Border News Agency
သည်ဟိဂ်၊ ဇန်နဝါရီ ၂၃။
ICJ တရားရုံးရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြားနာပွဲမှာ တရားသူကြီးတွေဟာ မြန်မာနဲ့ဂမ်ဘီယာကို အမှုသက်သေခိုင်လုံချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ကြပါတယ်။
အဲဒီအမှုမှာနှစ်ဘက်တင်ပြလာတဲ့ သက်သေခိုင်လုံမှုတွေ၊ မြေပြင်စစ်ဆင်ရေးစံနှုန်းတွေကိုအသေးစိတ်မေးခွန်းထုတ်ခဲ့တာပါ။
“ဂမ်ဘီယာဘက်ကတင်သွင်းတဲ့ သက်သေတွေထဲမှာ အမည်မဖော်လိုသူတွေပါဝင်နေတဲ့အတွက် ဒီသက်သေတွေရဲ့ မှန်ကန်မှုကိုဘယ်လိုစစ်ဆေးသလဲ။”လို့ တရားသူကြီးတွန်မ်ကာက ဂမ်ဘီယာကိုမေးခွန်းထုတ်ခဲ့ပါတယ်။
အဲဒီအပြင် တရားသူကြီးချားလ်စ်ဝေါ့သ်ကလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေရဲ့ တည်နေရာတွေကို တိတိကျကျဖော်ပြပေးဖို့ ဂမ်ဘီယာကိုတောင်းဆိုခဲ့ပါတယ်။
“နယ်မြေရှင်းလင်းရေးစစ်ဆင်ရေး” လုပ်တဲ့အခါမှာအရပ်သားနဲ့ ရန်သူကိုဘယ်လိုစံနှုန်းတွေနဲ့ ခွဲခြားခဲ့သလဲ။”လို့ တရားသူကြီးဘရန့်တ်က မြန်မာကိုမေးခွန်းထုတ်ခဲ့ပါတယ်။
အဲဒီအပြင် မြန်မာစစ်တပ်ကသုံးစွဲနေတဲ့ “ထောက်ခံအားပေးသူ”ဆိုတဲ့ စကားရပ်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ မြေပြင်မှာ အရပ်သားတွေကို တကယ်ကာကွယ်ပေးခဲ့တဲ့ မှတ်တမ်းတွေကိုတင်ပြဖို့တောင်းဆိုခဲ့ပါတယ်။
အဲဒီမေးခွန်းတွေအပေါ် နှစ်ဘက်အဖွဲ့တွေဟာ ဒုတိယအကျော့ကြားနာပွဲမှာ နှုတ်နဲ့ပြန်ဖြေကြရမှာဖြစ်ပြီးလာမယ့် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ အပြီးသတ်သွားမှာပါ။
အဲဒီအပြင်မေးခွန်းတွေအပေါ် နှစ်ဘက်အဖွဲ့တွေရဲ့ တုံ့ပြန်ချက်တွေကိုသေချာစိစစ်ပြီး အမှုရဲ့အဓိကအဆုံးအဖြတ်ဖြစ်တဲ့”လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်၊ မမြောက်”ဆိုတာကို ဆက်စစ်သွားမှာဖြစ်ပါတယ်။
အဲဒီအဖြေတွေအပေါ် မူတည်ပြီး အမှုအလှည့်အပြောင်းဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေသုံးသပ်နေကြသလို နှစ်ဘက်စလုံးကို ပြင်ဆင်ချိန်ပေးထားပါတယ်။
ရခိုင်မှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရသူတွေများနေချိန်မှာ ICJ ရဲ့ကြားနာပွဲဟာ နိုင်ငံတကာအာရုံစိုက်မှုကို ပိုရနေတာပါ။
ICJ တရားသူကြီးတွေရဲ့မေးခွန်းတွေဟာ အမှုနောက်ဆုံးစီရင်ချက်အပေါ် သက်ရောက်မှုတွေရှိလာနိုင်တယ်လို့လည်း ဥပဒေပညာရှင်တွေသုံးသပ်နေကြပါတယ်။






