Border News Agency
ဝါရှင်တန်၊ မတ် ၇။
အီရန်နဲ့စစ်ပွဲဖြစ်ပွားနေချိန်အတွင်း ပါရှန်းပင်လယ်ကွေ့ဒေသမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တင်ပို့သူတွေ ယုံကြည်မှုရှိရှိ ဆက်လက်ကုန်သွယ်နိုင်ဖို့အတွက် ဒေါ်လာ ၂၀ ဘီလီယံအထိ အာမခံပေးသွားမယ်လို့ အမေရိကန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ဘဏ္ဍာရေးကော်ပိုရေးရှင်း (DFC) က မတ်လ ၆ ရက်၊မနေ့က ထုတ်ပြန်ပါတယ်။
အီရန်ကမ်းလွန်ရှိ ဟော်မုဇ်ရေလက်ကြား မှာရေနံနဲ့ LNG တင်သင်္ဘောတွေသွားလာမှု ရပ်တန့်လုနီးပါး ဖြစ်နေတာကြောင့် သမ္မတ ဒေါ်နယ်ထရန့်က DFC ကို ရေကြောင်းကုန်သွယ်မှုအတွက် နိုင်ငံရေးအရ စွန့်စားရမှုအာမခံနဲ့ ဘဏ္ဍာရေးအာမခံချက်တွေ ပေးဖို့ အမိန့်ပေးခဲ့တာပါ။
အဲဒီ အပြင် အမေရိကန်ရေတပ်ကလည်း ပင်လယ်ကွေ့အတွင်း သင်္ဘောတွေကို လိုက်ပါစောင့်ရှောက်ပေးနိုင်တယ်လို့ ထရန့်က ဆိုပါတယ်။
အဲဒီ ဟော်မုဇ်ရေလက်ကြားတလျှောက် ရေနံတင်ပို့မှုတွေဟာ တိုက်ခိုက်မှုတွေကြောင့် အကြီးအကျယ်ပိတ်ဆို့နေပြီး အာမခံကြေးတွေလည်း အဆမတန် မြင့်တက်နေပါတယ်။
အဲဒါကြောင့် အမေရိကန်ရဲ့ အခုအစီအစဉ်ဟာ သင်္ဘောကိုယ်ထည်၊ စက်ယန္တရားနဲ့ ကုန်စည်အာမခံချက်တွေအပေါ် အဓိကထားမှာဖြစ်ပြီး ဒေသတွင်း ကုန်သွယ်မှု ပြန်လည်ပတ်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။






