Border News Agency
အီရန်၊မေ ၁၇။
ကမ္ဘာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ သုံးပုံတပုံနီးပါး ဖြတ်သန်းရာ ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေဆီကနေ အခွန်ကောက်ခံမယ့် စနစ်အပါအဝင် ရေကြောင်းထိန်းချုပ်မယ့် အစီအစဉ်ကို မကြာခင် ထုတ်ပြန်တော့မယ်လို့ အီရန်အစိုးရက ပြောပါတယ်။
ဒုသမ္မတ မိုဟာမက်ရီဇာအာရက်ဖ်ကလည်း ရေလက်ကြားကို ဖြတ်ပြီး ရန်သူ့စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်ခွင့်ကို လုံးဝခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ငြိမ်းချမ်းရေးသဘောတူညီချက် အမြန်မရရင် အီရန်အနေနဲ့ တော်တော်လေး ဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံရလိမ့်မယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာလည်း စစ်သင်္ဘောတွေ ဝိုင်းနေတဲ့ AI နဲ့ လုပ်ထားတဲ့ သူ့ပုံကိုတင်ပြီး ဒါဟာ မုန်တိုင်းမလာခင် ငြိမ်သက်နေတဲ့ ကာလပဲ လို့ ရေးသားပြီး ဖိအားပေးခဲ့ပါတယ်။
ပါကစ္စတန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ လုပ်နေတဲ့ အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ နှစ်ဖက်စလုံးက အဆိုပြုချက်တွေကို ငြင်းပယ်ခဲ့ကြလို့ လတ်တလောမှာ ရပ်တန့်နေပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ခ်ချီကတော့ ဆွေးနွေးပွဲပြန်စဖို့ အမေရိကန်ဘက်က အရိပ်အယောင်ပြပေမဲ့ အမေရိကန်ကို လုံးဝမယုံကြည်ဘူးလို့ ပြောပါတယ်။
အီရန်ဘက်ကတော့ ဒီစစ်ပွဲကြောင့် ဒေသတွင်းတင်မကဘဲ အမေရိကန်ပြည်တွင်းမှာပါ လောင်စာဆီဈေးတွေ တက်၊ငွေကြေးဖောင်းပွပြီး အမေရိကန်ပြည်သူတွေပါ စီးပွားရေးအရ ထိခိုက်နေတယ်လို့ ဆိုပါတယ်။
ဝေဖန်သူတွေကလည်း လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကြောင့် ထရမ့်မှာ ဖိအားရှိနေပြီး အီရန်ကတော့ ဒါကို အချိန်ဆွဲပြီး စောင့်ကြည့်မယ့်သဘော ရှိတယ်လို့ သုံးသပ်ကြပါတယ်။
အမေရိကန်က စစ်ပွဲအမြန်ရပ်ချင်ပေမယ့်အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ အီရန်နဲ့ စစ်ပွဲမပြီးသေးကြောင်း အီရန်ရဲ့ နျူကလီးယားသိုလှောင်မှုတွေကို ဖျက်ဆီးဖို့ လိုအပ်နေသေးကြောင်း ပြောထားတာကြောင့် ထရမ့်အနေနဲ့ အစ္စရေးကို အပစ်ရပ်ဖို့ ဖိအားပေးနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။






