Border News Agency
မောင်တော၊မေ ၁၀။
ယစ်ပလ္လင်ထဲဝတ္ထုပြုခံရခြင်း (Sacrifice)
ကျား/မတန်းတူအခွင့်အရေးဆိုလိုက်သည်နှင့်အလွန်တရာလက်ဝင်လှသော ကိစ္စဖြစ်သည်။
ကျား/ မ တန်းတူညီမျှမှုဟူသည် လူသားတို့၏ခေတ်သစ်ယဉ်ကျေးမှုတွင် တန်ဖိုးအဖြစ်ခံယူလာသည်မှာ မကြာသေးပေ။
အမျိုးသမီးများအား Objectification ဆိုသည့် အရာဝတ္ထုသာသာတန်ဖိုးဖြ တ်မှုမှာ လူ့အဖွဲ့အစည်း၌ ရှိခဲ့သည် ။အရာဝတ္ထုသာသာအဖြစ် တန်ဖိုးဖြတ် ခြင်းဆိုသည့် အမျိုးသမီးတဦး၏ လူသားဖြစ်မှုနှင့်ဆန္ဒသဘောထားကို လျစ်လျူရှုကာ ပိုင်ဆိုင်မှုတခု၊ရောင်းဝယ်ဖောက်ကားစရာပစ္စည်းတခု၊ရည်ရွယ်ချက်တခုအတွက် အသုံးပြုသည့် ကိရိယာအဖြစ်သာ သဘောထားခြင်းကို ဆိုလိုခြင်းဖြစ်သည်။
ထိုသို့တန်ဖိုးဖြတ်ခြင်းသည် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ယဥ်ကျေးမှုအပါ အဝင် လိင်မှုဘဝထိပုံစံအမျိုးမျိုးဖြင့်ရှိနေသည်။
မျက်မှောက်ကာလတွင်ပင် အမျိုးသမီးတဦးအား လူသားတဦးအဖြစ်မမြင်ဘဲ လိင်ပိုင်းဆိုင်ရာပစ္စည်း(Sexual Objectification)အဖြစ် မြင်ကာ ပါးစပ်အရသာခံကြသည်ကို အများသူငှာနားလည်လွယ်နိုင်ပါလိမ့်မည်။
လူသားသမိုင်းကို တူးဆွရာ၌ အမျိုးသ မီးများအားအသုံးချခံအရာဝတ္ထုအဖြစ်မြင်သော ဗီဇသဘောတရားကို ကမ္ဘာကြီး၏အစိတ်အပိုင်းအများစုတွင် တွေ့ရသည်။
နိုင်းလ်မြစ်၏သတို့သမီး(The Bride of the Nile)
အီဂျစ်ရိုးရာပုံပြင်များတွင် နိုင်းလ်မြစ် ရေကြီးရေလျှံမှုကောင်းစေရန်နှစ်စဉ် သန့်စင်သောသမီးကညာ(Virgin Maiden)ကို မြစ်ထဲသို့ ပစ်ချယစ်ပူဇော်ခဲ့ရသည်ဟူသော ပုံပြင်ဇာတ်လမ်းမျိုး ရှိသည်။
ရှေးဟောင်းအီဂျစ်သမိုင်းပညာရှင် အများစုက ရှေးခေတ်အီဂျစ်တွင် လူသားကို ယစ်ပူဇော်ခြင်းဓလေ့မရှိခဲ့ဟု ငြင်းဆိုကြသည်။
ဤပုံပြင်မျိုးက သမိုင်းဝင် အချက်အလက်ထက် ဒဏ္ဍာရီဆန်သောပုံပြင်ဇာတ်လမ်းတခုအဖြစ် အီဂျစ်လူ့အဖွဲ့အစည်းတွင်ရှိနေခြင်းဖြစ်သည်။
မြစ်နတ်ဘုရား၏သတို့သမီး(The River God’s Bride)
တရုတ်ပြည်မြောက်ပိုင်းဒေသများတွင် အထူးသဖြင့် မြစ်ဝါမြစ်(Yellow River) နှင့်ဆက်စပ်သည့် နာမည်ကြီးသော ဇာတ်လမ်းဖြစ်သည်။
ရှေးယခင်က မြစ်နတ်ဘုရားကို နှစ်စဉ်လှပသော သမီးကညာပေးဆက်ရမည်ဟူသောဓလေ့ရှိခဲ့သည်။
မြစ်ရေကြီးမှုကို တားဆီးရန်၊ရေကြောင်းသွားလာရေးအဆင်ပြေစေရန်စသည့် လူမှု-နိုင်ငံရေးလိုအပ်ချက်များအတွက် ရွေးချယ်ခံရသူအမျိုးသမီးငယ်ကို မြစ်ထဲသို့ ပစ်ချခဲ့ကြသည်။
နောက်ပိုင်းတွင် ရှီးမင်းပေါင် (Ximen Bao)အမည်ရှိ အုပ်ချုပ်သူတဦးက ဤဓလေ့သည် ငွေညှစ်တတ်ပြီး ကောက်ကျစ်သောနတ်ဟောဆရာများ၏လိမ် ညာဖန်တီးထားခြင်းဖြစ်ကြောင်းသိရှိပြီးတားမြစ်ပိတ်ပင်ခဲ့သည့်သမိုင်းမှတ် တမ်းများလည်းရှိခဲ့သည်။
ကာပါကိုချာ(Capacocha)ဓလေ့အင်ကာယဉ်ကျေးမှု
အမေရိကဌာနေအင်ဒီယန်းယဉ်ကျေးမှုထဲမှအင်ကာ(Inca)ယဉ်ကျေးမှု၌ ကာပါကိုချာ(Capacocha)အမည်ရှိ ဓလေ့တခုရှိသည်။
ထိုဓလေ့တွင် မင်းမျိုးမင်းနွယ်မှ သို့မဟုတ် အလှပဆုံးသောမိန်းကလေးငယ်များ၊ကလေးငယ်များနှင့်ဆယ်ကျော်သက်များကို မီးတောင်ထိပ်များတွင် နတ်ဘုရားများ(အထူးသဖြင့် ရာသီဥတုနတ်ဘုရားများ)ကို ပူဇော်ရန်အတွက် ယစ်ပူဇော်ခဲ့ကြသည်။
နိုင်ငံတော်တွင် ဘုရင်သစ်တက်ခြင်း၊ အာဏာအပြောင်းအလွဲဖြစ်ခြင်း၊သဘာဝဘေးအန္တရာယ် သို့မဟုတ် ကပ်ဆိုးများကျရောက်ခြင်းစသည့် ကြီး မားသောအခက်အခဲများကြုံတွေ့ရချိန်တွင် ငြိမ်သက်စေရန် နိုင်ငံတော်အတွက်ပေးဆပ်မှုအဖြစ် ဆောင်ရွက်ခဲ့သည်။
အစ်ဖီဂျီးနိုင်းယာ(Iphigenia)၏ ပေးဆပ်ခြင်း
ဂရိခေါမဒဏ္ဍာရီတွင် ဂရိတပ်များ၏ အကြီးအကဲဘုရင်အာဂါမန်နွန် (Agamemnon)သည် ထရိုဂျန်စစ်ပွဲကို စတင်ရန် ဂရိရေတပ်သင်္ဘောဖြင့် ထွက်ခွာရာတွင် လေပြေမတိုက်သဖြင့်ရပ်တန့်နေရသည်။အကြောင်းရင်းမှာ ဘုရင် အာဂါမန်နွန်(Agamemnon)သည် နတ်ဘုရားမအာတဲမစ်(Artemis)ကို စိတ်ဆိုးအောင်လုပ်မိခဲ့သောကြောင့် ဖြစ်သ ည်။
နတ်ဘုရားမအာတဲမစ်၏အမျက်ကို ပြေစေပြီး လေပြေရရန်အတွက် အာဂါမန်နွန်သည် သူ၏သမီးအကြီးဆုံးဖြစ်သူအစ်ဖီဂျီနိုင်းယား(Iphigenia)ကို ယစ်ပူဇော်ရမည်ဟု ဆိုသည်။
နိုင်ငံရေးနှင့်စစ်ရေးအောင်မြင်မှုအတွက် မိမိ၏သမီးအရင်းကို ပေးဆပ်ရမည့်အခြေအနေဖြစ်သည်။
အာဂါမန်နွန်သည် သမီးဖြစ်သူအား သူရဲကောင်းအကီလီးစ်(Achilles)နှင့်လက်ထပ်ပေးရန်ဟု လိမ်ညာကာ စခန်းသို့ ခေါ်ဆောင်ခဲ့သည်။
နောက်ဆုံးတွင် အစ်ဖီဂျီနိုင်းယားသည် သူမ၏ကံကြမ္မာကို သိရှိသွားပြီး ဂရိနိုင်ငံ၏အောင်မြင်ရေးအတွက် မိမိကိုယ်ကို ဆန္ဒအလျောက် ပေးဆပ်ရန် ဆုံးဖြ တ်ခဲ့သည်။
ဤပုံပြင်ဆန်သော ကမ္ဘာ့ဒေသအသီး သီး၏ဒဏ္ဍာရီ၊ပုံပြင် နမူနာများက လူသားတို့၏ဗီဇစိတ်တွင်အမျိုးသမီးများကို နိုင်ငံရေးကိရိယာအဖြစ်ရှူမြင်မှုကို တွေ့မြင်နိုင်သည်။
ဤနမူနာများတွင် အမျိုးသမီးများအား Objectification ဆိုသည့် အရာဝတ္ထုတခုသာသာ တန်ဖိုးဖြတ်မှုမှာ”နိုင်ငံရေးအရ လိုအပ်ချက်အတွက် အသုံးချအရာဝတ္ထုအဖြစ်”မြင်မှုကိုလည်း ပေါ်လွင်စေပါသည်။
အချို့လူ့အဖွဲ့အစည်းများတွင်”အမျိုး သမီးများကို မျိုးဆက်ပွားရန် သို့မဟုတ် လူမှုအဖွဲ့အစည်း၏စည်းမျဉ်းများကို ထိန်းသိမ်းရန်အတွက် အသုံးပြုသည့်ပုံစံ”အလေ့အထများကိုလည်း တွေ့ရနိုင်သည်။
ဤလူမှုရေးအလေ့အထများနှင့်ဒဏ္ဍာရီလွှမ်းမိုးမှုများက အမျိုးသမီးများကိုလူမှုရေးအရာဝတ္ထုများ၊ကိရိယာများအဖြစ်ရှုမြင်တတ်သည်ကို တွေ့မြင်နိုင်သည်။
နတ်ဘုရားများနှင့်လက်ထပ်ခြင်း (Theogamy)
ပိုလီနီးရှန်း(Polynesian)၊အိုရှင်းနီးယန်း (Oceanian)စသည့် ကမ္ဘာကြီး၏သမုဒ္ဒရာပိုင်းဇုန်ဒေသများတွင်”အမျိုးသမီးများကို မျိုးဆက်ပွားရန်”အတွက်အသုံးပြုသည့် လူမှုစံနှုန်းသည် ၁၈ ရာစုနှင့် ၁၉ရာစုကာလတွင်ရှိခဲ့သည်။
ထို့ပြင် အမျိုးသမီးများအား”လူမှုအဖွဲ့အစည်း၏စည်းမျဉ်းများကို ထိန်းသိမ်းရန်အတွက် အသုံးပြုသည့်ပုံစံ”အလေ့အထများကိုလည်း တွေ့ရသည်။
ပိုလီနီးရှန်း၊အိုရှင်းနီးယန်း ပုံစံကား ရှေးပိုင်းက ဖော်ပြခဲ့သည့်ဒဏ္ဍာရီပုံပြင်မဟုတ်ဘဲ အမှန်တကယ်သမိုင်းနောက်ခံလ ည်းဖြစ်သည်။
အထူးသဖြင့် အဆိုပါသမုဒ္ဒရာပိုင်းဇုန်ဒေသအား ဥရောပသားများ ရောက်ရှိလာချိန်(၁၈ ရာစုနှောင်းပိုင်းနှင့်၁၉ ရာစုအစောပိုင်း)တွင် အဆိုပါ အလေ့အထနှင့်သက်ဆိုင်သောမှတ်တမ်းများ ပိုမိုထင်ရှားလာခဲ့သည်။
ဟာဝိုင်ယီ ဘုရင်များလက်ထက်တွင် နိုင်ငံရေး ဩဇာခံယူရန်အတွက် ဥရောပနှင့်အမေရိကန်ကုန်သည်များနှင့်မဟာမိတ်ဖွဲ့ရာတွင် မိသားစုဝင်အမျိုးသမီးများကို အသုံးပြုခဲ့သည့် အလေ့အထများရှိခဲ့သည်။
အချို့သောမင်းမျိုးမင်းနွယ် သို့မဟုတ် မြင့်မြတ်သောအမျိုးသမီးငယ်များကို အရေးပါသည့် ဥရောပသားများ(သင်္ဘောကပ္ပတိန်များ၊ကုန်သည်များ သို့မဟုတ် နောက်ပိုင်းတွင် အုပ်ချုပ်သူများ) ထံသို့ မဟာမိတ်ဖွဲ့ခြင်းအဖြစ် ပေးအပ်ခဲ့ကြသည်။
ဤအမျိုးသမီးများမှာ ခေါင်းဆောင်နှစ်ဦး သို့မဟုတ် နိုင်ငံနှစ်ခုကြား ချုပ်ဆိုထားသော သဘောတူညီချက်၏ သက်ရှိစာချုပ်(living treaty)ဖြစ်သည်။
သူတို့၏တန်ဖိုးမှာ”ပုဂ္ဂိုလ်”တဦး၏တန် ဖိုးထက်”နိုင်ငံရေးကိရိယာ”တခု၏အခန်းကဏ္ဍတွင် ပို၍ရှိနေသည်။
ပိုလီနီးရှန်းခေါင်းဆောင်များသည်”န တ်ဘုရားဆန်သော”ဥရောပသားများနှင့်သူတို့၏အမျိုးသမီးများကို ပေါင်းစည်းပေးခြင်းဖြင့်သာမန်ထက်ထူးကဲ သောစွမ်းအားရှိသည့်သားသမီးများကို ရရှိမည်ဟုယူဆသည်။
ထိုသားသမီးများသည် ၎င်းတို့၏ နိုင်ငံတော်အတွက် အနာဂတ်ခေါင်းဆောင်များ သို့မဟုတ် စွမ်းအားအရင်းအမြစ်များ ဖြစ်လာမည်ဟု ထင်နေသည်။
ပိုလီနီးရှားဖြစ်စဉ်တွင် အမျိုးသမီးငယ်အား ဥရောပသားမှလာသောမြင့်မြတ် သောစွမ်းအားကို လက်ခံ၍ မျိုးဆက်သစ်ဆီသို့ ကူးပြောင်းပေးသည့်”ဇီဝကိ ရိယာ(Biological Instrument)”အဖြစ်မြင်ထားသည်။
ထိုအမျိုးသမီးငယ်၏ လူသားဖြစ်တည်မှုကိုသူမ၏ပုဂ္ဂိုလ်ရေးဆန္ဒနှင့်အခွင့်အရေးအရရှင်သန်ခွင့်ထက် လူ့အဖွဲ့အစည်း၏စုပေါင်းအကျိုးအတွက် အသုံးပြုခြင်းကို ပို၍အလေးထားခဲ့သည်။
ပိုလီနီရှားတွင် မျိုးရိုးဇာတိ၏စွမ်းအား (genealogy as power)သည် အလွန်အရေးကြီးပြီး အာဏာကို ဆုံးဖြတ်သည်။
အမျိုးသမီးများသည် မျိုးရိုးဇာတိကို ဆက်ခံသူနှင့်သယ်ဆောင်သူဖြစ်သောကြောင့် အလွန်အသုံးဝင်သည်။
သို့သော် ဤအသုံးဝင်မှုကြောင့် ပိုလီနီးရှားတွင် သူမ၏ ပုဂ္ဂိုလ်ရေးတန်ဖိုးထက် မျိုးရိုးလိုက်စွမ်းအားကို ထိန်းချုပ်ရန်၊မြင့်တင်ပေးရန်ကိရိယာတခုအဖြစ် အသုံးချခံရတော့သည်။
အမျိုးသမီးတဦးကို ဥရောပသားထံ ပေးအပ်ခြင်းသည် သူမအား နတ်ဘု ရား/စွမ်းအားရှင်နှင့်ဆက်ဆံရခြင်း၊မြင့်မြတ်သောကလေးများ(Sacred Children)ကို မွေးဖွားခွင့်ရခြင်းဆိုသည့်မြင့်မြတ်သောရာထူးကို ပေးလိုက်ခြင်းလည်း ဖြစ်သည်။
ဤကား ၁၈ရာစု၊၁၉ရာစုကာလက ပိုလီနီးရှားလူ့အဖွဲ့အစည်း၏တွေးခေါ်ပုံဖြ စ်သည်။
ယခုအချိန်ကာလ၌ကား ပိုလီနီးရှားလူ့အဖွဲ့အစည်းသည် ထိုအလေ့အထနှင့်အတွေးအခေါ်ကို စွန့်ခွာသွားခဲ့ပြီဖြစ်သည်။
အာရက္ခမြေကအမျိုးသမီးများ၏ တိတ်ဆိတ်သံ
အာရက္ခဒေသနေရာအချို့တွင် ထိုအမူအကျင့်များရှိနေသည်။
ပိုလီနီးရှားတွင် အမျိုးသမီးငယ်တဦးအား ဥရောပသားနှင့်ပေးစားခြင်းသည် နတ်ဘုရား/စွမ်းအားရှင်နှင့် ဆက်ဆံခွင့်ရခြင်း၊ဂုဏ်ပြုခြင်းဖြစ်သည်ဟု အကြောင်းပြသည်။
အာရက္ခဒေသနေရာအချို့တွင် မိမိကို ယ်ကို နတ်ဘုရား/စွမ်းအားရှင်အဖြစ်အထင်ရောက်လျှက် အမျိုးသမီးများအား အတင်းအကျပ်လက်ထပ်မှု (Forced Marriage)လုပ်သည့် ဖြစ်စဉ်များရှိနေသည်။
ဤသို့ Forced Marriage လုပ်သည်ကိုပင်လျှင် အမျိုးသမီးငယ်အား ဂုဏ်ပြုကာကွယ်မြှင့်တင်ပေးခြင်းသယောင် ယောင်အကြောင်းပြလိုက်သေးသည်။
အမှန်က လူသားတန်ဖိုးအရကြည့်လျှင် ဘာမှတန်ဖိုးထားဂုဏ်ပြုမြှင့်တင်ခြင်းမဟုတ်ပေ။
လူ့အဖွဲ့အစည်းတရပ် သို့မဟုတ် နိုင်ငံတော်တရပ်၏လူမှု-နိုင်ငံရေးလိုအပ်ချက်များအတွက်ဟု အကြောင်းပြကာ အမျိုးသမီးများအား”အသုံးချအရာဝတ္ထုအဖြစ်”မြင်မှုသာဖြစ်သည်။
လူအဖြစ်မှအရာဝတ္ထုအဖြစ် အဆင့်ချပစ်လိုက်ခြင်းသာဖြစ်သည်။
ပိုလီနီးရှန်းလူ့အဖွဲ့အစည်း၏အမူအကျင့်တွင် “အမျိုးသမီးများကို မျိုးဆက်ပွားရန် သို့မဟုတ် လူမှုအဖွဲ့အစည်း၏စ ည်းမျဉ်းများကို ထိန်းသိမ်းရန်အတွက် ဇီဝကိရိယာအဖြစ်သာ” အမျိုးသမီးများကို မြင်ခြင်းဖြစ်သည်။
အာရက္ခဒေသတွင်လည်း သဘောတရားအရ ထိုနည်းအတိုင်းသာဖြစ်သည်။
အာရက္ခဒေသ၏ လူဦးရေပထဝီဝင်လို အပ်ချက်ပြည့်မှီရန် အိမ်ထောင်ပြုရမည်။လင်ယူသားမွေးရမည်ဆိုသည့် အမြင်က အချို့တွင်ရှိနေသည်။
ထိုသို့ဖြစ်စဉ်များအတွက် မတိုင်တန်းကြ။မဖော်ထုတ်ကြဟူ၍ အကြောင်းပြ၍မရပေ။
အာရက္ခဒေသ၏ အခြေအနေအရ အသံထွက်ဝံသောအနေအထားတွင် မရှိပေ။
လုပ်ပိုင်ခွင့်၊အာဏာရှိသောအမျိုးသားတယောက်သည် ၎င်း၏မျက်စိထဲတွင် အဆင်ပြေသည်ဆိုယုံမျှဖြင့် အမျိုးသမီးငယ်တဦးအား လက်ထပ်ရန် ဆောင်ရွက်မှုမျိုးက ရှိသည်။
ထိုအမျိုးသမီးငယ်၏ပုဂ္ဂလိက ဆန္ဒအပေါ် အလေးထားခြင်းလည်းမရှိပေ။
လူမှုစီးပွားဘဝအစစအရာရာ ကျပ်တည်းနေသောအခြေအနေအောက်တွင် ထိုအမျိုးသမီးငယ်အတွက် ရွေးချယ်စရာနှင့်လူသားဖြစ်တည်မှုပျောက်ဆုံးခဲ့ပြီဖြစ်သည်။
ထိုလုပ်ပိုင်ခွင့် အာဏာရှိသောအမျိုးသားတယောက်က လက်ထပ်လိုခြင်းသည်ပင်လျှင် ထိုအမျိုးသမီးငယ်အတွက် ဂုဏ်ပြုခံရခြင်းသယောင်ယောင်ဖြစ်လာသည်။
လူမှုစီးပွားဘဝ ကျပ်တည်းမှုနှင့်လူ သားအဖြစ်မှ ယုတ်လျော့ခံရမှုရှိနေခဲ့သောအခင်းအကျင်းမျိုးတွင် ထိုအမျိုးသမီးငယ်အား မိမိခံစားချက်ကို မတိုင်တန်းပါလော။မဖော်ထုတ်ပါလောဟု ပြောနေ၍မရပေ။လွန်ဆန်နိုင်မှုမရရှိသောအခင်းအကျင်းအောက်တွင် အဆင်ပြေသလိုနေထိုင်ရင်း ထိုအမျိုးသမီးငယ်သည်လည်း ဖိနှိပ်ခံရသူဘဝမှ ဖိနှိပ်မှုကိုလက်ခံသွားသူသာဖြစ်သွားမည်ဖြစ်သည်။
လက်ရှိတွင် ထင်သာမြင်သာ ဖြစ်ခဲ့သောအဖြစ်အပျက်များက ရှိပါသည်။
အမျိုးသမီးသတင်းထောက် မုဒြာအဖမ်းခံရသည့် သတင်းအောက်တွင် “သူမအား တပ်ဖွဲ့ဝင်၊အဖွဲ့ဝင်တယောက်နှင့်ပေးစားပစ်ရမည်”ဟူသောမှတ်ချက်ပြုသူများ ရခိုင်လူ့အဖွဲ့အစည်းတွင် ရှိနေသည်။
ရိုဟင်ဂျာအမျိုးသမီးငယ်တဦးဖြစ်သူ နူးရ်အဇီဇာ(Noor Azizah)သည် ၂၀၂၅ ခုနှစ်တွင် Marie Claire Women of Year ဆုကို ချီးမြှင့်ခံရသူ ဖြစ်သည်။
ထိုဆုအားလက်ခံရာတွင် သူမသည် ဘူခါခေါင်းမြီးလည်းမခြုံ၊ဟိဂျဘ်(Hijab) လည်းမဝတ်၊ခေတ်မိန်းမပျိုတဦး၏ ဝ တ်စားဆင်ယင်မှု အသွင်ဖြင့် လက်ခံခဲ့သည်။
သူမ၏လွတ်လပ်တက်ကြွသော အနော က်ဥရောပဟန်ပန်အောက်တွင်သူမအား အစ္စလာမ္မစ် ရှေးရိုးစွဲအမြင်ဖြင့် ဝေဖန်သူများရှိလာသည်။
သူမက လူမှုကွန်ရက်တွင် လွတ်လွတ်လပ်လပ်ရယ်မောတတ်သော၊ပျော်ပျော်နေတတ်သောရိုဟင်ဂျာအမျိုးသမီများကိုကြည့်ရင်း အချို့ရိုဟင်ဂျာ အမျိုးသားများ ဒေါသထွက်နေကြသည်ဟု ပြောဆိုထားသည်။
ထိုနောက်သူမအား ရိုဟင်ဂျာအမျိုးသားများက Sexual Objectification ဆန်ဆန်လာရေးထားသော မှတ်ချက်များကိုလည်း ပြန်လည်ဖော်ပြထား သည်။
ဤအမျိုးသမီးများသည် ကိုယ်စီ နောက်ခံနှင့်အရည်အချင်းရှိသောသူများဖြစ်ကြသည်။
ဤသို့အမျိုးသမီးများအပေါ်တွင်ပင် ထိုသို့ တုန့်ပြန်မှုအမြင် ကရှိနေလျှင် နောက်ခံနှင့်ပြောပိုင်ခွင့်၊ဆိုပိုင်ခွင့် ဘာမှမရှိသော ပိတ်လှောင်ကြပ်တည်းနေသည့်အခြေအနေမျိုးတွင်ရှိနေသော အမျိုးသမီးများအတွက်မူဆိုဖွယ်ရာမရှိတော့ပြီ။
ဤဖြစ်စဥ်များက လားရာတခုကို ဦးတည်နေပေသည်။
ထိုလားရာသည် အမျိုးသမီးများအား Objectification ဆိုသည့် အရာဝတ္ထုတခုသာသာ တန်ဖိုးဖြတ်မှုအမှုအကျင့်မှ မရုန်းထွက်နိုင်သော အတွေးအမြင်များက ယခုအချိန်ထိစွဲကပ်နေသူများရှိနေသေးသည်ဟူသောအချက်ပင်ဖြစ်သ ည်။
အာရက္ခဒေသသည် CEDAW စာချုပ်အာဏာသက်ရောက်သောနေရာဖြစ်သည်ကို သတိပြုသင့်သည်။
CEDAW စာချုပ် အပိုဒ် ၁၅ သည် အ မျိုးသမီးများသည်လည်း အမျိုးသားများနည်းတူဥပဒေရှေ့မှောက်တွင် တ န်းတူညီမျှခွင့်ရှိသည်ကို ဖော်ပြထားသည်။
ထိုစာချုပ်အပိုဒ် ၁၆ သည် လက်ထပ်ထိမ်းမြှားခြင်းတွင် အမျိုးသမီးများ၌ အမျိုးသားများနည်းတူ ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိသည်ကို ဖော်ပြထားသ ည်။
အာရက္ခဒေသနှင့်သက်ဆိုင်သူတိုင်းသ ည် ထိုစံနှုန်းကို လေးစားရန်တာဝန်ရှိ သည်။
လူကို နိုင်ငံရေး၊အာဏာနှင့်မူဝါဒ၏လိုအပ်ချက်အရ(ယစ်ကောင်အဖြစ်)၊(အရာဝတ္ထုအဖြစ်)သတ်မှတ်သည့်မည်သည့်တော်လှန်ရေးနှင့်အပြုအမူမှလူပီသစွာဖြင့် အောင်မြင်မည်မဟုတ်ချေ။
မတရားမှုကို နှစ်ခြိုက်သူများက မတရားမှုကိုပြုနေသည်က ထုံးစံဖြစ်သော်လည်း မတရားမှုကို တွန်းလှန်သူများက မတရားမှုလုပ်လာလျှင် ဖောက်ပြန်လိမ်ညာမှုဖြစ်သည်။
အမျိုးသမီးများသည်လည်း လူသားအဖြစ်မြင်ရန်ထိုက်ထန်သောသူများသာဖြစ်သည်။






