Border News Agency
မြောက်ဦး၊ သြဂုတ် ၂၆။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့ နှောင်းပိုင်းမှစတင်၍ စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းနှင့်အတူ ရခိုင်ရှိအုပ်ချုပ်ရေးယန္တရားများ၊ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများမှာလည်း သိသိသာသာထိခိုက်ပျက်စီးလာခဲ့သည်။
စစ်ရေးပဋိပက္ခများ၏ တိုက်ရိုက်နှင့် သွယ်ဝိုက်သောအကျိုးဆက်များအဖြစ် ရခိုင်သို့ဝင်ရောက်လာသောကုန်ပစ္စည်းများအပေါ် ကန့်သတ်ပိတ်ဆို့မှုများဖြစ်ပေါ်လာပြီး စားနပ်ရိက္ခာနှင့်အခြေခံလူသုံးကုန်ပစ္စည်းများ ရှားပါးလာခြင်း၊ကုန်ဈေးနှုန်းများအချိုးမကျမြင့်တက်လာခြင်းတို့ကို ဒေသခံပြည်သူများ ရင်ဆိုင်ခဲ့ရသည်။
အဆိုပါအခြေအနေသည် လယ်ယာကဏ္ဍအပေါ်တွင်လည်း သိသိသာသာသက်ရောက်မှုရှိခဲ့သည်။ လယ်ယာစိုက်ပျိုးထုတ်လုပ်ရေးအတွက် မရှိမဖြစ်လိုအပ်သော ဓာတ်မြေဩဇာ၊ပိုးသတ်ဆေး၊မျိုးစေ့များနှင့် အခြားလယ်ယာသုံးပစ္စည်းများ၏ ဈေးနှုန်းများမြင့်တက်လာခဲ့ပြီး လယ်သမားများအတွက် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ယခင်ကထက်များစွာပိုမိုလာခဲ့သည်။
ထိုအချိန်တွင် ဆန်စပါးဈေးနှုန်းမှာ အခြားကုန်ပစ္စည်းများကဲ့သို့ သိသိသာသာမတက်ဘဲ အတော်အတန်တည်ငြိမ်နေခဲ့သဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ရောင်းချရသည့်ဈေးနှုန်းအကြား ကွာဟမှုများဖြစ်ပေါ်လာခဲ့သည်။
ယင်းအခြေအနေသည် လယ်သမားများအတွက် အမြတ်အစွန်းရရှိရန်ပိုမိုခက်ခဲစေပြီး လယ်ယာလုပ်ငန်းများအရှုံးပေါ်နိုင်သည့်အခြေအနေကို ဖြစ်ပေါ်စေခဲ့သည်။
ရခိုင်၏ ဆန်စပါးဈေးကွက်သည် ဒေသတွင်းစားသုံးမှုအပြင် နယ်စပ်နှင့်ပြင်ပဈေးကွက်များနှင့်လည်းဆက်နွယ်နေသည်။
ရခိုင်မှ ဆန်စပါးအများစုကို ကုန်သည်များမှတဆင့် တရုတ်နိုင်ငံဈေးကွက်သို့ သွယ်ဝိုက်တင်ပို့ရောင်းချသည့်ကုန်သွ ယ်မှုပုံစံမှာ ၂၀၁၀ ခုနှစ်ဝန်းကျင်မှစတ င်တည်ရှိလာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား ဆန်တင်သွင်းမှုအတွက် အစိုးရအချင်းချင်း G-to-G ကုန်သွယ်မှုအစီအစဉ်များရှိခဲ့သော်လည်း ရခိုင်မှဆန်စပါးများသည် နယ်စပ်ဈေးကွက်မှတဆင့်တိုက်ရိုက်ရောင်းချရသည့်ပမာဏမှာ အကန့်အသတ်ရှိခဲ့သည်။
သို့သော်စစ်ရေးပဋိပက္ခများပိုမိုပြင်းထန်လာခြင်းနှင့်အတူ ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ပိတ်သတ်ခံရခြင်း၊သယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့် ကုန်ကျစရိတ်မြင့်တက်ခြင်းတို့ကြောင့် လယ်ယာထုတ်ကုန်များကို ဈေးကွက်သို့ပုံမှန်ပို့ဆောင်ရောင်းချနိုင်ရန် ပိုမိုခက်ခဲလာခဲ့သည်။
ထို့ကြောင့်လယ်ယာလုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့် ဝင်ငွေအပေါ်ဖိအားများတိုးပွားလာခဲ့သည်။
စပါးစိုက်ပျိုးဧရိယာကျဆင်းလာခြင်း
စစ်ရေးပဋိပက္ခများနှင့် ဒေသတွင်းစီး ပွားရေးကျဆင်းမှုတို့၏အကျိုးဆက်များအနက် အရေးကြီးဆုံးတခုမှာ စပါးစိုက်ပျိုးဧရိယာ လျော့ကျလာခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း ရခိုင်စပါးစိုက်ပျိုးဧရိယာ သိသိသာသာကျဆင်းလာခဲ့ကြောင်း UNDPအစီရင်ခံစာတွင်လည်းဖော်ပြထားသည်။
ယင်းကျဆင်းမှုသည် လယ်သမားများ၏စိုက်ပျိုးနိုင်စွမ်းကိုသာထိခိုက်စေခြင်းမဟုတ်ဘဲ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်စီးပွားရေးအပေါ်ပါ ရေရှည်သက်ရောက်မှုများဖြစ်ပေါ်စေနိုင်သည်။
လယ်သမားများအနေဖြင့် မိမိတို့ပိုင်လယ်ယာမြေများတွင် ပုံမှန်ထွန်ယက်စိုက်ပျိုးနိုင်ခြင်းမရှိတော့သည့်အခြေအနေများလည်း ပေါ်ပေါက်လာခဲ့သည်။
စိုက်ပျိုးရေးအတွက် လိုအပ်သော သွင်းအားစုများရရှိရန်ခက်ခဲခြင်း၊ဈေးနှုန်းမြင့်တက်ခြင်း၊လုံခြုံရေးအခြေအနေမတည်ငြိမ်ခြင်းနှင့် ထွက်ကုန်များကို ဈေးကွက်သို့ပို့ဆောင်ရောင်းချရန် အခက်အခဲများကြောင့် လယ်ယာလုပ်ငန်း၏အကျိုးအမြတ်သည် ပိုမိုလျော့ကျလာခဲ့သည်။
စီးပွားရေးဖိအားနှင့် လယ်ယာမြေရောင်းချခြင်း
လယ်ယာလုပ်ငန်းများမှ ဝင်ငွေရရှိရန်ခက်ခဲလာသည့်အပြင် စားဝတ်နေရေးအတွက် လိုအပ်သောငွေကြေးအခက်အခဲများတိုးပွားလာခြင်းကြောင့် လယ်သမားအချို့သည် မိမိတို့၏လယ်ယာမြေများကို ရောင်းချလာခဲ့ကြသည်။
နိုင်ငံခြားသို့ထွက်ခွာ၍ အလုပ်လုပ်ကိုင်ရန်စီစဉ်သူများအတွက် ခရီးစရိတ်နှင့်ပွဲစားခများကဲ့သို့သော ကုန်ကျစရိတ်များကို ဖြည့်ဆည်းနိုင်ရန် လယ်ယာမြေများကိုရောင်းချရသည့် အခြေအနေများဖြစ်ပေါ်လာခဲ့သည်။
ဒေသတွင်းမှရရှိသောအချက်အလက်များအရ လယ်ယာမြေအရောင်းအဝယ်အများဆုံးဖြစ်ပေါ် ခဲ့သည် ကာလမှာ ၂၀၂၄ ခုနှစ်ဝန်းကျင်ဖြစ်ပြီး ရန်ကုန်-စစ်တွေကားလမ်းမကြီးတလျှောက်ရှိ လယ်ယာမြေများတွင်အရောင်းအဝယ်ပိုမိုများပြားခဲ့သည်ဟု တွေ့ရသည်။
အဆိုပါမြေယာများသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုနှင့် အနာဂတ်တွင်စီးပွားရေးအသုံးချနိုင်ခြေများကြောင့် အခြားဒေသများထက် ဝယ်လိုအားပိုမိုရှိခဲ့သည်ဟု ယူဆနိုင်သည်။
ဒေသခံများထံမှရှိသော အချက်အလက်များအရ လယ်ယာမြေရောင်းချသူများတွင် မူဆလင်လယ်သမားများပါဝင်မှုများပြားခဲ့ပြီး ဝယ်ယူသူများမှာ လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်သူများထက် မြို့ပေါ်ရှိစီးပွားရေးလုပ်ငန်းရှင်များ၊ကုန်သည်များနှင့် အခြားငွေကြေးရင်းနှီးမြှုပ်နှံနိုင်သူများ ပိုမိုပါဝင်ခဲ့သည်ဟုဆိုသည်။
သို့ရာတွင်ယင်းအချက်များကိုတိကျစွာသတ်မှတ်ရန် ဒေသအလိုက်မြေယာအရောင်းအဝယ်မှတ်တမ်းများနှင့် သီးခြားမြေယာစစ်တမ်းများ လိုအပ်မည်ဖြစ်သည်။
အချို့မူဆလင်လယ်သမားများသည် လယ်ယာမြေရောင်းချခြင်းမှရရှိသော ငွေကြေးများကိုအသုံးပြု၍ လူမှောင်ခိုကူးသူများနှင့်ဆက်သွယ်ကာ ရခိုင်မှပင်လယ်ရေကြောင်းလမ်းများကို အသုံးပြု၍ မလေးရှားနိုင်ငံသို့ထွက်ခွာရန်ကြိုးပမ်းခဲ့ကြောင်း ဒေသခံများပြောကြားသည်။
ထိုနည်းတူစွာမူဆလင်မဟုတ်သော လယ်သမားအချို့သည်လည်း စီးပွားရေးအခက်အခဲများနှင့် လုံခြုံရေးအခြေအနေများကြောင့် မိမိတို့၏ လယ်ယာမြေများကိုရောင်းချပြီး နိုင်ငံရပ်ခြားသို့ထွက်ခွာရန်ကြိုးပမ်းလာခဲ့ကြသည်။
ထို့ကြောင့်လယ်ယာမြေရောင်းချမှုသည် လူမျိုးရေး သို့မဟုတ် ဘာသာရေးအုပ်စုတခုတည်း၏ ပြဿနာအဖြစ်သာ မမြင်သင့်ဘဲစစ်ပွဲ၊ စီးပွားရေးကျဆင်းမှု၊ လုံခြုံရေးမတည်ငြိမ်မှု၊ ဝင်ငွေလျော့ကျမှုနှင့် နိုင်ငံခြားသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ရန် ဖိအားများက လယ်သမားများ၏မြေယာပိုင်ဆိုင်မှုကိုထိခိုက်စေသည့် ပိုမိုကျယ်ပြန့်သောလူမှုစီးပွားရေးပြဿနာအဖြစ် သုံးသပ်ရန်လိုအပ်သည်။
လယ်ယာမြေများ ပလပ်မြေဖြစ်လာခြင်း
လယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းကျဆင်းလာခြင်း၊ လယ်ယာလုပ်ငန်းကုန်ကျစရိတ် မြင့်တက်လာခြင်း၊ကုန်သွယ်ရေးနှင့် သယ်ယူပို့ ဆောင်ရေး အခက်အခဲများဖြစ်ပေါ်လာခြင်းတို့ကြောင့် ရခိုင်ရှိလယ်ယာမြေအများအပြားကို ပုံမှန်ထွန်ယက်စိုက်ပျိုးနိုင်ခြင်းမရှိတော့ဘဲ ပလပ်မြေများအဖြစ် ကျန်ရှိလာခဲ့သည်။
လယ်ယာမြေများကို နှစ်စဉ်ထွန်ယက်စိုက်ပျိုးနိုင်ခြင်းမရှိတော့ခြင်းသည် လယ်သမားတဦးချင်း၏ ဝင်ငွေဆုံးရှုံးမှုကိုသာ ဖြစ်ပေါ်စေခြင်းမဟုတ်ဘဲ ဒေသတွင်းစားနပ်ရိက္ခာထုတ်လုပ်မှု၊ကျေးလက်အလုပ်အကိုင်၊ကုန်သွယ်ရေးနှင့် ရခိုင်၏စီးပွားရေးတည်ငြိမ်မှုအပေါ်ပါ ရေရှည်ထိခိုက်မှုဖြစ်ပေါ်စေနိုင်သည်။
ရခိုင်လယ်ယာမြေကဏ္ဍသည် စစ်ရေးပဋိပက္ခများ၏တိုက်ရိုက်သက်ရောက်မှုတစ်ခုသာမက ကုန်သွယ်ရေးပိတ်ဆို့မှုများ၊လယ်ယာသွင်းအားစုဈေးနှုန်းမြင့်တက်မှု၊စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်တိုးမြင့်လာမှု၊လုံခြုံရေးမတည်ငြိမ်မှု၊လယ်ယာမြေရောင်းချမှုနှင့် နိုင်ငံခြားသို့ရွှေ့ပြောင်းထွက်ခွာမှုတို့ အပြန်အလှန်ဆက်စပ်နေသည့် အခြေအနေဖြစ်လာသည်။
ထိုအခြေအနေများ ဆက်လက်တည်ရှိနေပါက ယခင်ကစိုက်ပျိုးထုတ်လုပ်ခဲ့သော လယ်ယာမြေများ ပိုမိုပလပ်မြေဖြစ်လာနိုင်ပြီး ရခိုင်၏ကျေးလက်စီးပွားရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ရေရှည်အကျိုးဆက်များဖြစ်ပေါ်လာနိုင်သည်။
လယ်မြေရောင်းချခြင်းနှင့် လယ်သမားများ၏အရေးပေါ်လိုအပ်ချက်များ
စစ်ရေးပဋိပက္ခများ၊လယ်ယာထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာခြင်း၊ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် ဝင်ငွေကျဆင်းလာသော လယ်သမားအချို့သည် စားဝတ်နေရေးနှင့် အရေးပေါ်ငွေကြေးလိုအပ်ချက်များကို ဖြေရှင်းရန်အတွက် မိမိတို့၏လယ်ယာမြေများကို ရောင်းချရသည့်အခြေအနေသို့ ရောက်ရှိလာကြသည်။
ထိုသို့လယ်မြေရောင်းချခြင်းသည် လယ်သမားများ၏စီးပွားရေးအခက်အခဲကို ခဏတာဖြေရှင်းပေးနိုင်သော်လည်း ရေရှည်တွင်အဓိကအသက်မွေးဝမ်းကျောင်းအရင်းအမြစ်ဖြစ်သည့် မြေယာပိုင်ဆိုင်မှုကိုဆုံးရှုံးစေပြီး မိသားစု၏အနာဂတ်ဝင်ငွေနှင့် စားဝတ်နေရေးလုံခြုံမှုကို ထိခိုက်စေနိုင်သည်။
ထို့ကြောင့် လယ်သမားများအနေဖြင့် လယ်မြေမရောင်းဘဲ စိုက်ပျိုးလုပ်ကိုင်နိုင်ရန် တတ်နိုင်သောလယ်ယာချေးငွေများ၊ဓာတ်မြေဩဇာနှင့်မျိုးစေ့ကဲ့သို့သော လယ်ယာသွင်းအားစုများကို သင့်တင့်သောဈေးနှုန်းဖြင့်ရရှိနိုင်ရေး၊စိုက်ပျိုးထုတ်ကုန်များအတွက် တရားမျှတသောဈေးကွက်နှင့် ရောင်းချနိုင်ရေး၊လုံခြုံစိတ်ချရသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများနှင့် စစ်ဘေးကြောင့်ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည် ထူထောင်ရေး အထောက်အပံ့များအရေးတကြီးလိုအပ်နေသည်။
အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှသာ အရေးပေါ်ငွေကြေးလိုအပ်ချက်ကြောင့် လယ်မြေများကို အတင်းအကျပ်ရောင်းချရခြင်းကို လျှော့ချနိုင်ပြီး လယ်သမားများ၏ မြေယာပိုင်ဆိုင်ခွင့်နှင့် အသက်မွေးဝမ်းကျောင်းအခြေခံအရင်းအမြစ်များကို ကာကွယ်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏လယ်ယာမြေပိုင်ဆိုင်မှုစနစ်နှင့် လယ်မြေရောင်းချခွင့်အပေါ် ဥပဒေရေးရာကန့်သတ်ချက်များ
ရခိုင်တွင် လယ်ယာမြေရောင်းချမှုကိုသုံးသပ်ရာတွင် လက်ရှိစစ်ရေးနှင့် စီးပွားရေးအခြေအနေများသာမက မြန်မာနိုင်ငံ၏သမိုင်းကြောင်းအရဖြစ်ပေါ် လာခဲ့သည့် လယ်ယာမြေပိုင်ဆိုင်မှုနှင့် အသုံးချခွင့်ဆိုင်ရာဥပဒေစနစ်ကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။
မြန်မာနိုင်ငံ၏လယ်ယာမြေစနစ်သည် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှစ၍ ပုဂ္ဂလိကမြေပိုင်ဆိုင်မှုစနစ်မှ နိုင်ငံတော်ကထိန်းချုပ်သည့် မြေယာစနစ်သို့ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီး ဆိုရှယ်လစ်ခေတ်တွင် ယင်းစနစ်သည် ပိုမိုတင်းကျပ်လာခဲ့သည်။
ထို့ကြောင့် လက်ရှိကျင့်သုံးနေသော လယ်ယာမြေစီမံခန့်ခွဲမှုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က မည်သို့ချဉ်းကပ်သည်ကိုနားလည်ရန် ဤသမိုင်းကြောင်းကို အရင်ဆုံးသုံးသပ်ရန်လိုအပ်ပါသည်။
၁၉၅၃ ခုနှစ် Land Nationalisation Act နှင့် လယ်ယာမြေကို နိုင်ငံတော်ကထိန်းချုပ်ခြင်း
မြန်မာနိုင်ငံ၏ လယ်ယာမြေပိုင်ဆိုင်မှုသမိုင်းတွင် အရေးကြီးဆုံး ဥပဒေများထဲမှတခုမှာ The Land Nationalisation Act, 1953[1] ဖြစ်သည်။
ယင်းဥပဒေ၏ အဓိကရည်ရွယ်ချက်မှာ လယ်ယာမြေကို နိုင်ငံတော်ကပြန်လည်သိမ်းယူခြင်း၊ ပြန်လည်ခွဲဝေခြင်းနှင့် လယ်သမားများအား စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးခြင်းတို့ဖြစ်သည်။
ထိုဥပဒေအရ နိုင်ငံတော်က သိမ်းယူသောလယ်ယာမြေအတွက် လျော်ကြေးပေးရန် ပြဋ္ဌာန်းချက်များလည်းပါဝင်ခဲ့သည်။
သို့သော် ယင်းစနစ်ကို “လယ်သမားများသည် လုံးဝပိုင်ဆိုင်မှုမရှိဘဲ အစိုးရထံမှ ငှားရမ်းသူများသာဖြစ်သည်။” ဟု ရိုးရိုးရှင်းရှင်း သတ်မှတ်ခြင်းထက် လယ်သမားများတွင် မြေကိုထွန်ယက်စိုက်ပျိုးအသုံးပြုနိုင်သည့် cultivation/tenancy rights ရှိသော်လည်း အဆိုပါအခွင့်အရေးသည် ပုဂ္ဂလိကမြေပိုင်ရှင်တဦး၏ အပြည့်အဝပိုင်ဆိုင်ခွင့်နှင့်မတူကြောင်း နားလည်ရန်လိုအပ်သည်။
အထူးသဖြင့် မြေကိုရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ အပေါင်ထားခြင်းတို့အပေါ် အလွန်ပြင်းထန်သော ကန့်သတ်ချက်များရှိခဲ့သည်။
OECD[2] ၏ သမိုင်းကြောင်းဆိုင်ရာ သုံးသပ်ချက်အရ ၁၉၅၃ ခုနှစ် Land Nationalisation Act သည် လယ်ယာမြေများကို နိုင်ငံပိုင်အဖြစ် ပြောင်းလဲပြီး မြေရောင်းချခြင်း၊လွှဲပြောင်းခြင်း၊အပေါင်ထားခြင်းနှင့် ငှားရမ်းခြင်းတို့ကို ကန့်သတ်ခဲ့သည်။ Ref: (OECD)
၁၉၆၃ ခုနှစ် Tenancy Law နှင့် လယ်ယာလုပ်ကိုင်ခွင့်စနစ်
၁၉၆၀ ပြည့်လွန်နှစ်များတွင် လယ်ယာမြေစီမံခန့်ခွဲမှုကို ထပ်မံတင်းကျပ်စေသည့်ဥပဒေများပြဋ္ဌာန်းခဲ့သည်။
ထိုအထဲတွင် Tenancy Law, 1963 နှင့် Renting Land for Cultivation Law, 1963 တို့ ပါဝင်သည်။
ယင်းဥပဒေများသည် အစိုးရပိုင် သို့မဟုတ် သတ်မှတ်ထားသောလယ်ယာမြေများတွင် မည်သူက မည်သို့စိုက်ပျိုးလုပ်ကိုင်ခွင့်ရှိသည်။ ငှားရမ်းခများနှင့် အခြားစည်းမျဉ်းများကိုသတ်မှတ်ပေးခဲ့သည်။ (ECOLEX)
ထိုကာလတွင် လယ်သမား၏ အဓိကအခွင့်အရေးမှာ မြေကိုလွတ်လပ်စွာရောင်းချနိုင်သည့် ပိုင်ဆိုင်ခွင့်ထက် မြေကိုကိုယ်တိုင်ထွန်ယက်စိုက်ပျိုးနိုင်သည့် အသုံးချခွင့်ဖြစ်လာခဲ့သည်။
လယ်ယာမြေကို အခြားသူထံ လွတ်လပ်စွာရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ အပေါင်ထားခြင်းတို့မှာ ကန့်သတ်ခံခဲ့ရသည်။
FAO ၏ မြန်မာနိုင်ငံ လယ်ယာမြေမူဝါဒဆိုင်ရာသုံးသပ်ချက်တွင်လည်း ဆိုရှယ်လစ်ခေတ်၌ နိုင်ငံတော်သည် မြေယာ၏အဆုံးစွန်ထိန်းချုပ်သူဖြစ်ပြီး လယ်သမားများသည် မိမိတို့ခွဲဝေရရှိထားသော မြေကိုစိုက်ပျိုးလုပ်ကိုင်ခွင့်သာရရှိခဲ့ကြောင်းဖော်ပြထားသည်။ Ref: (FFTC Policy Platform)
လယ်သမားအခွင့်အရေး ကာကွယ်ရေးဥပဒေ
The Law Safeguarding Peasant Rights, 19634 သည်လည်း ထိုခေတ်လယ်ယာမြေစနစ်၏ အရေးပါသော ဥပဒေတရပ်ဖြစ်သည်။
ယင်းဥပဒေသည် လယ်ယာမြေ၊မွေးမြူရေးတိရစ္ဆာန်များ၊လယ်ယာသုံးကိရိယာများနှင့် လယ်ယာထွက်ကုန်များကို မတရားသိမ်းယူခြင်းမှ လယ်သမားများကို ကာကွယ်ရန်ရည်ရွယ်ခဲ့သည်။ (Myanmar Law Library)
သို့ရာတွင် “လယ်သမားအခွင့်အရေး ကာကွယ်ခြင်း” နှင့် “လယ်ယာမြေကို လွတ်လပ်စွာရောင်းချနိုင်သည့် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်” တို့သည် တခုတည်းမဟုတ်ပေ။
ထိုစနစ်၏အခြေခံမှာ လယ်သမားကို မြေယာအသုံးပြုသူအဖြစ် ကာကွယ်ပေးခြင်းဖြစ်ပြီး မြေကိုလွတ်လပ်စွာရောင်းဝယ်နိုင်သည့် အိမ်မြေပိုင်ရှင်တစ်ဦးကဲ့သို့ အခွင့်အရေးပေးခြင်းမဟုတ်ခဲ့ပေ။
ဆန်စပါးနှင့် Planned Economy
၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ဆိုရှယ်လစ်အုပ်ချုပ်ရေးကာလတွင် လယ်ယာမြေစီမံခန့်ခွဲမှုသည် ပိုမိုကျယ်ပြန့်သော Planned Economy အတွင်းပါဝင်ခဲ့သည်။
အစိုးရသည် မည်သည့်သီးနှံကို မည်မျှစိုက်ပျိုးရမည်။ ထုတ်လုပ်မှုမည်မျှရှိရမည်နှင့် အချို့လယ်ယာထွက်ကုန်များကို မည်သို့ရောင်းချရမည်ဆိုသည်ထိထိန်းချုပ်ခဲ့သည်။
ဆန်စပါးသည် နိုင်ငံတော်၏စားနပ်ရိက္ခာနှင့် စီးပွားရေးမူဝါဒအတွင်း အရေးကြီးထုတ်ကုန်ဖြစ်ခဲ့သည်။
OECD ၏ သမိုင်းကြောင်းအရ ၁၉၆၂-၁၉၈၆ ကာလတွင် အစိုးရသည် အဓိကသီးနှံများအတွက် စိုက်ပျိုးရမည့်သီးနှံအမျိုးအစားနှင့် compulsory procurement quotas များကို သတ်မှတ်ခဲ့ပြီး သတ်မှတ်ဈေးနှုန်းများဖြင့် အစိုးရကဝယ်ယူသည့်စနစ်ကို ကျင့်သုံးခဲ့သည်။ (OECD)
ထို့ကြောင့် ထိုကာလတွင် လယ်သမားများသည် မိမိတို့၏လယ်ယာမြေကို လွတ်လပ်စွာရောင်းချနိုင်ခြင်းသာမက ထုတ်လုပ်သည့် လယ်ယာထွက်ကုန်များကိုလည်း လွတ်လပ်သောဈေးကွက်စနစ်အတိုင်း ရောင်းချနိုင်ခွင့်မှာ အလွန်ကန့်သတ်ခဲ့ရသည်။
၁၉၈၇ ခုနှစ်မှ ၁၉၈၉ ခုနှစ်ထိ စီးပွားရေးစနစ် ပြောင်းလဲမှု
၁၉၈၈ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းတွင် စစ်အစိုးရသည် ဈေးကွက်စီးပွားရေးစနစ်သို့ ဦးတည်ကြောင်းကြေညာခဲ့သော်လည်း လယ်ယာမြေပိုင်ဆိုင်မှုစနစ်မှာ အခြေခံအားဖြင့် ချက်ချင်းပြောင်းလဲသွားခြင်းမရှိခဲ့ပေ။
ထိုအရေးကြီးသည်မှာ Land Nationalisation Act, 1953 ကို မဖျက်သိမ်းခဲ့သည့်အပြင် နောက်ပိုင်းကာလများတွင်လည်း ဆက်အသုံးပြုခဲ့ခြင်း ဖြစ်သည်။
၁၉၈၈ နောက်ပိုင်းစစ်အစိုးရသည် ၁၉၅၃ ခုနှစ်ဥပဒေ၊၁၈၉၄ ခုနှစ် Land Acquisition Act နှင့် ဆိုရှယ်လစ်ခေတ်က ထုတ်ပြန်ခဲ့သည့်အမိန့်နှင့်အကြောင်းကြားစာများကို လယ်ယာမြေစီမံခန့်ခွဲမှုနှင့်သိမ်းဆည်းမှုများတွင် ဆက်အသုံးပြုခဲ့ကြောင်း သုတေသနများကဖော်ပြထားသည်။ (dokumen.pub)
၆။ Planned Economy မှ Market Economy သို့ ပြောင်းလဲသော်လည်း မြေယာစနစ် မပြောင်းလဲသေးခြင်း
ထို့ကြောင့် ၁၉၈၈ နောက်ပိုင်း မြန်မာနိုင်ငံတွင် စီးပွားရေးစနစ်ကို Market Economy သို့ ပြောင်းလဲရန် ကြိုးပမ်းခဲ့သော်လည်း လယ်ယာမြေပိုင်ဆိုင်မှု၏ အခြေခံဥပဒေရေးရာဖွဲ့စည်းပုံမှာ ဆိုရှယ်လစ်ခေတ်၏ အမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်ဟု သုံးသပ်နိုင်သည်။
၂၀၁၂ ခုနှစ် Farmland Law ဖြင့် အရေးကြီးသော ပြောင်းလဲမှု
ယင်းမှာ လယ်သမားတဦးအနေဖြင့် မြေကို စိုက်ပျိုးလုပ်ကိုင်နိုင်သော်လည်း မြေယာပိုင်ဆိုင်မှုနှင့် လွတ်လပ်စွာရောင်းချလွှဲပြောင်းနိုင်မှုတို့မှာ ယနေ့ခေတ် “private property” စနစ်နှင့် မတူညီခဲ့ခြင်းဖြစ်သည်။
ယင်းအခြေအနေကြောင့် ၁၉၈၈ နောက်ပိုင်း စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးဘက်သို့ ဦးတည်လာသော်လည်း လယ်ယာမြေသည် လွတ်လပ်စွာရောင်းဝယ်နိုင်သော ပုဂ္ဂလိကပိုင်ဆိုင်မှုတရပ်အဖြစ် ချက်ချင်းမပြောင်းလဲခဲ့ပေ။
လယ်သမားများ၏ မြေယာအပေါ် ရရှိထားသည့်အခွင့်အရေးမှာ အဓိကအားဖြင့် အသုံးပြုခွင့်နှင့် အမွေဆက်ခံနိုင်ခွင့်တို့ဖြစ်ပြီး ရောင်းချခြင်း၊ လွှဲပြောင်းခြင်းနှင့် အပေါင်ထားခြင်းတို့အပေါ် တင်းကျပ်သောကန့်သတ်ချက်များ ဆက်လက်ရှိခဲ့သည်။ Ref: (FFTC Policy Platform)
၂၀၁၂ ခုနှစ် Farmland Law ဖြင့် အရေးကြီးသောပြောင်းလဲမှု
ဤသမိုင်းကြောင်း၏ အရေးအကြီးဆုံးပြောင်းလဲမှုတခုမှာ Farmland Law, 2012 (Pyidaungsu Hluttaw Law No. 11/2012) ဖြစ်သည်။
ယင်းဥပဒေသည် ၁၉၅၃ ခုနှစ် Land Nationalisation Act၊ ၁၉၆၃ ခုနှစ် Tenancy Law နှင့် ၁၉၆၃ ခုနှစ် Peasant’s Rights Protection Law တို့ကိုရုပ်သိမ်းခဲ့ပြီး လယ်ယာမြေအတွက် “right to farm” ဟု သတ်မှတ်ထားသည့်အခွင့်အရေးစနစ်ကို ဖော်ဆောင်ခဲ့သည်။ Ref: (Leap)
၂၀၁၂ ခုနှစ်ဥပဒေအရ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လယ်ယာမြေကို လက်ဝယ်ထားရှိခြင်း၊စိုက်ပျိုးလုပ်ကိုင်ခြင်းနှင့်အကျိုးခံစားခွင့်များအပြင် farming right ကို ရောင်းချခြင်း၊အပေါင်ထားခြင်း၊ငှားရမ်းခြင်း၊လဲလှယ်ခြင်းနှင့် လှူဒါန်းခြင်းတို့ကို ပြုလုပ်နိုင်သည့် ဥပဒေရေးရာအခြေခံပေါ်ပေါက်လာခဲ့သည်။
သို့သော် ယင်းသည်မြေယာ၏ အကန့်အသတ်မဲ့ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို အသိအမှတ်ပြုခြင်းထက် နိုင်ငံတော်ကထိန်းချုပ်ထားသော လယ်ယာမြေပေါ်ရှိ farming right ကို စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ လွှဲပြောင်းနိုင်စေခြင်းဖြစ်သည်။ (Leap)
ရခိုင်လယ်မြေရောင်းချမှုကို သုံးသပ်ရာတွင် အရေးကြီးသောအချက်…
ထို့ကြောင့် ရခိုင်တွင် ၂၀၂၄ ခုနှစ်နှင့် နောက်ပိုင်းကာလများတွင် ဖြစ်ပေါ်လာသော လယ်ယာမြေရောင်းချမှုများကို သုံးသပ်ရာ၌ “လယ်သမားများသည် လွတ်လပ်စွာ မြေကိုရောင်းချခွင့်ရှိသည်။” ဟူသော အယူအဆဖြင့် သုံးသပ်ရုံမျှမက မြန်မာနိုင်ငံ၏လယ်ယာမြေစနစ်သမိုင်းနှင့် ဥပဒေဆိုင်ရာ အခြေခံမူဘောင်ကိုပါ နားလည်ရန်အရေးကြီးပါသည်။
နှစ်ဦးသဘောတူစာချုပ်များဖြင့် မြေယာအရောင်းအဝယ်ပြုလုပ်ခြင်းနှင့် De Facto အုပ်ချုပ်ရေး၏ သဘောသက်ရောက်မှု
၂၀၂၄ ခုနှစ်အတွင်း ရခိုင်မြောက်ပိုင်းဒေသများတွင် စစ်ရေးပဋိပက္ခများကြောင့် ယခင်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများနှင့် မြေယာစီမံခန့်ခွဲရေးဆိုင်ရာအဖွဲ့အစည်းများ ပုံမှန်လည်ပတ်နိုင်ခြင်းမရှိတော့သည့် အခြေအနေများပေါ်ပေါက်လာခဲ့သည်။
ထိုအခြေအနေတွင် လယ်ယာမြေအရောင်းအဝယ်ပြုလုပ်လိုသူများအနေဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲလယ်ယာမြေဥပဒေပါ စည်းမျဉ်းများနှင့် တရားဝင်လွှဲပြောင်းနိုင်သည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာနိုင်ခြင်းမရှိတော့ပေ။
ထို့ကြောင့် ရောင်းသူနှင့်ဝယ်သူများသည် မြေယာအရောင်းအဝယ်ကို အတည်ပြုရန် နှစ်ဦးသဘောတူစာချုပ်များ၊သက်သေများ၏ လက်မှတ်များနှင့် ဒေသတွင်းအာဏာပိုင်အဖွဲ့များ၏ အတည်ပြုချက်များကို အသုံးပြုလာကြသည်။
အချို့စာရွက်စာတမ်းများတွင် ULA/AA နှင့်ဆက်စပ်သည့် အာဏာပိုင်အဖွဲ့များ၏လက်မှတ်များ သို့မဟုတ် တံဆိပ်တုံးများပါဝင်နေပြီးအရောင်းအဝယ်နှင့် ဆက်စပ်သည့် အခွန်များကိုလည်း ထိုအာဏာပိုင်အဖွဲ့များထံ ပေးဆောင်ထားကြောင်းတွေ့ရသည်။
ထို့ကြောင့် အဆိုပါအရောင်းအဝယ်များသည် ရောင်းသူနှင့်ဝယ်သူနှစ်ဦးကြား ပုဂ္ဂလိကစာချုပ်တစ်ရပ်မျှသာ မဟုတ်တော့ဘဲ ဒေသတွင်း အုပ်ချုပ်ရေးအာဏာပိုင်တရပ်၏အသိအမှတ်ပြုမှု၊မှတ်တမ်းတင်မှုနှင့် အခွန်ကောက်ခံမှုတို့ပါဝင်သည့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တရပ်သို့ ရောက်ရှိလာသည်။
၂၀၂၁–၂၀၂၄ အတွင်း ရခိုင်မိုးစပါးစိုက်ပျိုးဧရိယာ ၈၃ ရာခိုင်နှုန်းကျဆင်းခြင်းနှင့် လယ်ယာမြေအသုံးချနိုင်မှု အကျပ်အတည်း
အရေးပေါ်ကာလအတွင်း စားဝတ်နေရေးအခက်အခဲများနှင့်ငွေကြေးလိုအပ်ချက်များကြောင့် လယ်ယာမြေများကို ပုံမှန်အတိုင်း ထွန်ယက်စိုက်ပျိုးနိုင်ခြင်းမရှိတော့သည့်အပြင် အချို့လယ်ယာမြေပိုင်ရှင်များသည် အရေးပေါ်လိုအပ်ချက်များအရ မြေယာများကို ရောင်းချခြင်းများလည်း ပြုလုပ်လာကြသည်။
ထိုသို့ရောင်းချရာတွင် မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေများအရ တရားဝင်မြေယာလွှဲပြောင်းမှုအဖြစ် အသိအမှတ်ပြုနိုင်ခြင်းမရှိသည့် အရပ်စာချုပ်များဖြင့် ရောင်းချထားခြင်းများသည် ဥပဒေဘောင်အတွင်း မဝင်သဖြင့် နောင်တွင် မြေယာသိမ်းယူခံရပါက လျော်ကြေးရရှိနိုင်မည်မဟုတ်ကြောင်း ULA/AA ဘက်က တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။
ထို့အပြင် ထွန်ယက်စိုက်ပျိုးခြင်းမပြုတော့သည့် လယ်ယာမြေများကို ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်းလည်းULA/AAက ထုတ်ဖော်ပြောဆိုထားသည်။
ယင်းအခြေအနေများအရ ရခိုင်လယ်ယာမြေများ ပုံမှန်အသုံးချစိုက်ပျိုးနိုင်မှု မည်မျှကျဆင်းသွားသည်ကို စိုက်ပျိုးဧရိယာအချက်အလက်များဖြင့် ဆန်းစစ်ရန်လိုအပ်သည်။
ထို့ကြောင့် ဤနေရာတွင် UNDP ၏ အစီရင်ခံစာတွင်ဖော်ပြထားသည့် အချက်အလက်များကို အခြေခံ၍ ရခိုင်စပါးစိုက်ပျိုးဧရိယာ ကျဆင်းလာမှုကို သုံးသပ်ဖော်ပြမည်ဖြစ်သည်။
ရခိုင်မိုးစပါးစိုက်ပျိုးဧရိယာ ကျဆင်းလာမှု
Figure 1 ကို ကြည့်ရှုပါက ရခိုင်၏ မိုးစပါး (Monsoon Rice) စိုက်ပျိုးဧရိယာသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် သိသိသာသာကျဆင်းလာပြီး ၂၀၂၄ ခုနှစ်တွင် အလွန်ပြင်းထန်စွာ လျော့ကျသွားသည်ကို ရှင်းလင်းစွာ တွေ့ရသည်။
ဇယားအရ မိုးစပါးစိုက်ပျိုးဧရိယာမှာ…
· ၂၀၁၇ ခုနှစ် — ခန့်မှန်းအားဖြင့် ၂၉၀,၀၀၀ ဧက
· ၂၀၁၈ ခုနှစ် — ခန့်မှန်းအားဖြင့် ၂၁၀,၀၀၀ ဧက
· ၂၀၁၉ ခုနှစ် — ခန့်မှန်းအားဖြင့် ၂၄၀,၀၀၀ ဧက
· ၂၀၂၀ ခုနှစ် — ခန့်မှန်းအားဖြင့် ၃၂၅,၀၀၀ ဧက
· ၂၀၂၁ ခုနှစ် — ခန့်မှန်းအားဖြင့် ၃၂၀,၀၀၀ ဧက
· ၂၀၂၂ ခုနှစ် — ခန့်မှန်းအားဖြင့် ၂၁၅,၀၀၀ ဧက
· ၂၀၂၃ ခုနှစ် — ခန့်မှန်းအားဖြင့် ၁၉၅,၀၀၀ ဧက
· ၂၀၂၄ ခုနှစ် — ခန့်မှန်းအားဖြင့် ၅၅,၀၀၀ ဧက ဖြစ်သည်။
၂၀၂၀-၂၀၂၁ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးဧရိယာသည် ၃၂၀,၀၀၀-၃၂၅,၀၀၀ ဧကခန့်ထိ ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ၅၅,၀၀၀ ဧကခန့်သာ ကျန်ရှိတော့သည်။
ထို့ကြောင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မိုးစပါးစိုက်ပျိုးဧရိယာသည် ခန့်မှန်းအားဖြင့် ၈၃ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်ဟု တွက်ချက်နိုင်သည်။
ထို့အပြင် ၂၀၂၃ ခုနှစ်တွင် ခန့်မှန်းအားဖြင့် ၁၉၅,၀၀၀ ဧကရှိခဲ့သော မိုးစပါးစိုက်ပျိုးဧရိယာသည် ၂၀၂၄ ခုနှစ်တွင် ၅၅,၀၀၀ ဧကခန့်ထိ ကျဆင်းခဲ့သည်။
ယင်းသည် တနှစ်အတွင်း ၁၄၀,၀၀၀ ဧကခန့် လျော့ကျခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်နှုန်းခန့်ကျဆင်းခြင်းဖြစ်သည်။
ဤအချက်အလက်များသည် ရခိုင်လယ်ယာမြေများကို ပုံမှန်စိုက်ပျိုးအသုံးချနိုင်မှုသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွ င် တဖြည်းဖြည်းကျဆင်းလာပြီး ၂၀၂၄ ခုနှစ်တွင် အလွန်ထိခိုက်ခဲ့ကြောင်းပြသနေသည်။
၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်သောကျဆင်းမှုသည် စစ်မက်ပဋိပက္ခ၊လုံခြုံရေးအခြေအနေ၊သွားလာခွင့်နှင့် စိုက်ပျိုးရေးသွင်းအားစုများရရှိနိုင်မှုတို့အပေါ် သက်ရောက်မှုများကြောင့် လယ်သမားများအနေဖြင့် မိမိတို့၏လယ်ယာမြေများကို ပုံမှန်ထွန်ယက်စိုက်ပျိုးနိုင်ခြင်း မရှိတော့သည့်အခြေအနေကို ထင်ဟပ်စေနိုင်သည်။
ထို့ကြောင့်ရခိုင်စပါးစိုက်ပျိုးဧရိယာကျဆင်းလာမှုသည် စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်မှုတခုတည်းသာမဟုတ်ဘဲ ဒေသခံပြည်သူများ၏ စားနပ်ရိက္ခာလုံခြုံရေး၊ဝင်ငွေရရှိမှုနှင့် မြေယာပိုင်ဆိုင်မှုဆိုင်ရာ အခက်အခဲများနှင့်ပါ ဆက်စပ်စဉ်းစားရန်လိုအပ်သည်။
ပလပ်မြေသိမ်းဆည်းမည့် မူဝါဒ — စစ်ပွဲဒဏ်ခံတောင်သူများကို နှစ်ဆအပြစ်ပေးမည့်အန္တရာယ်
ULA/AA ၏ မြေယာစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒနှင့်ပတ်သက်၍ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးကျော်ဇံ၏ ပြောဆိုချက်များကို ကြည့်မည်ဆိုပါက လယ်ယာမြေကို စိုက်ပျိုးခြင်းမပြုဘဲထားခြင်းကို အရေးယူမည့်သဘောထားဖြစ်သည်။
၎င်းက ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လျှပ်ထားပါက ပ ထမအဆင့်တွင် ဒဏ်ကြေးပေးဆောင်စေခြင်း၊ဒုတိယအဆင့်တွင် လယ်ယာမြေမှ ဖယ်ရှားခြင်းနှင့် တတိယအဆင့်တွင် ပုံစံ(၇)ကို ပယ်ဖျက်ပြီး မြေယာကို ပြန်လည်သိမ်းဆည်းနိုင်ကြောင်း ပြောဆိုထားသည်။
ထို့အပြင် ခွင့်ပြုချက်မတင်ဘဲ လယ်ယာမြေကို သုံးနှစ်ဆက်တိုက်စွန့်ပစ်ထားပါက အဆိုပါမြေကို စိုက်ပျိုးခြင်းမရှိသည့် မြေလွတ်မြေရှင်းအဖြစ် မှတ်တမ်းတင်ပြီး အခြားသူတဦးဦးထံ ပြန်လည်ချထားပေးနိုင်ကြောင်းလည်း ဦးကျော်ဇံကဆိုထားသည်။
အဆိုပါ ပြောဆိုချက်များအရ ကြည့်မည်ဆိုလျှင် စည်းမျဉ်းများတွင် ကင်းလွတ်ခွင့်နှင့် အခြားသူထံ အငှားချထားနိုင်သည့် လမ်းကြောင်းများ ပါဝင်နေသဖြင့် တောင်သူများအတွက် အကာအကွယ်ရှိသည်ဟုယူဆနိုင်သည်။
သို့သော်လက်တွေ့ရခိုင်၏ စစ်မက်ပဋိပက္ခအခြေအနေကို ထည့်သွင်းစဉ်းစားပါက အဆိုပါစနစ်သည် လုံလောက်သောအကာအကွယ်ဖြစ်ပါသလားဆိုသည်မှာ အရေးကြီးသည်။
ပထမဆုံး မေးခွန်းမှာ “ခိုင်လုံသောအကြောင်းပြချက်”ကို မည်သူက သတ်မှတ်မည်နည်းဆိုခြင်းဖြစ်သည်။
ဦးကျော်ဇံ၏ ပြောဆိုချက်အရ စိုက်ပျိုးနိုင်ခြင်းမရှိသည့် တောင်သူများသည်သက်ဆိုင်ရာဌာနသို့ အကြောင်းပြချက်တင်ပြရမည်ဖြစ်သည်။
သို့သော် စစ်ပွဲကြောင့် နေရပ်စွန့်ခွာနေရသူ၊လယ်မြေသို့ သွားရောက်ရန် လုံခြုံရေးအန္တရာယ်ရှိသူ၊လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေသူ သို့မဟုတ် စိုက်ပျိုးရေးအရင်းအနှီးနှင့်သွင်းအားစုများမရရှိသူများအနေဖြင့် ထိုအုပ်ချုပ်ရေးယန္တရားထံသို့စာတင်ပြနိုင်မည်လား။ တင်ပြပါက အမှန်တကယ် လွတ်လပ်မျှတစွာ စိစစ်ပေးမည်လားဆိုသည်မှာ ရှင်းလင်းရန်လိုအပ်သည်။
စစ်ပွဲကြောင့် မစိုက်ပျိုးနိုင်ခြင်းနှင့် တမင်တကာစွန့်ပစ်ထားခြင်းကို မည်သို့ခွဲခြားမည်နည်းဆိုခြင်းဖြစ်သည်။
ရခိုင်၏လက်ရှိအခြေအနေတွင် လယ်ယာမြေတခု ပလပ်ဖြစ်နေခြင်းသည် တောင်သူကစိုက်ပျိုးလိုစိတ်မရှိသောကြောင့်ဖြစ်သည်ဟု တဖက်သတ် သတ်မှတ်၍မရပေ။
လုံခြုံရေး၊စစ်ရေး၊နေရပ်စွန့်ခွာမှု၊ငွေကြေးအခက်အခဲနှင့် စိုက်ပျိုးရေးအခြေခံအဆောက်အအုံများ ပျက်စီးမှုတို့သည် လယ်မထွန်နိုင်ခြင်း၏အကြောင်းရင်းများဖြစ်နိုင်သည်။
“သုံးနှစ်ဆက်တိုက် စွန့်ပစ်ထားပါက မြေလွတ်မြေရိုင်းအဖြစ် မှတ်တမ်းတင်ပြီး အခြားသူထံ ပြန်လည်ချထားပေးနိုင်သည်။”ဆိုသည့် သဘောထားကို အလေးထားစဉ်းစားရန်လိုအပ်သည်။
အကြောင်းမှာ စစ်ပွဲသည် နှစ်များစွာကြာမြင့်လာပါက တောင်သူတဦးအနေဖြင့် မိမိပိုင်မြေကို နှစ်နှစ်၊ သုံးနှစ် သို့မဟုတ် ထို့ထက်ပို၍ မစိုက်ပျိုးနိုင်သည့် အခြေအနေဖြစ်ပေါ်နိုင်သောကြောင့် ဖြစ်သည်။
ထိုအခြေအနေတွင် စစ်ပွဲကြောင့်လယ်မထွန်နိုင်ခဲ့ခြင်းကို အကြောင်းပြ၍ မြေယာလုပ်ပိုင်ခွင့်ကို ပြန်လည်သိမ်းယူမည်ဆိုပါက စစ်ပွဲကြောင့် နစ်နာခဲ့သူကို စစ်ပွဲ၏နောက်ဆက်တွဲအဖြစ် ထပ်မံနစ်နာစေခြင်းဖြစ်လာနိုင်သည်။
ထို့အပြင် “ကိုယ်တိုင်မစိုက်ပျိုးနိုင်ပါက အခြားသူထံ အထားချထားရန်”ဆိုသည့် အကြံပြုချက်သည် စာရွက်ပေါ်တွင်လွယ်ကူသော်လည်း လက်တွေ့တွင် အလွယ်တကူအကောင်အထည်ဖော်နိုင်မည်ဟု မဆိုနိုင်ပေ။
စစ်မက်ပဋိပက္ခဖြစ်ပွားနေသည့် ဒေသတွင် အခြားတောင်သူတဦးက လယ်မြေကို အထားယူပြီး စိုက်ပျိုးရန်အန္တရာယ်နှင့် အရင်းအနှီးကို ခံယူလိုမည်လားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။
ထို့ကြောင့် “မစိုက်ပျိုးနိုင်ရင်အထားချ ”ဆိုသည့် ဖြေရှင်းချက်သည် စစ်ပွဲအခြေအနေ၏အမှန်တကယ် အခက်အခဲကို ဖြေရှင်းပေးနိုင်သည့် နည်းလမ်းဟု တထစ်ချမယူဆသင့်ပေ။
ပိုမိုအရေးကြီးသည်မှာ လယ်ယာမြေကို ပြန်လည်သိမ်းဆည်းခြင်းသည်တောင် သူတဦး၏ဝင်ငွေရင်းမြစ်ကို ဆုံးရှုံးစေခြင်းသာမက မိသားစု၏အနာဂတ်အသက်မွေးဝမ်းကျောင်းကိုပါ ထိခိုက်စေနိုင်သည်။
ထို့ကြောင့် “ဒဏ်ကြေး-မြေမှဖယ်ရှားခြင်း- ပုံစံ (၇) ပယ်ဖျက်ခြင်း-မြေသိမ်းခြင်း”ဟူသည့် အဆင့်ဆင့်အရေးယူမှု သည် စိုက်ပျိုးရေးကို အားပေးသည့် မူဝါဒတခုအဖြစ်သာမက မြေယာအပေါ် အုပ်ချုပ်ရေးအာဏာကို အလွန်ကျယ်ပြန့်စွာအသုံးချနိုင်သည့်ယန္တရားအဖြစ်လည်း မြင်နိုင်သည်။
ထို့ကြောင့် ULA/AA အနေဖြင့် “လယ်ယာမြေကို အလဟသမပစ်ထားရ”ဆိုသည့် မူဝါဒကို ချမှတ်ရာတွင် “မစိုက်ပျိုးနိုင်ခြင်း”၏ အကြောင်းရင်းကို အရင်ဆုံးဖြေရှင်းသင့်သည်။
စစ်ပွဲကြောင့် လယ်မထွန်နိုင်သူကို အရေးယူမည့်အစား လုံခြုံစွာလယ်ယာမြေသို့ ပြန်လည်ဝင်ရောက်နိုင်ရေး၊မြေမြှုပ်မိုင်းနှင့် ကျန်လက်နက်အန္တရာယ်များကို ဖြေရှင်းနိုင်ရေး၊စိုက်ပျိုးရေးသွင်းအားစုနှင့် ငွေကြေးအထောက်အပံ့များရရှိနိုင်ရေးတို့ကို ဦးစားပေးသင့်သည်။
အဆုံးတွင်မေးရမည့်မေးခွန်းမှာ“လယ်မြေကို ဘာကြောင့်မစိုက်ပျိုးနိုင်တာလဲ ။”ဟူ၍သာဖြစ်ပြီး“ဘာကြောင့် မစိုက်ပျိုးတာလဲ။”ဟူ၍မဟုတ်ပေ။
ထိုမေးခွန်းနှစ်ခုကို မခွဲခြားနိုင်ပါက စားနပ်ရိက္ခာဖူလုံရေးအတွက်ရည်ရွယ်သည့် မြေယာမူဝါဒသည် စစ်ပွဲဒဏ်ခံတောင်သူများ၏မြေယာလုပ်ပိုင်ခွင့်ကို ထပ်မံဆုံးရှုံးစေသည့် မူဝါဒအဖြစ် ပြောင်းလဲသွားနိုင်သည်။
စစ်ပွဲကြောင့် လယ်မထွန်နိုင်ခဲ့သည့် တောင်သူကို မြေမစိုက်ပျိုးခြင်းအတွက် အပြစ်ပေးပြီး နောက်ဆုံးတွင်မြေယာကိုပါ ပြန်လည်သိမ်းယူခြင်းသည် စစ်ပွဲ၏ပထမအကြိမ်နစ်နာမှုအပေါ် အုပ်ချုပ်ရေးအာဏာဖြင့် ဒုတိယအကြိမ် ထပ်မံအပြစ်ပေးခြင်းမဖြစ်စေရန် အထူးသတိထားရမည်ဖြစ်သည်။
အခြားသူတဦးဦးဆိုတာ မည်သူနည်း
“အခြားသူတဦးဦးထံ ပြန်လည်ချထားပေးမည်။” ဆိုရာတွင် — မည်သူ့ကို၊ မည်သည့်စံနှုန်းဖြင့် ချထားပေးမည်နည်း။
ULA/AA၏ မြေယာစီမံခန့်ခွဲမှုဆိုင်ရာ ပြောဆိုချက်များအနက် အထူးစိုးရိမ်ဖွယ်ရာအချက်တခုမှာ လယ်ယာမြေကို ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ သုံးနှစ်ဆက်တိုက် စွန့်ပစ်ထားပါက အဆိုပါမြေကို စိုက်ပျိုးခြင်းမရှိသည့် မြေလွတ်မြေရှင်းအဖြစ် မှတ်တမ်းတင်ပြီး အခြားသူတဦးဦးထံ ပြန်ချထားပေးနိုင်သည်ဟူသည့်အချက်ဖြစ်သည်။
ဦးကျော်ဇံ၏ပြောဆိုချက်အရ အဆိုပါမူဝါဒ၏ရည်ရွယ်ချက်မှာ မြေယာများကို အလဟသမဖြစ်စေဘဲ စိုက်ပျိုးလုပ်ကိုင်နိုင်သူများထံ ပြန်လည်ချထားပေးရန်ဖြစ်ပုံရသည်။
သို့သော်…
ဤနေရာတွင် အရေးကြီးဆုံးမေးခွန်းမှာ“အခြားသူတဦးဦး”ဆိုသည်မှာ မည်သူနည်းဟူသည့်အချက်ပင်ဖြစ်သည်။
မည်သည့်လူကို မြေချထားပေးမည်ဆိုသည်ကို မည်သည့်စံနှုန်းဖြင့် ဆုံးဖြတ်မည်နည်း။
လယ်ယာလုပ်ငန်းကို အမှန်လုပ်ကိုင်နိုင်သူကို ဦးစားပေးမည်လား။
ဒေသခံတောင်သူများကို ဦးစားပေးမည်လား။
နေရပ်စွန့်ခွာခဲ့သူများ၏မြေများကို ပြန် လည်ခွဲဝေပေးမည်လား။
သို့မဟုတ် အုပ်ချုပ်ရေးအာဏာရှိသူများနှင့်နီးစပ်သူများ၊အဖွဲ့အစည်းအပေါ် သစ္စာရှိသူများကို ဦးစားပေးချထားပေးမည်လား။
ဤမေးခွန်းများအတွက် ပွင့်လင်းမြင်သာသောစံနှုန်း၊လူထုသိရှိနိုင်သည့် မြေယာစာရင်းနှင့်လွတ်လပ်သော အယူခံစနစ်မရှိပါက “အခြားသူထံ ပြန် လည်ချထားပေးခြင်း”ဆိုသည့် အာဏာသည် အလွယ်တကူအာဏာအလွှဲသုံးစားမှုဖြစ်လာနိုင်သည်။
စစ်မက်ပဋိပက္ခကာလတွင် မြေယာပိုင်ဆိုင်မှုနှင့်လုပ်ပိုင်ခွင့်များသည် အလွန်အမင်းထိလွယ်ရှလွယ်ဖြစ်သည်။
စစ်ပွဲကြောင့် မိမိလယ်မြေကို စွန့်ခွာထွက်ပြေးခဲ့ရသူတဦးသည် နှစ်အတော်ကြာပြန်မလာနိုင်ခြင်းရှိနိုင်သည်။
ထိုအခြေအနေကို “စွန့်ပစ်ထားသည်” ဟု သတ်မှတ်ပြီး အခြားသူတဦးထံ ပြန်လည်ချထားပေးလိုက်ပါက နေရပ်စွန့်ခွာခဲ့ရသူသည် စစ်ပွဲကြောင့် တကြိမ်မြေဆုံးရှုံးပြီး အုပ်ချုပ်ရေးဆုံးဖြတ်ချက်ကြောင့် ဒုတိယအကြိမ် မြေဆုံးရှုံးရသည့်အခြေအနေဖြစ်လာနိုင်သည်။
ထို့ထက်ပို၍ အရေးကြီးသည်မှာ “အခြားသူ” ကို ရွေးချယ်ပေးသည့် လုပ်ငန်းစဉ်ကို မည်သူကစောင့်ကြည့်မည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။
မြေသိမ်းယူနိုင်သည့် အာဏာကိုကိုင်ထားသူကပင် ထိုမြေကို မည်သူ့ထံ ပြန်လည်ပေးမည်ကို ဆုံးဖြတ်နိုင်ပါက ဆုံးဖြတ်ချက်ချသူနှင့် အကျိုးခံစားခွင့်ရသူကြား အာဏာဆိုင်ရာအကျိုးစီးပွားပဋိပက္ခဖြစ်ပေါ်နိုင်သည်။
ထို့ကြောင့် ဤနေရာတွင် “ULA/AA က မိမိတို့နှစ်သက်သူများကို မြေပေးနေသည်။”ဟု အထောက်အထားမရှိဘဲ စွပ်စွဲခြင်းထက် ပိုမိုပြင်းထန်ပြီး အဓိပ္ပာယ်ရှိသည့် မေးခွန်းမှာ — “မြေသိမ်းနိုင်တဲ့အာဏာရှိသူက မြေကိုပြန်ပေးမယ့်သူကိုပါ ကိုယ်တိုင်ရွေးချယ်နိုင်တဲ့စနစ်မှာ အာဏာအလွဲသုံးစားမှုမဖြစ်ကြောင်း ဘယ်လိုအာမခံမလဲ။”ဆိုသည့်မေးခွန်းပင်ဖြစ်သည်။
မြေယာပြန်လည်ခွဲဝေခြင်းသည် အုပ်ချုပ်ရေးအာဏာရှိသူ၏ဆုံးဖြတ်ချက်တခုတည်းဖြင့် ဆောင်ရွက်သင့်သည့် ကိစ္စမဟုတ်ပေ။
မည်သူ၏မြေကို သိမ်းယူသည်၊ မည်သည့်အကြောင်းပြချက်ဖြင့် သိမ်းယူသည်။ မည်သူ့ထံပြန်ပေးသည်။ မည်သည့်စံနှုန်းဖြင့် ပေးသည်။ မူလလုပ်ပိုင်ခွင့်ရှိသူက ကန့်ကွက်နိုင်သည့်အခွင့် အရေးရှိမရှိ၊ဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်မဝင်နိုင် စသည့်အချက်များအားလုံးသည် ပွင့်လင်းမြင်သာရန်လိုအပ်သည်။
မဟုတ်ပါက“ပလပ်မြေကို ပြန်လည်အသုံးချရန်”ဟူသည့် ကောင်းမွန်သော ရည်ရွယ်ချက်သည်“မိမိတို့ဆုံးဖြတ်ချက်ဖြင့် မြေကို သိမ်းယူပြီး မိမိတို့ရွေးချယ်သူထံ ပြန်ပေးနိုင်သည့် မြေယာအာဏာစနစ်”အဖြစ် ပြောင်းလဲသွားနိုင်သည်။
ထို့ကြောင့် ULA/AA အနေဖြင့် အခြားသူများထံ မြေပြန်လည်ချထားပေးမည့် မူဝါဒကို အကောင်အထည်ဖော်မည်ဆိုပါက မြေချထားပေးမည့်စံနှုန်းများကို အများပြည်သူသိရှိနိုင်အောင် ထုတ်ပြန်ခြင်း၊လွတ်လပ်သောမြေယာစိစစ်ရေးအဖွဲ့ ထားရှိခြင်း၊မူလလုပ်ပိုင်ခွင့်ရှိသူ များအတွက် အယူခံခွင့်ပေးခြင်းနှင့် မြေပြန်လည်ခွဲဝေမှုများကို မှတ်တမ်းတင်၍ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းတို့ကို ပြုလုပ်ရန်လိုအပ်သည်။
အကြောင်းမှာ မြေသိမ်းယူနိုင်ခြင်းထက်ပင် ပိုမိုအန္တရာယ်ရှိသည့်အရာမှာ “ဘယ်သူ့မြေကိုသိမ်းမည်”နှင့် “ဘယ်သူ့ကို ပြန်ပေးမည်။”ဆိုသည့် ဆုံးဖြတ်ချက်ကို အာဏာရှိသူတဖက်တည်းကထိန်းချုပ်နိုင်ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း တသိန်းလေးသောင်းဧကရှိဖြစ်ကြောင်းတွေ့ရှိရသည်။
ဦးကျော်ဇံအဆိုအရသုံးနှစ်အတွင်း မြေယာကို အသုံးမချပါက မြေယာကို သိမ်းနိုင်သည်ဟုဆိုထားသဖြင့် လာမည့် ၂၀၂၇ တွင် ULA/AA သည် လယ်မြေဧကတသိန်းလေးသောင်းကို သိမ်းယူနိုင်တော့မည်ဖြစ်သည်။
ထို့ကြောင့် စစ်မက်ပဋိပက္ခကြောင့် မစိုက်ပျိုးနိုင်ခြင်းနှင့် တမင်တကာစွန့်ပစ်ထားခြင်းကို ခွဲခြားသတ်မှတ်ရန် လယ်ယာမြေကို မစိုက်ပျိုးနိုင်ခြင်း၏ အကြောင်းရင်းကို တဦးချင်း၏ စိစစ်သင့်ပြီး စစ်ပွဲ၊နေရပ်စွန့်ခွာခြင်း၊လုံခြုံရေးအန္တရာယ်၊သဘာဝဘေးနှင့် စီးပွားရေးအခက်အခဲများကြောင့် ဖြစ်ပေါ်လာသော ပလပ်မြေများကို အရေးယူမှုမှ ကင်းလွတ်ခွင့်ပြုသင့်သည်။
ထိုမြေယာလုပ်ပိုင်ခွင့် ပယ်ဖျက်ခြင်းကို နောက်ဆုံးနည်းလမ်းအဖြစ်သာ အသုံးပြုရန် ဒဏ်ကြေးပေးဆောင်စေခြင်း၊ သတိပေးခြင်းနှင့်ပြန်လည်စိုက်ပျိုးရန် အချိန်ပေးခြင်းတို့ကို ဦးစားပေးပြီး မြေယာလုပ်ပိုင်ခွင့် ပယ်ဖျက်ခြင်းနှင့်သိမ်းဆည်းခြင်းကို အလွယ်တကူမပြုလုပ်သင့်ပေ။
ထိုအပြင်မြေသိမ်းဆည်းမှုအတွက် လွတ်လပ်ပြီး ပွင့်လင်းမြင်သာသော စိစစ်ရေးစနစ်ထားရှိရန် မြေယာကို သိမ်းဆည်းမည့်ဆုံးဖြတ်ချက်ကို အုပ်ချုပ်ရေးအာဏာရှိသူတဖက်တည်းက ချမှတ်ခြင်းမပြု၊လွတ်လပ်သောမြေယာစိစစ်ရေးအဖွဲ့ဖြင့် စစ်ဆေးသင့်သည်။
ထိုမူလလုပ်ပိုင်ခွင့်ရှိသူများအတွက် အယူခံခွင့် အပြည့်အဝပေးရန် မြေယာလုပ်ပိုင်ခွင့်ပယ်ဖျက်ခြင်း သို့မဟုတ် မြေသိမ်းဆည်းခြင်းမပြုမီ ကြိုတင်အသိပေးခြင်း၊ကြားနာခွင့်နှင့်ဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်သည့် လွတ်လပ်သောယန္တရားတရပ်ရှိသင့်သည်။
ထို“အခြားသူတဦးဦးထံ ပြန်လည်ချ ထားပေးခြင်း”အတွက် တိကျသောစံနှုန်းများသတ်မှတ်ရန် မည်သူကိုမြေပြန်လည်ချထားပေးမည်ဆိုသည်ကို အုပ်ချုပ်ရေးအာဏာရှိသူများ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ်မထားဘဲ လူသိရှင်ကြားထုတ်ပြန်ထားသည့် စံနှုန်းများဖြင့်သာ ဆုံးဖြတ်သင့်သည်။ မျက်နှာသာပေးခြင်းနှင့် အာဏာအလွှဲသုံးစားမှုမဖြစ်စေရန် စောင့်ကြည့်ရေးစနစ်လည်း လိုအပ်သည်။
ထိုအပြင် နေရပ်စွန့်ခွာသူများ၏ မြေယာအခွင့်အရေးကိုအထူးကာကွယ်ရန် စစ်ပွဲကြောင့် နေရပ်စွန့်ခွာနေရသူများ၏မြေများကို “စွန့်ပစ်မြေ” ဟု အလွယ်တကူသတ်မှတ်ခြင်းမပြုသင့်ဘဲ ၎င်းတို့ ပြန်လည်နေထိုင်နိုင်သည့်အချိန်ထိ မြေယာလုပ်ပိုင်ခွင့်ကို ကာကွယ်ပေးသင့်သည်။
ထိုမြေသိမ်းခြင်းထက် စိုက်ပျိုးနိုင်အောင် ကူညီပေးခြင်းကို ဦးစားပေးရန် တောင်သူများမစိုက်ပျိုးနိုင်သည့် အကြောင်းရင်းများကို ဖြေရှင်းပေးရန် မျိုးစေ့၊ဓာတ်မြေဩဇာ၊မျိုးစေ့၊စိုက်ပျိုးရေးနည်းပညာနှင့် လုံခြုံစွာလယ်ယာမြေသို့ ဝင်ရောက်နိုင်ရေးတို့ကို ဦးစားပေးသင့်သည်။
ထိုမြေယာပြန်လည်ခွဲဝေမှုများကို လူထုသိရှိနိုင်အောင်ထုတ်ပြန်ရန် သိမ်းဆည်းထားသည့်မြေဧရိယာ၊သိမ်းဆည်းရသည့်အကြောင်းရင်း၊ပြန်လည်ချထားပေးသည့်သူနှင့်ချထားပေးသည့် စံနှုန်းတို့ကိုပွင့်လင်းမြင်သာစွာ မှတ်တမ်းတင်ထုတ်ပြန်သင့်သည်။
ထိုအပြင် လူ့အခွင့်အရေးအခြေခံမြေယာမူဝါဒချမှတ်ရန် မြေယာစီမံခန့်ခွဲမှု၏အဓိကရည်ရွယ်ချက်ကို စိုက်ပျိုးရေးထုတ်လုပ်မှုတိုးမြှင့်ရေးတခုတည်းမဟုတ်ဘဲ မြေယာလုံခြုံမှု၊အသက်မွေးဝမ်းကျောင်းအခွင့်အရေး၊တရားမျှတမှု၊ခွဲခြားဆက်ဆံမှုကင်းရှင်းရေးတို့နှင့် ပေါင်းစပ်စဉ်းစားသင့်ပေသည်။
ထိုအချက်များကို အကောင်အထည်မဖော်မလိုက်နာဘဲ အတင်းအဓမ္မလယ်ယာမြေများကို သိမ်းယူနေမည်ဆိုပါကရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)သည် တောင်သူလယ်သမားများအပါအဝင် ပြည်သူလူထုတရပ်လုံး၏ယုံကြည်ထောက်ခံမှုကျဆင်းလာမည့်အပြင် နိုင်ငံတကား၏ အရေးယူအပြစ်ပေးခြင်းများကိုလည်း မလွှဲမသွေခံရမည်ဖြစ်သည်။
အောက်ခြေမှတ်ချက်များ…
၁။(The Land Nationalisation Act, 1953 Myanmar Law Library)
၂။(OECD)
၃။(ECOLEX)
၄။(The Law Safeguarding Peasant Rights, 1963 Myanmar Law Library









