စစ်ရေး

ဖားဆောင်းမြို့ကို စစ်ကော်မရှင်တပ်ပြန်လည်ထိန်းချုပ်

​ကရင်နီပြည်အတွင်းရှိ တော်လှန်ရေးပူပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ ​ဖားဆောင်းမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကော်မရှင်တပ်ဟာ ရန်နိုင်မင်း စစ်ဆင်ရေးအမည်နဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာယလကတည်းက ဘောလခဲ-ထူးချောင်း-ဖားဆောင်း လမ်းကြောင်းအတိုင်း စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ ​အဲဒီ စစ်ဆင်ရေးကာလအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲကြီး၊တိုက်ပွဲငယ် ၃၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ​ဖားဆောင်းမြို့ကို မထိန်းချုပ်နိုင်ခင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြို့အဝင်ရှိ နမ့်ကစ်ကျေးရွာနဲ့ ပါပုကျေးရွာတို့ကို စစ်ကော်မရှင်တပ်က ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းပိုက်ခဲ့ရပြီးနောက် မနေ့က မြို့ထဲကို ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ​မြို့ပေါ်တိုက်ပွဲတွေအတွင်း ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ရသလို၊ လက်ရှိမှာတော့ မြို့အတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ​ဖားဆောင်းမြို့ကို ပြန်လည်ရရှိပြီဖြစ်လို့ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း လမ်းမကြီးကို မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်တော့မယ်လို့ စစ်ကော်မရှငိတပ်ကဆိုထားပေမယ့် မြေပြင်မှာတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

Read more

လက်နက်ကိုင်တွေကြောင့်ပြည်သူဒုက္ခရောက်နေတယ်လို့စစ်ခေါင်းဆောင်ပြော

​စစ်ကိုင်းတိုင်းမတည်ငြိမ်မှုဟာ ဒေသခံတွေအသိပညာနည်းတာနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ငွေကြေးကောက်ခံမှုကြောင့် ပြည်သူတွေ ဝန်ထုတ်ဝန်ပိုးဖြစ်နေရတာလို့ စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုလိုက်ပါတယ်။ ​ဒါပေမယ့် မြေပြင်မှာတော့ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှု၊လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြရတာ ဖြစ်ပါတယ်။ ​ဟုမ္မလင်းမြို့ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်က စစ်ကိုင်းတိုင်းအတွင်းက ပဋိပက္ခတွေကို ပညာရေးအားနည်းမှုနဲ့ ဆက်စပ်ပြောဆိုခဲ့သလို တော်လှန်ရေးအဖွဲ့တွေက ဒေသခံတွေဆီက ငွေကြေးကောက်ခံနေတာကြောင့် ပြည်သူတွေ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။ ​လက်တွေ့မှာတော့ စစ်ကော်မရှင်တပ်တွေရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေအတွင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူ သောင်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။ ​စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အတော်များများမှာ စစ်ကော်မရှင်ဘက်က လေကြောင်းတိုက်ခိုက်တာတွေအပြင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အဦတွေ ပျက်စီးနေရသလို အရပ်သားသေဆုံးမှုတွေလည်း တနေ့ထက်တနေ့ များပြားလာနေတာပါ။ ​စစ်ကိုင်းတိုင်းဟာ စစ်ကော်မရှင်တပ်ကို အပြင်းထန်ဆုံးခုခံနေတဲ့ ဒေသဖြစ်တာကြောင့် စစ်ကော်မရှင်ဘက်က နယ်မြေစိုးမိုးရေးအတွက် မြေပြင်၊ ဝေဟင်အင်အားတွေကို အလွန်အကျွံ သုံးစွဲနေတာဖြစ်ပါတယ်။ အဲဒီလုပ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ အဖတ်ဆယ်မရအောင်ပျက်စီးနေရတာဖြစ်ပါတယ်။

Read more

​ကျောက်ဖြူမှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ သက်ကြီးပိုင်းအမျိုးသမီးတဦးသေဆုံး

​ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် ရေတပ်စစ်သင်္ဘောက လက်နက်ကြီးပစ်ခတ်လို့ သက်ကြီးပိုင်းအမျိုးသမီးတဦး သေဆုံးသွားခဲ့ပါတယ်။ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာက အသက်ရှစ်ဆယ်အရွယ်ဒေါ်စောဖြူမ သေဆုံးသွားခဲ့ပါတယ်။ အဲဒီကျောက်ပြောက်ရွာကို ဖေဖော်ဝါရီလ ၁၄ ရက်၊ညနေ ၅ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်ရဲ့ ကျောက်ကလေရွာအောက်ဘက် ပင်လယ်ပြင်မှာရှိနေတဲ့ ရေတပ်စစ်သင်္ဘောကနေ ရွယ်ရည်ချက်ရှိရှိပစ်ခတ်ခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် ဒေါ်စောဖြူမ သေဆုံးသွားသလို ဦးထွန်းခိုင်အောင်ရဲ့ နေအိမ်တလုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီ​ကျောက်ဖြူမြို့နယ်၊ဇင်ချောင်းကုန်ဘွယ်ရွာကို ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်းစစ်ကော်မရှင်တပ်ရဲ့ရေတပ်စစ်သင်္ဘောတွေကလက်နက်ကြီးပစ်ခတ်ခဲ့လို့ အသက်လေးဆယ်ငါးနှစ်အရွယ်ဦးမောင်ဖြူစိုး (ခ) ခင်မောင်ထွေးသေဆုံးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူ အပါအဝင်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊လေကြောင်းတို က်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။

Read more

မင်းပြားမှာစစ်ကျန်လက်နက်ကို ဓားနဲ့ခုတ်ကြည့်ရာမှ ပေါက်ကွဲလို့ အရပ်သားနှစ်ဦးသေဆုံး

Border News Agency  မင်းပြား၊ ဖေဖော်ဝါရီ ၁၅။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်မှာ စစ်ကျန်လက်နက်ကို ဓားနက်ခုတ်ကြည့်ရာမှာ ပေါက်ကွဲလို့ အရပ်သားမူဆလင်နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။  အဲဒီ သေဆုံးခဲ့သူတွေမှာ မြောက်ဦးမြို့နယ်၊ ဆီသည်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ဦးအာဒူလာမိန်၊ တန်းဆိပ်ကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ဦးမာ့မာတ်ယေနာ (ခ) မာ့အိုင်ရ်နက်တို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေအချိန်က မင်းပြားမြို့နယ်၊ ဖားပျော်ကျေးရွာအနီးက ခုတ်ထားတဲ့ထင်းကိုသွားယူရာ စစ်ကျန်ဗုံးကိုတွေ့ကာ ဓားနဲ့ခုတ်မိရာကနေ ပေါက်ကွဲပြီးသေဆုံးသွားခဲ့ကြတာလို့ ဒေသခံတွေကဆိုကြပါတယ်။  အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့‎ မောင်တောမြို့နယ်၊ အေတီလီယာရွာမှာလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့က မြေမြုပ်မိုင်းထုမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီအပြင်ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကျန်လက်နက်နဲ့ ဆော့ကစားမိရာမှာ ကလေးငယ်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ ဒဏ်ရာရတာတွေရှိနေကြပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရ ထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Read more

ကရင်နီပြည်မှာ UTF တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း၄နှစ်ပြည့် အခမ်းအနားပြုလုပ်

Border News Agency ကရင်နီ၊ ဖေဖော်ဝါရီ ၁၅။ ကရင်နီပြည်မှာ Urban Task Force Aung Ban - UTF တပ်ဖွဲ့ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားပြုလုပ်ခဲ့တယ်လို့ UTF တပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၁၅ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီအခမ်းအနားကို ကရင်နီဒေသစခန်းတနေရာမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအခမ်းအနားမှာ စစ်ရေးနိုင်ငံရေး မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေက တက်ရောက်ဂုဏ်ပြုတာတွေ၊ သဝဏ်လွှာဖတ်ကြားတာတွေပြုလုပ်ခဲ့ပြီး UTF တပ်ဖွဲ့ရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူတကွ အားယူချီတက်ပြီး အာဏာရှင်စနစ်ဆိုးပျက်သုဉ်းတဲ့အထိ တော်လှန်ခရီးစဉ်မှာ မဖောက်ပြားတဲ့စိတ်ဓါတ်နဲ့ ခရီးဆုံးထိတော်လှန်တိုက်ထုတ်သွားမယ်လို့ ဆိုပါတယ်။

Read more

ဂန့်ဂေါမှာ စစ်ကော်မရှင်တပ်ဖွဲ့တဦး လက်နက်နဲ့အတူ အလင်းဝင်

Border News Agency မကွေး၊ ဖေဖော်ဝါရီ ၁၅။ ​မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အခြေစိုက် အမှတ် ၃၇၁ အမြောက်တပ်ရင်းမှ စစ်ကော်မရှင်တပ်ဖွဲ့ တဦးလက်နက်တလက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပကဖအဖွဲ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ်ပြန်ပါတယ်။ အဲဒီတပ်သားဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းကတည်းက အလင်းဝင်ရောက်ခဲ့တာဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ခုမှသာသတင်းထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။  ​အလင်းဝင်ရောက်လာတဲ့တပ်သားဟာ လက်နက်တလက်ယူလာခဲ့တာဖြစ်ပြီးသူ့ကို ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပကဖအဖွဲ့က ထိုက်တန်တဲ့ ဆုကြေးငွေတွေပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတပ်သားဟာ စစ်ကော်မရှင်တပ်ရဲ့ယန္တရားမှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တာမို့ တော်လှန်ရေးအဖွဲ့အစည်းထံ ဆက်သွယ်ခိုလှုံလာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ​အဲဒီအပြင် ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပကဖက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်လာနိုင်ဖို့ ကူညီဆောင်ရွက်ပေးတဲ့ အရပ်သားပြည်သူတွေကိုလည်း ဆုငွေတွေပေးအပ်ချီးမြှင့်သွားမယ်လို့ အသိပေးနှိုးဆော်ထားပါတယ်။ အဲဒီလင်းဝင်လာတဲ့ တပ်သားကိုလုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့လည်း ဆိုပါတယ်။

Read more

​နွားထိုးကြီးမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံး၊အက်ဆစ်ဗုံးတွေနဲ့တိုက်ခိုက်

​မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်တွေက မြေပြင်စစ်ကြောင်းထိုးဖို့ ခက်ခဲတဲ့ကျေးရွာတွေကို ဒရုန်းတွေအသုံးပြုပြီး မီးလောင်ဗုံး၊အက်ဆစ်ဗုံးတွေနဲ့တိုက်ခိုက်နေတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရှိရပါတယ်။ စစ်ကော်မရှင်ဘက်က မြေပြင်ကနေ ဝင်ရောက်ဖို့ အခက်အခဲရှိတဲ့နေရာတွေကို အခုလို ဒရုန်းနည်းပညာသုံးပြီး အရပ်သားကျေးရွာတွေအထိ ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်လို့ တော်လှန်ရေးရဲဘော်တချို့မှာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပေမယ့် ခန္ဓာကိုယ်မှာ အက်ဆစ်လောင်ဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်ရတဲ့အထိ ပြင်းထန်တဲ့ ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေကတော့ ဒါဟာ မိမိတို့ယုံကြည်ချက်ကြောင့် ရွေးချယ်ခဲ့တဲ့လမ်းဖြစ်လို့ နောက်မဆုတ်ဘဲ ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်ကြောင်းနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအပေါ် သစ္စာစောင့်သိသွားမယ်လို့ ဆိုထားပါတယ်။ ​လက်ရှိမှာ တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှထောက်ပံ့ကူညီသူတွေဘက်က ပင်ပန်းနွမ်းနယ်မှုတွေ ရှိလာနိုင်ပေမယ့် မြေပြင်မှာ အသက်နဲ့ခန္ဓာကို ရင်းပြီး တိုက်ပွဲဝင်နေရတဲ့ရဲဘော်တွေရဲ့ အခြေအနေကို ကိုယ်ချင်းစာကြည့်ပေးဖို့လည်းတိုက်တွန်း နှိုးဆော်ထားပါတယ်။ နွားထိုးကြီးမြို့နယ်အပါအဝင် မြင်းခြံခရိုင်အတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား စစ်ရေးအခြေအနေက ဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

Read more

နတ်တလင်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့  ၁၅ ဦးသေဆုံး

​ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲက ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၁၅ ဦး သေဆုံးသွားတယ်လို့ နတ်စစ်သည်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီတောင်ညိုမြို့သစ်ရဲစခန်းက စစ်တပ်နဲ့ ပျူစောထီးတွေပူးပေါင်းထားတဲ့ ဒီစစ်ကြောင်းဟာ ဇန်နဝါရီလဆန်းပိုင်းကတည်းက စစ်ကြောင်းထိုးလာတာလို့ဆိုပါတယ်။ အဲဒီ စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာတော့ တောင်ညို၊ကွင်းစမ်းနဲ့ ရွာသာယာကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီလို ရွာတွေကို မီးရှို့ပြီး ပြန်ထွက်လာတဲ့အချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ၁၅ ဦး သေဆုံးခဲ့ပြီး MA-2 သေနတ်တလက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

Read more

​လုံးခင်းမှာလက်နက်ကြီးကျည်ကျလို့ သားအမိ ၃ ဦးနဲ့ကလေးငယ်တွေ ဒဏ်ရာရ

​ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအတွင်းရှိလူနေရပ်ကွက်တွေထဲသို့ ဖေဖော်ဝါရီလ ၁၄ ရက်၊ မနေ့ကလက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၅ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ လုံးခင်းရပ်ကွက် ၅၊ ပြည့်စုံကောင်းလမ်းကြားရှိ နေအိမ်တလုံးပေါ်သို့ အဲဒီနေ့ ညနေအချိန်ကလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ရာအသက် ၂ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် သားအမိ ၃ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီဒဏ်ရာရရှိသူတွေထဲကမိခင်ဖြစ်သူမှာ သတိလစ်မေ့မြောနေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် အရေးပေါ်ဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။ ​အဲဒီအပြင် လုံးခင်းရပ်ကွက် ၂ အတွင်းသို့လည်း လက်နက်ကြီးကျည်ထပ်မံကျရောက်ခဲ့တာကြောင့် နောက်ထပ်ကလေးငယ် ၂ ဦး ဒဏ်ရာရသွားခဲ့ပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရတယ်လို့သိရပါတယ်။ ​အဲဒီလုံးခင်းတိုက်နယ်ပြည်သူ့ဆေးရုံမှာ အရင်က KIA နဲ PDF အဖွဲ့တွေတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ပြီး အုတ်ပုံသာကျန်ရှိတော့တာကြောင့် ဒေသခံတွေမှာ အရေးပေါ်ဆေးကုသမှုခံယူဖို့အလွန်ခက်ခဲနေကြတယ်လို့ သိရပါတယ်။  အဲဒီ လုံးခင်းမှာ ပုဂ္ဂလိကဆေးရုံအသေးစားအချို့သာရှိတာကြောင့် ဒဏ်ရာပြင်းထန်သူတွေအတွက် လုံလောက်တဲ့ ကုသမှုရရှိဖို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

Read more

မန္တလေးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး တော်လှန်ရေးတပ်တွေဆီအလင်းဝင်

Border News Agency မန္တလေး၊ ဖေဖော်ဝါရီ ၁၄။ မန္တလေးတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးလှုပ်ရှားတပ်မဆီသို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးမှ ဖေဖော်ဝါရီလ ၁၄ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်ရဲ့ ခလရ ၄၁၆ မှ ပြည်သူ့စစ်မှုထမ်းတပ်သားနှစ်ဦးဟာ ဖေဖော်ဝါရီ ၉ ရက်နေ့က မန္တလေးအထူးလှုပ်ရှားတပ်မဆီ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပတ်စဉ် ၁၇ ဆင်း ပြည်သူ့စစ်မှုထမ်းတပ်သားနှစ်ဦးဟာ MA 1 နှစ်လက်၊ ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာခဲ့တာကြောင့် သူတို့နှစ်ဦးကို ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအလင်းဝင်တပ်သားနှစ်ဦးကို တော်လှန်ရေးတပ်တွေမှ နွေးထွေးစွာကြိုဆိုလက်ခံခဲ့ပြီး ဘေးကင်းလုံခြုံရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

Read more
Page 95 of 211 1 94 95 96 211

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here