Border News Agency
အီရန်၊ မေ ၆။
အီရန်နိုင်ငံကနေယူအေအီး (UAE) နိုင်ငံထဲကို ဒုံးကျည် ၁၅ စင်းနဲ့ ဒရုန်း ၄ စင်း ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပေါ် ဆော်ဒီအာရေးဗီးယား၊ ကာတာ၊ကူဝိတ်နဲ့ ဂျော်ဒန်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ကြပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က အီရန်နဲ့အမေရိကန်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာပါ။
ယူအေအီးအာဏာပိုင်တွေရဲ့ အဆိုအရ ဒရုန်းတိုက်ခိုက်မှုကြောင့် ဖူဂျေရာရေနံသိုလှောင်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိန္ဒိယနိုင်ငံသား ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာဇ်ကလည်း အီရန်အနေနဲ့ ဆွေးနွေးပွဲစားပွဲဝိုင်းကို ပြန်လာဖို့နဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားမှုကို အဆုံးသတ်ဖို့ တောင်းဆိုလိုက်ပါတယ်။
အဲဒီအပြင်ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ ကလည်း ဒီစစ်ရေးတင်းမာမှုတွေ ချက်ချင်းရပ်တန့်ရမယ်လို့ သတိပေးပြောဆိုထားပါတယ်။
ဥရောပသမဂ္ဂ (EU) နဲ့ ကနေဒါနိုင်ငံတို့ကလည်း အခုတိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်သလို ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေတာလို့ ဆိုပါတယ်။
ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းတွေကို နှောင့်ယှက်တာဟာ ဓားပြတိုက်မှု နဲ့ အတူတူပဲလို့ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) က ပြစ်တင်ထားပါတယ်။
အီရန်ဘက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး အမေရိကန်စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့်သာ အခုလို ပြဿနာတွေ ဖြစ်ရတာလို့ တုံ့ပြန်ထားပါတယ်။
ယူအေအီးက သူတို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ တုံ့ပြန်မှုတွေ လုပ်ပိုင်ခွင့်ရှိတယ်လို့ သတိပေးထားတာကြောင့် အခြေအနေတွေဟာ ပိုပြီး စိုးရိမ်စရာ ဖြစ်လာနေပါတယ်။






