Border News Agency
ဘန်ကောက်၊ ဇန်နဝါရီ ၂၃။
ထိုင်းနိုင်ငံ၊ ဘန်ကော်မြို့၊ ဖလန်းဆောင်နယ်မြေမှာ ဇနီးဖြစ်သူကိုသတ်ပြီးထွက်ပြေးသွားတဲ့ တရားခံကို ဖက်ချ်ဘူရီခရိုင်၊ ဟတ်ယိုင်မှာ ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီလ ၂၂ ရက်၊ မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီတရားခံကြောင့် ဖလန်းဆောင်နယ်မြေ၊ ကေသုန် ရခိုင်တန်းလျားက လူတွေလည်းစစ်ဆေးခံလိုက်ရတယ်လို့ သိရပါတယ်။
အဲဒီဘန်ကောက်မြို့၊ ဖလန်းဆောင်နယ်မြေဆိုင်ကယ်မူလီစက်ရုံတခုအနီးက မြန်မာလုပ်သားတွေနေထိုင်ရာဝန်းမှာ ဇန်နဝါရီလ ၂၁ ရက်နေ့က မြန်မာအလုပ်သမားတဦးက ဇနီးဖြစ်သူကိုသတ်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီအသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် မကျော့ကျော့ဝေကို ခင်ပွန်းဖြစ်သူအသက် သုံးဆယ်ခုနှစ်နှစ်အရွယ် ကျော်မင်းနိုင်ကသတ်ဖြတ်ပြီး အခန်းကိုအပြင်ကနေ သော့ခတ်ကာထွက်ပြေးသွားခဲ့ပါတယ်။
အဲဒီကျူးလွန်သူ ကျော်မင်းနိုင် ထွက်ပြေးသွားချိန်မှ ာမျက်နှာပျက်ယွင်းနေတာကို အနီးဝန်းကျင်ရှိ မြန်မာလုပ်သားအချို့ကမြင်တွေ့ခဲ့ရပြီး မကျော့ကျော့ဝေကိုအော်ခေါ်ပေမယ့် ထူးသံမကြားတာမို့ အခန်းသော့ကို ဖျက်ဆီးဝင်ရောက်ကြည့်ရှုရာမှာ သေဆုံးနေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံဟာ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ဇာတိဖြစ်ကြပြီး မကြာသေးခင်က စကားများကာခွဲနေခဲ့ကြရာမှာ အမျိုးသားဖြစ်သူက ခဏခဏလာရောက်ပြဿနာရှာလေ့ရှိတယ်လို့ သိရပါတယ်။






