွေးကြုံတွေ့လာရနိုင်သည့်အနေအထားကို ညွှန်ပြနေသည်။
ဤအနေအထားက အိမ်ထောင်ကွဲနေသော၊Single Mother အဖြစ်ရပ်တည်နေရသောအမျိုးသမီးများကို ပို၍ရိုက် ခတ်အထိနာဖွယ်ရာရှိနေသည်။
အဘယ်ကြောင့်ဆိုသော် ယာယီရွေ့ဆိုင်းခွင့်ရသူခုနှစ်မျိုးတွင်”အိမ်ထောင်ရှိ အမျိုးသမီးများ”ကိုသာ ထည့်သွင်းထားပြီး အိမ်ထောင်ကွဲနေသူ၊Single Mother ပုံစံ ရပ်တည်နေရသူအမျိုးသမီး/ မိခင်များဟူ၍ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်တွင် အတိအကျမရေးထားချေ။
ဤအိမ်ထောင်ကွဲနေသူ၊Single Mother ပုံစံရပ်တည်နေရသူအမျိုးသမီး/ မိခင်များနှင့်ပတ်သက်၍ ရွေ့ဆိုင်းခွင့်ရသူငါးမျိုးထဲ၌”ကလေးငယ်များကို ပြုစုမည့်သူမရှိပါက မိခင်၊ဖခင်များအား ရွေ့ဆိုင်းခွင့်ပေးပြီးချက်ချင်းမခေါ်” ဟူ၍ တာဝန်ရှိသူများက အကြောင်းပြချက် ပေး၍ရသည်။
ထိုပြင်ယာယီရွေ့ဆိုင်းခွင့်ရသူခုနှစ်မျိုးထဲမှ”မိသားစုရပ်တည်ရေးအတွက်တဦးတည်းဝင်ငွေရှာပေးနေရသူများ”ကိုလည်း ချက်ချင်းမခေါ် ရွေ့ဆိုင်း၍ရသည်ဟု အကြောင်းပြချက်ပေး၍ရသည်။
ထိုရွေ့ဆိုင်းခွင့်ရသူငါးမျိုးထဲတွင် မိအို ဖအိုများကို လုပ်ကျွေးနေသူများကိုလည်း ချက်ချင်းမခေါ် ရွေ့ဆိုင်းပေးသည်ဟုဆိုထားသည်။
မူးယစ်ဆေးဝါးဖြတ်ထားသူ၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်ထဲတွင် တာဝန်ထမ်းဆောင်နေသူ၊ လောလောဆယ် စစ်သင်တန်းတက်နိုင်လောက်သည်ထိ ကျန်းမာရေးမကောင်းဟုရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်ဆေးအဖွဲ့က သတ်မှတ်ထားသူများကိုလည်း ချက်ချင်းမခေါ် ရွေ့ဆိုင်းပေးမည်ဟု ဆိုထားသည်။
ယာယီရွေ့ဆိုင်းခွင့်ရသူခုနှစ်မျိုးတွင် အိမ်ထောင်ရှိ အမျိုးသမီး၊ကျောင်း သား/သူများ၊တက္ကသိုလ်တက်နေသူ များ၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများ၊ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်မိသားစုဖြစ်သူ များပါဝင်သည်ဟု ဆိုထားသည်။
ထိုခုနှစ်မျိုးထဲတွင်အာရက္ခတပ်တော်တပ်ဖွဲ့ဝင်မိသားစုဖြစ်ပါက လျော့ပေါ့ခွင့်ပေးထားသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်၏ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ဆိုင်ရာ ယာယီရွေ့ဆိုင်းခွင့်ရသူခုနှစ်မျိုးအရ အသက် ၁၈နှစ် ပြည့်ပြီး ကျောင်းသား/ ကျောင်းသူများ၊မည်သည့်တက္ကသိုလ်တက်နေသူများကို ရွေ့ဆိုင်းခွင့်ပေးထားသည်။
သို့သော်လည်း အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် အခြေခံပညာရေးအပါအဝင် တက္ကသိုလ်ပညာရေးမှာ ရပ်တန့်နေသကဲ့သို့ဖြစ်နေသည်။
ထိုအပြင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးက အခြေခံပညာရေးအပါအဝင်တက္ကသိုလ်ပညာရေးထိပြည် မသို့သွားရောက်သင်ယူခွင့်ကို အာရက္ခတပ်တော်ကခွင့်မပြုပေ။
ထို့အပြင် အသက် ၁၈ နှစ်မပြည့်သေးသည့်အခြေခံပညာကျောင်းသား၊ကျော င်းသူများအပါအဝင်တက္ကသိုလ်တက်ကြရမည့်ကျောင်းသား၊ကျောင်းသူများကိုလည်း အာရက္ခတပ်တော်က စစ်မှုထ မ်းခေါ်ယူနေသည်ဟု အာရက္ခပြည်သူ များက ဆိုကြသည်။
သို့ဖြစ်၍ တက္ကသိုလ်တက်နေသူများကို ရွေ့ဆိုင်းခွင့်ဆိုသည်မှာ ထုတ်ပြန်ချက်တွင်သာဖော်ပြထားပြီး လက်တွေ့မြေ ပြင်တွင်မဖြစ်လာသောအခြေအနေဖြစ်နေသည်။
နည်းနာပိုင်းဆိုင်ရာလျစ်လျူရှူမှု (“Tactical Oversight”)
သို့ဖြစ်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်၏အမျိုးသားကာ ကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချ က်တွင် Legal Exception အတွက် လုံးဝလျစ်လျူရှူထားသလို ဖြစ်နေသော အခြေအနေနှစ်ရပ်ရှိသည်။
ပထမအခြေအနေမှာ”အိမ်ထောင်ကွဲနေသော၊Single Mother အဖြစ်ရပ်တည်နေရသောအမျိုးသမီးများနှင့်၎င်းတို့ ၏ကလေးငယ်များ”အပေါ် စဉ်းစားချက်မရှိပေ။
ဒုတိယအခြေအနေမှာ အမျိုးသားကာ ကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချ က်တွင်ဖော်ပြထားသော်လည်း မြေပြင်တွင်မရှိဖြစ်နေသော”တက္ကသိုလ်တခုခုတွင်တက်ရောက်နေသူ”ဆိုသောအနေ အထားဖြစ်သည်။
ထိုအမျိုးသားကာကွယ်ရေးဆိုင်ရာအ ရေးပေါ်ပြဋ္ဌာန်းချက်ကြောင့် စစ်မှုထ မ်းနေရသော အခြေခံပညာကျောင်း သား၊ကျောင်းသူများအပါအဝင် တက္က သိုလ်တက်ခွင့်ရှိသော၊ပညာရေးတပိုင်းတဝဖြင့်ရပ်တန့်နေကြရသောလူငယ်များအတွက် Legal Exception မပါရှိပေ။
ဥပက္ခာပြုမှု (Negligence)
ထိုအမျိုးသားကာကွယ်ရေးဆိုင်ရာအ ရေးပေါ်ပြဋ္ဌာန်းချက်တွင် ထိခိုက်လွယ်သောဌာနေတိုင်းရင်းသားလူနည်းစုများအတွက် သီးသန့်ထည့်သွင်းစဉ်းစားချ က်များမတွေ့ရပေ။
ထိုဌာနေတိုင်းရင်းသားများသည် လူဦးရေရာဂဏန်း၊ ထောင်ဂဏန်မျှသာကျန်နေကြပြီး လူမျိုးပျောက်ကွယ်တော့မည့်အန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေကြရသည် လူနည်းစုများသာဖြစ်သည်။
ထိုအပြင် ပဋိပက္ခပေါင်းစုံနှင့်လက်နက်ကိုင်ပဋိပက္ခများကြားတွင် စားဝတ်နေရေးကအစ အကျပ်အတည်းပေါင်းစုံကိုရင်ဆိုင်ကြုံနေကြရသည့်ဌာနေတိုင်းရ င်းသားလူနည်းစုများသည် သူတို့၏သဘောဆန္ဒအမှန်ကို ထုတ်ဖော်ပြောကြားခွင့်၊ ထုတ်ဖော်မပြောကြားဝံ့ကြတော့ပေ။
ထိုအခြေအနေများကို ဥပက္ခာပြုပြီး ဌာနေတိုင်းရင်းသားလူနည်းစုများထဲက အသက် ၁၈ နှစ်မပြည့်သေးသည့် အခြေခံပညာအဆင့်ကျောင်းသူ၊ ကျောင်းသားများကိုလည်း အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူနေပေသည်။
ထိုဥပက္ခာသည် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် ဌာနေတိုင်းရင်းသားလူနည်းစုများရှင်သန်ရပ်တည်ရေးအတွက် ဥပဒေအရအကာအကွယ်မရသည့်အပြင် လူမျိုးတုန်းပျောက်ကွယ်မည့်အရေးကို ကြိတ်မှိတ်ကြုံတွေ့နေကြရသည်ကို မီးမောင်းထိုးပြနေပေသည်။
ကတိကဝတ်အားနည်းမှု
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ စစ်မှုထမ်းသင်တန်းတက်သူများသည် ရှေ့တန်ထွက်စစ်တိုက်ရမည်ဆိုခြင်းထက် မိမိရပ်ရွာကာကွယ် ရေးကို အင်အားဖြည့်ရန်အတွက်ဟု ပြောဆိုချက်ရှိသည်။
ထိုပြောဆိုချက်အား အာရက္ခပြည်သူ လူထုက သေချာသောကတိကဝတ်ဟု ယူဆပုံမရတော့ပေ။
ထိုပြောဆိုချက်အား မြေပြင်တွင်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှအတိအကျအာမခံချက်ပေးရန် လိုအပ်နေသည်။
အာရက္ခတပ်တော်မှရပ်ရွာကာကွယ်ရေးအတွက် ၄၅ ရက်စစ်သင်တန်းတက်ရန်ခေါ်ယူသွားသူအများစုသည် ၄၅ ရက်အခြေခံစစ်ပညာသင်တန်းတက်ရောက်ပြီးသော်လည်း နေအိမ်ကို ပြန်မရောက်ကြဟု မိသားစုဝင်များက ဆိုကြသည်။
ထိုအပြင် အာရက္ခတပ်တော်တွင် နှစ်နှ စ်ထိတာဝန်ထမ်းဆောင်ပြီးသော်လည်းမိသားစုဝင်များနှင့်အဆက်အသွယ်မရသူများလည်းရှိနေကြဆဲဖြစ်သည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။
အမဲလိုက်ပွဲတော်
မြန်မာနိုင်ငံတွင် စစ်မှုထမ်းကိစ္စဖြင့်ပြည်သူလူထုအား အမဲလိုက်သလို ပြန်ပေးဆွဲသလိုမျိုးဖြင့် ကြမ်းကြုတ်မှုအား အာဏာသိမ်းစစ်တပ် ဆောင်ရွက်နေသည်။
အာဏာသိမ်းစစ်တပ်သည် ၎င်းပြဋ္ဌာန်းထားသော စစ်မှုထမ်းဥပဒေထဲမှ Legal Exception များကို ဂရုမစိုက်ပေ။ အောက်ခြေအဆင့်တွင် အာဏာပြမှုများ၊ ငွေညှစ်မှုများ၊ ကိုယ်ချင်းစာနာမှုကင်းမဲ့ခြ င်းများ ရှိနေသည်။
ထိုအနေအထားအပေါ် အာဏာသိမ်းစစ်တပ်သိသော်လည်း တမင်တကာ လွတ်ပေးထားခြင်းဖြစ်သည်။ အဓိကအချက်မှာ ကိုယ်ထုတ်ထားသောစည်း ကမ်းနှင့်မညီညွှတ်သော်လည်း အင်အားရလျှင်ပြီးပြီဟူသော အမြင်ဖြစ်သည်။
ဤအချိန်ကား အောက်ခြေ၏ အဂတိတရားများကို ဖော်ထုတ်နေမည့်အချိန်မဟုတ်၊ဘယ်သူထိခိုက်သည်ဖြစ်စေ လုပ်မည်။
ထိုသို့လုပ်နိုင်ရန်လည်း အောက်ခြေအား အခွင့်အရေး၊ အာဏာကို အသုံးချချင်သလို ချခွင့်ပေးထားသည်။
ဤကား အာဏာသိမ်းစစ်တပ်၏လုပ်ရပ်ဖြစ်သည်။
ဤသို့ဆိုပါလျှင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်၏ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်သည်ကား လားရာအဘယ်သို့ရှိသနည်း။
ဝမ်းနည်းစရာကောင်းသည်က “ကိုယ်ထုတ်ထားသော စည်းကမ်းနှင့်မညီညွှတ်သော်လည်း အင်အားရလျှင်ပြီးပြီဟူ သောအမြင်မျိုး၊ဤအချိန်ကားအော က်ခြေအဂတိတရားများကို ဖော်ထုတ်နေမည့်အချိန်မဟုတ်၊ မည်သူထိခိုက် သည်ဖြစ်စေလုပ်မည်ဟူသောအမြင်မျိုး၊ ထိုသို့လုပ်နိုင်ရန်လည်း အောက်ခြေအား အခွင့်အရေး၊ အာဏာကို အသုံးချချင်သလိုချခွင့်ရနေသော အခြေအနေမျိုး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်တွင်လည်း ရှိနေသည်။
အာဏာသိမ်းစစ်တပ်သည်ကား ကျင့်ဝတ်ပိုင်းဖောက်ဖျက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုတွင် နှိုင်းရမဲ့ဖြစ်ကာ အာဏာရှင်ကို ဖြစ်ပေါ်စေသောအခင်းအ ကျင်းလည်းဖြစ်သည်။
ထိုအာဏာရှင်ကို ဆန့်ကျင်နေသောရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်တွင်ပင်လျှင် အောက်ခြေပိုင်းတွင် အာဏာပြမှုများ၊ဆုံးဖြတ်ချက်ချရာတွင်အများပါဝင်မှုကို ပိတ်ပင်မှုများနှင့် Legal Exception များကို မျက်ကွယ်ပြုမှုများ ရှိနေသည်။
အာဏာသိမ်းစစ်တပ်၏စစ်မှုမထမ်းမနေရပြဋ္ဌာန်းချက်တွင် Legal Exception များကို မျက်ကွယ်ပြုမှုမှာ တပ်သားသစ်လိုအပ်ချက်များပြားမှုနှင့်လူထုအား ဖိနှိပ်ငြိမ်ဝပ်စေလို၍ဖြစ်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်၏ စစ်မှုထမ်းကိစ္စမှာအာဏာသိမ်းစစ်တပ်ကို ရင်ဆိုင်ရန်နှင့်အာဏာရှိကြောင်းပြရန်ဖြစ်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ စစ်မှုထမ်းသင်တန်းတက်သူများသည် ရှေ့တန်းထွက်စစ်တိုက်ခြင်းထက် မိမိရပ်ရွာကာကွယ်ရေးကို အင် အားဖြည့်ရန်အတွက်ဟု ပြောနေသော် လည်း ထိုအချက်မှာ အာရက္ခပြည်သူ လူထုအတွက် သေချာသောကတိကဝ တ်အဖြစ် ရှိနေပုံမရချေ။
ဤသို့ဖြင့် နှစ်ဘက်စလုံးကား မိမိထုတ်ပြန်ထားသော Legal Exception များကို ဂရုစိုက်ဟန်မရှိပေ။
သို့သော် မျှော်လင့်ချက်ဝေဝါးနေချိန်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်သည် အာဏာသိမ်းစစ်တ ပ်ထက် ပြောဆို၍ရတန်နိုင်ကောင်းသ ည်။
သို့သော်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်အနေဖြင့် အာဏာသိမ်းစစ်တပ်၏ ကြမ်းကြုတ်မှုများကို အကြောင်းပြချက်ပြကာ အာရက္ခဒေသ၏ လူ့ဂုဏ်သိက္ခာနှင့်တရားမျှတမှုအား ပစ်ပယ်မှုဖြင့် လူသားချင်းစာနာထော က်ထားမှုဆိုင်ရာ အကျပ်အတည်းအား ကျော်ဖြတ်ရန်မဖြစ်နိုင်ပေ။






