Border News Agency
ရန်ကုန်၊ စက်တင်ဘာ ၃။
မလေးရှားနိုင်ငံမှာရှိတဲ့ ထိန်းသိမ်းရေးစခန်းတွေမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား တထောင့်လေးရာကျော်ကို လာမယ့်စက်တင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ရဲ့တပ်မတော် ရေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်မှု၊လူဝင်မှုကြီးကြပ်ရေး စည်းကမ်းချက်တွေ၊ချိုးဖောက်မှုတွေနဲ့ ပြစ်ဒဏ်ကျခံခဲ့ရပြီး ထိန်းသိမ်းရေးစခန်းတွေမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား တထောင့်လေးရာခုနှစ်ဆယ့်ခြောက်ဦးကို ဩဂုတ်လ ၂၇ ရက်နဲ့ ၂၈ ရက်နေ့မှာ သွားရောက်ခေါ်ဆောင်ဖို့ မလေးရှားအစိုးရနဲ့ ညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့် မလေးရှားဘက်က အဲဒီရက်တွေမှာ လာရောက်ခေါ်ဆောင်ဖို့အဆင်မပြေဘူးလို့ဆိုကာ စက်တင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက်ကို ပြောင်းလဲစီစဉ်ဖို့ အကြောင်းပြန်လာခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်မြန်မာအစိုးရအနေနဲ့ မလေးရှားနိုင်ငံဘက်က အဆိုပြုတဲ့နေ့ရက်တွေမှာပဲ ပြန်လည်စီစဉ်ပြီး တပ်မတော်ရေယာဉ်တွေနဲ့ သွားရောက်ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကလည်း မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား တထောင့်ရှစ်ဆယ်ခြောက်ဦးကို ပထမအကြိမ်အဖြစ် တပ်မတော်ရေယာဉ်တွေနဲ့ပြန်လည်ခေါ်ဆောင်ခဲ့ဖူးတယ်လို့ဆိုပါတယ်။








