Border News Agency
ရန်ကုန်၊ မေ ၁၆။
ဈေးကွက်အတွင်းရောင်းချနေတဲ့ တောင်ကြာပန်းအပါအဝင်အမျိုးသားအားတိုးဆေး ၆ မျိုးမှာ အနောက်တိုင်းဆေးဝါးတွေရောနှောပါဝင်နေတာကြောင့် အများပြည်သူအနောက်တိုင်းဆေးဝါးတွေမသုံးစွဲကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သတိပေးလိုက်ပါတယ်။
တိုင်းရင်းဆေးပညာဦးစီးဌာနရဲ့ ဓာတ်ခွဲစစ်ဆေးချက်တွေအရ ဆင်ပြောင်ကြီး၊ နတ်စည်းစိမ်၊ ဇော်ဂျီလက်စွဲ၊ တောင်ကြာပန်းနဲ့ ဘီလူးငါးကောင်အမှတ်တံဆိပ်အားဆေးတွေဟာ လိုင်စင်ရှိသော်လည်း မူလတင်ပြထားတဲ့ ဆေးဖော်စပ်နည်းအတိုင်းမဟုတ်ဘဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။
အဲဒီတိုင်းရင်းဆေးတွေထဲမှာ အနောက်တိုင်းဆေးဝါးတွေဖြစ်တဲ့ Sildenafil (ဆီလ်ဒင်နာဖေးလ်) နဲ့ Tadalafil (တာဒါလာဖေးလ်) ကဲ့သို့သော ဓာတုဆေးဝါးတွေ ရောနှောပါဝင်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရတာပါ။
ဒါ့အပြင် Double X အမှတ်တံဆိပ်အားတိုးဆေးဟာလည်း တိုင်းရင်းဆေးမှတ်ပုံတင်နဲ့ လိုင်စင်လုံးဝမရှိဘဲ ထုတ်လုပ်ရောင်းချနေတာဖြစ်ပြီး အဲဒီဆေးမှာလည်း အနောက်တိုင်းဆေးဝါးတွေ ရောနှောပါဝင်နေတယ်လို့ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက အဲဒီစံမညီဆေးဝါးတွေကို တင်သွင်းဖြန့်ဖြူးရောင်းချတာမလုပ်ကြဖို့တားမြစ်ထားပြီး လိုက်နာမှုမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ ၃၁၊ ၃၂ တို့အရ တရားစွဲဆိုထိရောက်စွာအရေးယူသွားမယ်လို့ အသိပေးထားပါတယ်။




