Border News Agency
ဂန့်ဂေါ၊ မေ ၄။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာရှိ အာဏာသိမ်းစစ်တပ်စခန်းကို မေလ ၄ ရက်၊ ဒီနေ့ နေ့လည်က စစ်ရဟတ်ယာဉ်နဲ့ အင်အားဖြည့်တင်းနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီစစ်ရဟတ်ယာဥ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ ကွပ်ကဲအောက်ရှိဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)လက်အောက်ခံ၊ အမှတ် ၂၂၈ ခြေလျင်တပ်ရင်းက လာတာလို့ဆိုကြပါတယ်။
အဲဒီရဟတ်ယာဉ်ဟာ ဒီနေ့၊ နေ့လည် ၁၁ နာရီ ၅၁ မိနစ်အချိန်ခန့်က ဟံသာဝတီစခန်းကို ဆင်းသက်ခဲ့ပြီး စစ်သည်အင်အားနဲ့ရိက္ခာတွေ ပို့ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။
အဲဒီရဟတ်ယာဉ်ဟာ ကလေးမြို့ကို ပြန်သွားပြီး နောက်ထပ်လာနေတာမို့ အကြိမ်ကြိမ်အင်အားဖြည့်တင်းဖို့နေတာလို့ ဒေသတွင်းစစ်ရေးလေ့လာသူတွေက ဆိုကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်၊ ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်တာမို့ ဟံသာဝတီဘက်ကို အင်အားထပ်ဖြည့်ပြီး ဒေသခံပျူစောထီးတွေနဲ့ ပေါင်းကာ ဂန့်ဂေါ-ကလေး ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်စိုးမိုးဖို့ ကြိုးစားလာနိုင်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် မကြာခင်မှာ ထိုးစစ်တွေ လုပ်လာနိုင်တာမို့ ဒေသခံပြည်သူတွေ စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။






