Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၃။
ဒက်စတိုပီယန်းဖြစ်တည်မှု(Dystopian Existence)ဆိုတာဟာ ရှင်သန်ခွင့်ရနေသလိုရှိပေမယ့် အဲဒီရှင်သန်မှုဟာ အသုံးချခံရဖို့၊ပေးဆပ်ခံရဖို့သက်သက်အတွက်ပဲ သက်ဆိုးရှည်နေရတဲ့ဘဝပေး အခြေအနေမျိုးကိုခေါ်ပါတယ်။
လူ့အဖွဲ့အစည်းတခုမှာ အောက်ခြေလူထုဟာ ဒီလိုမျိုးဒက်စတိုပီးယန်းရှင်သန်မှုလိုခံစားလာရင် ဒါဟာ အုပ်ချုပ်သူတွေရဲ့စနက်တွေကြောင့်ပါ။
အဲဒီလိုမျိုးအခြေအနေမျိုးကို ဖန်တီးလာတဲ့အခါ အုပ်ချုပ်သူတွေမှာ လုပ်လေ့လုပ်ထရှိတဲ့သဘောတရားတွေရှိပါတယ်။
အဲဒါတွေက လူထုကိုတင်းကြပ်ထိန်းချုပ်တာ၊လူကိုလူလို့မမြင်ဘဲ အသုံးချရမယ့်ကိရိယာအဖြစ်မြင်နေတာ၊ပြန်လည်တွန်းကန်မှုမပြုရဲအောင် လူထုကိုတင်းကြပ်တဲ့စည်းမျဉ်းတွေ၊အုပ်ချုပ်မှုတွေနဲ့စိုးရိမ်ပူပန်မှုတွေထဲမှာရှင်သန်ခိုင်းထားတာ၊အုပ်ချုပ်သူကို ထာဝရကြောက်လန့်နေအောင်လုပ်ထားတာ၊ အင်မတန်မှအုပ်ချုပ်ရေးတွေအဆင်ပြေနေကြောင်း၊လူထုကအေးချမ်းအဆင်ပြေနေကြောင်း ဝါဒဖြန့်ချိပြတာ၊ လူထုကို တင်းကြပ်ဖိစီးထားတာကိုပဲ သုခလူဘုံတခု(Utopia)ကိုတည်ဆောက်ဖို့အတွက် လိုအပ်ချက်ဖြစ်နေသယောင် မုသားတွေသုံးပြတာစတဲ့ အထာတွေပါ။
အဲဒီလိုအထာတွေပြလာပြီးနောက်မှာအုပ်ချုပ်သူတွေ၊လုပ်ပိုင်ခွင့်အာဏာကို ကိုင်ထားတဲ့သူတွေဟာ လူတွေရဲ့ဘဝတွေကို ထိန်းချုပ်ဖို့ကြိုးစားလာပါတယ်။
ဥပမာ – လမ်းဘေးမှာ မရှိဆင်းရဲလို့ကွမ်းယာဆိုင်လေး၊ဈေးဆိုင်လည်းဖွင့်ရင်တောင် အဲဒီစားဝတ်နေရေးကို အာဏာပြမှုအမျိုးမျိုးနဲ့လာဟန့်တားတာမျိုးပါ။
လူတွေမှာ ကိုယ်ပိုင်လွတ်လပ်တဲ့ဆန္ဒဆိုတာ ကန့်သတ်ခံလိုက်ရပါပြီ။ဥပမာ- ကိုယ်မလုပ်ချင်တဲ့ အရာတစ်ခုကို မလုပ်ရင်မရအောင် တင်းကြပ်ခံရတဲ့အနေအထားမျိုးပါ။
အကြောက်တရားကို ဖန်တီးလိုက်ပါတယ်။ ဥပမာ- ငါဒါမျိုးပြောလိုက်ရင် ငါ့ကို သစ္စာဖောက်လို့ စွပ်စွဲကြမလားဆိုတဲ့ မလုံခြုံမှုမျိုးပါ။
လုပ်ပိုင်ခွင့်အာဏာရှိသူ လက်တဆုတ်စာကတော့ ကြွယ်ဝချမ်းသာလာကြပြီး အောက်ခြေလူထုတော့ အကျပ်အတည်းနဲ့ဖိနှိပ်မှုအောက်မှာငတ်မွတ်နေပါတယ်။ နေ့စဉ်ရှင်သန်နေထိုင်ရတဲ့ ပတ်ဝန်းကျင်ဟာ မလုံခြုံမှုတွေ၊မသာယာမှုတွေအပြည့်နဲ့ရှိနေပါတယ်။
အဲဒီကြားမှာပဲ လူ့အဖွဲ့အစည်းဟာ အဆင်ပြေနေကြောင်း၊အုပ်ချုပ်သူတွေဟာ ကြိုးစားနေကြောင်းစတဲ့ ဝါဒဖြန့်မှုတွေ ရှိနေပါလိမ့်မယ်။
အဲဒါမျိုးကို ဒက်စတိုပီယန်းဖြစ်တည်မှု (Dystopian Existence)လို့ခေါ်ပါတယ်။ ဒုက္ခငရဲရှင်သန်မှုလို့ ပြောလို့ရပါတယ်။
ဒက်စတိုပီယန်းရှင်သန်မှုဟာ မတော်တဆဖြစ်ရပ်မဟုတ်ပါဘူး။
အဲဒါဟာ အကောင်အထည်ဖော်မှုပါ။ ထိပ်ပိုင်းက သမာသမတ်ကျသလိုလို အသံပစ်တာမျိုးရှိနေပေမယ့် အလတ်အလတ်အဆင့်နဲ့အောက်ခြေအဆင့်မှာတော့ ညှင်းပန်းအာဏာပြခိုင်းထားတာမျိုးတွေပါ။ အောက်ခြေမှာဗရမ်းပတာဖြစ်မှုကို အပေါ်ကတမင်ခွင့်ပြုထားတာမျိုးပါ။
ဝဲလ်ဖောဒ်၊သမ္မတစနိုးနဲ့ အလ်မာကွိုင်း
အဲဒီနေရာမှာ Snowpiercer ဇာတ်ကားထဲက အာဏာရှင် ဝဲလ်ဖောဒ်(Wilford) ရဲ့အတွေးအခေါ်တွေကို သွားပြီး သတိရမိပါတယ်။
ဝဲလ်ဖောဒ်က သူ့ကိုသူ “ရထားစနစ်ကြီး လည်ပတ်ဖို့နဲ့ ရထားပေါ်က လူမျိုးဆက်မပျက်သုဉ်းဖို့အတွက် ယုတ်မာရက်စက်တဲ့အလုပ်ကို မဖြစ်မနေတာဝန်ယူ လုပ်ပေးနေရတဲ့၊ရထားကြီးကို ထိန်း ကျောင်းပေးနေရတဲ့”အနစ်နာခံသူစောင့်ရှောက်သူကြီး(Heroic Martyr)”ဆိုတဲ့ အယူအဆမျိုးရှိသူပါ။
သူက ရထားအမြီးပိုင်းက ပြည်သူတွေရဲ့ကလေးတွေကို မိဘတွေဆီက အတင်းဓမ္မလုယူပြီး စနစ်ထဲမှာ အသုံးချရတာကို အများအတွက်လုပ်ရတာဆိုတဲ့ အကြောင်းပြချက်ကိုပေးပါတယ်။
သူရဲ့သဘောက”အများစုကောင်းစားဖို့၊ အနာဂတ်ကောင်းစားဖို့အတွက် အနည်းအကျည်းလောက်ကို စတေးပစ်သင့်ရင် စတေးပစ်ပါမယ်။
အဲဒါအတွက် ငါတို့မှာ ဘယ်လောက်ပဲ ရက်စက်တဲ့မတရားမှုကိုမဆို ကျူးလွန်ပိုင်ခွင့်ရှိတယ်။”ဆိုတဲ့ အယူအဆမျိုးပါ။
နောက် Hunger Games ရုပ်ရှင်ထဲက အာဏာရှင်သမ္မတစနိုးရဲ့အယူအဆပါ။
သူ့ရဲ့အာဏာကို ဖီဆန်ချင်စိတ်မရှိအော င်နဲ့သူ့ကို ကြောက်လန့်နေအောင်အတွ က် ဒေသ ၁၂ ခုလုံးက အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား ယောကျာ်းလေးတယောက်၊မိန်းကလေးတယောက်စီကို မဲနှိုက်ရွေးချယ်ပြီး အချင်းချင်းသတ်ဖြတ်ရတဲ့ပြိုင်ပွဲကို ဖန်တီးထားပါတယ်။
အဲဒီပါဝင်ယှဉ်ပြိုင်ရတဲ့ လူငယ် ၂၄ ယောက်ဟာ တယောက်နဲ့တယောက် သေကြေအောင် တိုက်ခိုက်ကြရပြီး နောက်ဆုံးရှင်ကျန်ရစ်သူ တယောက်တည်းသာ အသက်ချမ်းသာခွင့်ရပါတယ်။
သမ္မတစနိုးရဲ့ရည်ရွယ်ချက်က အာဏာရှင်စနစ်နဲ့အကြွင်းမဲ့အုပ်ချုပ်ပိုင်ခွင့်ကို ကိုင်ထားနိုင်ဖို့အတွက် နိုင်ငံသားတွေရဲ့အသက်၊ခန္ဓာနဲ့ လွတ်လပ်ခွင့်အားလုံးဟာ ဗဟိုအစိုးရရဲ့ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့အယူအဆပါ။
“မင်းတို့ရဲ့ရင်သွေးတွေကိုတောင် ငါတို့ သဘောအတိုင်း သတ်ခိုင်းလို့ရတယ်။” ဆိုတာကိုပြသပြီး လူတွေကို ခေါင်းမထောင်ရဲအောင်ခြိမ်းခြောက်တာဖြစ်ပါတယ်။
“သန်မာသူသာ ရှင်ကျန်ရမယ်။ ” (Survival of the Fittest)ဆိုတဲ့ သဘောတရားကို အစွန်းရောက်ကျင့်သုံးပြတာလည်းဖြစ်ပါတယ်။
Hunger Gamesထဲမှာ (District 13) ရဲ့ခေါင်းဆောင်အဲလ်မာကွိုင်း( Alma Coin )လို လူမျိုးတွေရဲ့ အမြင်ကလည်း အဲဒီလိုပါပဲ။
အဲလ်မာ ကွိုင်းက သမ္မတစနိုးရဲ့ အာဏာရှင်ဆန်မှုကို မခံနိုင်လို့ တွန်းလှန်နေတာပါ။
ဒါပေမယ့် သူလည်း”သန်မာသူသာရှင်ကျန်ရမယ်။”ဆိုတဲ့ သဘောတရားမျိုးရှိသူပါ။
လက်စားချေမှုနဲ့အလုပ်ဖြစ်ဖို့ဆိုရင် အ နည်းအကျင်းလောက်ကို စတေးပစ်သင့်ရင်စတေးပစ်မယ်ဆိုတဲ့ အယူအဆမျိုးကိုစွဲကိုင်ထားတဲ့သူပါ။
အဲလ်မာကွိုင်းက အာဏာရှင်ကိုတိုက်နေရင်း အာဏာရှင်ဖြစ်လာတဲ့သူပါ။
Snowpiercer ရော၊Hunger Games ရော ဒီဇာတ်လမ်းနှစ်ခုစလုံးဟာ ဒက်စတိုပီးယန်းရှင်သန်မှုကို ဖော်ပြထားတဲ့ဇာတ်ကားတွေပါ။
Snowpiercer မှာတော့ ဇာတ်လိုက်ကာတစ်(Curtis)ကို ဝဲလ်ဖောဒ်က သူ့နေရာကို ဆက်ခံခိုင်းပြီး ရထားတစီးလုံးရဲ့အ ကြွင်းမဲ့အနန္တအာဏာကို လွှဲပြောင်းပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။
Hunger Gamesမှာတော့ ဇာတ်လိုက် ကတ်နစ်( Katniss)ကို သမ္မတစနိုးဘက်က သူ့ရဲ့ရုပ်သေးရုပ် မင်းသမီးအဖြစ်ဟန်ဆောင်နေထိုင်ရင် မိသားစုနဲ့သူမရဲ့ချစ်သူကို အသက်ချမ်းသာပေးမယ်ဆိုတဲ့ ကမ်းလှမ်းခဲ့ပါတယ်။
(District 13)ရဲ့ခေါင်းဆောင် အဲလ်မာ ကွိုင်း(Alma Coin)ကလည်း ကတ်နစ်ကို တော်လှန်ရေးရဲ့ခေါင်းဆောင်အဖြစ်နေရာပေးမယ်။
တိုက်ပွဲအောင်မြင်ခဲ့ရင် သမ္မတစနိုးက သူတို့ကို လုပ်ခဲ့သလို သမ္မတစနိုးနဲ့ သူ့လူတွေရဲ့ကလေးတွေကို အချင်းချင်း သတ်ဖြတ်ရတဲ့ ပြိုင်ပွဲထဲပြန်ပို့ပစ်မယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
နှစ်ကားလုံးမှာ တူညီတဲ့အချက်က ဖိနှိ ပ်ခံရတဲ့ အောက်ခြေလူတန်းစားထဲက စနစ်ကိုတွန်းလှန်ဖို့ကာတစ်(Curtis)လို၊ ကတ်နစ်( Katniss)လို ခေါင်းဆောင်မှုတွေ ပေါ်ထွက်လာပြီးခေါင်းဆောင်တွေကိုယ်တိုင်က အာဏာရှင်တွေရဲ့အဆိပ် အတောက်ပါတဲ့ကမ်းလှမ်းချက်တွေကို ငြင်းဆန်ပြီး လူသားဆန်မှုကိုပဲ ရွေးချ ယ်ကာ မတရားတဲ့စနစ်တခုလုံးကို ဖြိုချပစ်ခဲ့ကြတာပါ။
ကာတစ်ရဲ့ခံယူချက်က”ငါတို့ဟာ အာဏာကိုဆက်ခံပြီး ဒီရက်စက်တဲ့စနစ်ကြီးကို ဆက်ထိန်းကျောင်းပေးရမယ့် ရုပ်သေးရုပ်တွေ မဟုတ်ဘူး”။ “စနစ်အိုကြီးထဲမှာ အရှင်လိုက်နေပြီး သေနေရတဲ့ ဒက်စတိုပီးယန်းဘဝ ထက်စာရင် ဒီစနစ်ကိုဖြိုဖျက်ပြီး ပြင်ပကမ္ဘာမှာလွတ်လပ်စွာ အစကပြန်စတာကမှ ပိုလူသားဆန်တယ်။”ဆိုတဲ့ ခံယူချက်မျိုးပါ။
ကတ်နစ်ရဲ့ခံယူချက်က”ငါတို့ တော်လှန်ခဲ့တာ အာဏာရှင်တယောက်ကိုဖြုတ်ချပြီး နောက်ထပ်ရက်စက်တဲ့ အာဏာရှင်တယောက်တက်လာဖို့မဟုတ်ဘူး။အဲဒီလို ရက်စက်မှုတွေကို မွေးထုတ်နေတဲ့စနစ်ဆိုးကြီး ငြိမ်းသက်သွားဖို့ဖြစ်တယ်။”ဆိုတဲ့ ခံယူချက်မျိုးပါ။
ဆက်ရန်…
ကိုးကား…
https://en.wikipedia.org/wiki/Dystopia
https://changingourlives.org/living-in-a-dystopian-reality/
https://en.wikipedia.org/wiki/The_Hunger_Games_(film
https://en.wikipedia.org/wiki/Snowpiercer








